ကမ္ဘာဦးကျမ်း
အခန်းကြီး ၄၅
ယောသပ် အစ်ကိုတို့ထံ မိမိကိုယ်ကိုကိုယ် ဖွင့်ပြော
၁ ထိုအခါ ယောသပ်သည် မိမိထံ၌ ရှိသောသူအပေါင်းတို့ရှေ့တွင်၊ ဣန္ဒြေကို မချုပ်တည်းနိုင်သောကြောင့်၊ လူအပေါင်းတို့ ငါ့ထံမှထွက်သွားကြ ဟုဟစ်၍၊ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အား ပြသောအခါ၊ အခြားသောသူ တစ်ယောက်မျှမရှိရ။ ၂ သူသည်လည်း ကျယ်သောအသံနှင့် ငိုကြွေး၏။ အဲဂုတ္တုလူတို့သည် နန်းတော်တိုင်အောင် ကြားကြ၏။ ၃ အစ်ကိုတို့အားလည်း၊ ကျွန်ုပ်သည် ယောသပ်ဖြစ်၏။ ကျွန်ုပ်အဘသည် အသက်ရှင်သေးသလော ဟုဆို၏။ အစ်ကိုတို့သည် စကားတုံ့ပြန်၍ မပြောနိုင်အောင် သူ့ရှေ့မှာ မိန်းမောတွေဝေလျက်နေ၏။ ၄ ယောသပ်ကလည်း၊ ကျွန်ုပ်အနီးအပါးသို့ လာကြပါလော့ ဟုအစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါးသို့ ချဉ်းလာကြ၏။ သူကလည်း ကျွန်ုပ်သည် အဲဂုတ္တုပြည်သို့ ရောင်းလိုက်သော သင်တို့ညီ ဖြစ်ပါ၏။
ဘုရားကသူ့ကို အဲဂုတ္တုပြည်သို့ စေလွှတ်ဟုဆို
၅ သို့ရာတွင် သင်တို့သည်၊ ကျွန်ုပ်ကို ဤအရပ်သို့ ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကို အမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရားသခင်သည် လူတို့အသက်ကို စောင့်မစေခြင်းငှာ သင်တို့ရှေ့မှာ ကျွန်ုပ်ကို စေလွှတ်တော်မူပြီ။၆ မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ်ရှိသေး၏။ ၇ ဘုရားသခင်သည် သင်တို့ကို မြေကြီးပေါ်မှာကျန်ကြွင်းစေခြင်းငှာ၎င်း၊ ကြီးစွာသော ကယ်တင်ခြင်းအားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှာ၎င်း၊ သင်တို့ရှေ့မှာ ကျွန်ုပ်ကို စေလွှတ်တော်မူပြီ။ ၈ သို့ဖြစ်၍ သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ စေလွှတ်သည်မဟုတ်၊ ဘုရားသခင် စေလွှတ်တော်မူသတည်း။ ကျွန်ုပ်ကို ဖာရောဘုရင်၏ အဘအရာ၌၎င်း၊ နန်းတော်အုပ်အရာ၌၎င်း၊ အဲဂုတ္တုပြည်ကို အုပ်စိုးသော သခင်အရာ၌၎င်း၊ ခန့်ထားတော်မူပြီ။
ယောသပ်က အဘကိုခေါ်ဖို့ အစ်ကိုများကိုပြော
၉ အလျင်အမြန်ထ၍ အဘထံသို့ သွားကြလော့။ အဘအားလည်း၊ သားယောသပ်က၊ ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံး သခင်ဖြစ်စေတော်မူပြီ။ ကျွန်ုပ်ထံသို့လာပါ၊ မဆိုင်းပါနှင့်။ ၁၀ အဘသည် ဂေါရှင်အရပ်၌ နေရမည်။ ကျွန်ုပ်အနားမှာရှိရမည်။ အဘမှစ၍ သားမြေး၊ သိုး၊ နွားနှင့်တကွ ရှိသမျှလာရမည်။ ၁၁ ထိုအရပ်၌ ကျွန်ုပ်ကျွေးမွေးပါမည်။ သို့မဟုတ် အဘမှစ၍ အိမ်သူအိမ်သားနှင့်တကွ ရှိသမျှတို့သည် ဆင်းရဲခြင်းသို့ ရောက်ကြလိမ့်မည်။ အစာခေါင်းပါးသောနှစ် ငါးနှစ်ရှိသေးသည်၊ ဟုပြောကြလော့။ ၁၂ ကျွန်ုပ်သည် ကိုယ်တိုင်သင်နှင့် နှုတ်ဆက်သည်ကို၊ သင်တို့မျက်စိ၊ ကျွန်ုပ်ညီဗင်္ယာမိန် မျက်စိအမြင်သားဖြစ်၏။ ၁၃ အဲဂုတ္တုပြည်၌ ကျွန်ုပ်ရသော ဘုန်းစည်းစိမ်မှစ၍ သင်တို့မြင်သမျှတို့ကို အဘအားပြောရမည်။ အလျှင်အမြန်ပြု၍ အဘကို ဤပြည်သို့ ဆောင်ခဲ့ရမည်၊ ဟုဆိုပြီးလျှင်၊ ၁၄ ညီဗင်္ယာမိန် လည်ပင်းကို ဖက်၍ငိုလေ၏။ ဗင်္ယာမိန်သည်လည်း သူ၏လည်ပင်း၌ ငိုလေ၏။ ၁၅ တဖန် အစ်ကိုရှိသမျှတို့ကို နမ်း၍ သူတို့နှင့် ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ၏။
ဖာရောဘုရင်က ယောသပ်ထံ သူ၏အဘနှင့် အစ်ကိုများခေါ်ခိုင်း
၁၆ ယောသပ်အစ်ကိုတို့သည် ရောက်လာကြပြီ၊ ဟုနန်းတော်၌ သတင်းကြား၍၊ ဖာရောဘုရင် အစရှိသော ကျွန်တော်မျိုးတို့သည် နှစ်သက်ကြ၏။ ၁၇ ဖာရောဘုရင်သည်လည်း ယောသပ်ကိုခေါ်၍၊ သင်၏အစ်ကိုတို့အား အဘယ်သို့ ပြောရမည်နည်းဟူမူကား၊ သင်တို့သည် ဤသို့ပြုကြလော့။ မြည်းတို့ကို ဝန်တင်၍ ခါနာန်ပြည်သို့ ပြန်သွားသဖြင့်၊ ၁၈ သင်တို့အဘနှင့် အိမ်သူအိမ်သားတို့ကို ယူ၍ ကျွန်ုပ်ထံသို့ လာကြလော့။ အဲဂုတ္တုပြည်၏ စည်းစိမ်ကို ငါပေး၍ သင်တို့သည် မြေဩဇာကို စားရကြလိမ့်မည်။ ၁၉ အမိန့်တော်ရှိသည်ဖြစ်၍ ဤသို့ပြုကြလော့။ သင်တို့မိန်းမများ၊ သူငယ်များအဖို့၊ အဲဂုတ္တုပြည်ထဲက လှည်းတို့ကိုယူပြီးလျှင် အဘကိုဆောင်၍ လာခဲ့ကြလော့။ ၂၀ သင်တို့ဥစ္စာများကို မနှမြောကြနှင့်။ အဲဂုတ္တုပြည်၏ စည်းစိမ်ရှိသမျှသည် သင်တို့ ဥစ္စာဖြစ်၏ ဟုအမိန့်တော်ရှိသည်အတိုင်း၊
ယောသပ်က အစ်ကိုများကို ဥစ္စာများစွာနှင့်လွှတ်
၂၁ ဣသရေလ၏ သားတို့သည်ပြု၍၊ ယောသပ်သည် လှည်းတို့ကို၎င်း၊ လမ်းခရီး၌ စားစရိတ်များကို၎င်း၊ ပေး၏။ ၂၂ အစ်ကိုရှိသမျှတို့အားလည်း အဝတ်လဲစရာဖို့ပေး၏။ ဗင်္ယာမိန်အားလည်း၊ ငွေအကျပ်သုံးရာနှင့် အဝတ်လဲစရာဖို့ အဝတ်ငါးစုံကို ထပ်၍ပေး၏။ ၂၃ အဘအားလည်း အဲဂုတ္တုပြည်၏ ကောင်းသောအရာတို့ကို ဆောင်သော မြည်းတစ်ဆယ်၊ လမ်းခရီး၌ အဘစားစရာဖို့ စပါး၊ မုန့်၊ ခဲဘွယ်စားဘွယ်များကိုဆောင်သော မြည်းတစ်ဆယ်ကို ပေးလိုက်၏။ ၂၄ သင်တို့သည် လမ်း၌ ရန်မတွေ့ကြနှင့်၊ ဟုမှာထားလျက် အစ်ကိုတို့ကိုလွှတ်လိုက်၍ သူတို့သည်သွားကြ၏။
သားများက ယာကုပ်အား ယောသပ် အသက်ရှင်သေးကြောင်းပြော
၂၅ ထိုသို့ အဲဂုတ္တုပြည်မှ ထွက်သွား၍၊ ခါနာန်ပြည် အဘယာကုပ်ထံသို့ ရောက်လျှင်၊ ၂၆ ယောသပ်သည် အသက်ရှင်သေး၏။ အဲဂုတ္တုပြည်လုံးကို အုပ်စိုးရ၏ ဟုကြားပြောသည်ရှိသော်၊ ယာကုပ်သည် စိတ်နှလုံးလျော့၏။ သူတို့စကားကိုမယုံနိုင်။ ၂၇ သူတို့သည်လည်း ယောသပ်ပြောသမျှသော စကားတို့ကို ပြန်ပြောကြ၏။ အဘယာကုပ်သည် မိမိစီးစရာဖို့ ယောသပ်ပေးလိုက်သော လှည်းတို့ကို မြင်သောအခါစိတ်နှလုံးအားဖြည့်ပြန်၏။ ၂၈ ဣသရေလကလည်း၊ တန်တော့။ ငါ့သားယောသပ် အသက်ရှင်သေး၏။ ငါမသေမှီ သူ့ကိုသွား၍ ကြည့်မည်ဟုဆို၏။