-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၁


ကျိန်ဆိုတော်မူသော ပြည်သိမ်းဖို့

တောကြီးလွင်ပြင်၊ ယော်ဒန်မြစ်နား၊ သုဖမြို့တဘက်၊ ပါရန်မြို့၊ တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ အလယ်၌ မောရှေသည်၊ ဣသရေလ အမျိုးသားတို့အား ဟောပြောသော စကားများကို ပြန်ရလေသည်မှာ၊ ကာဒေရှဗာနာ အရပ်သည်၊ စိရတောင်လမ်းဖြင့် ဟောရပ်အရပ်နှင့် ဆယ့်တစ်ရက် ခရီးကွာသတည်း၊ မောရှေသည် ဟေရှဘုန်မြို့၌ နေသော အာမောရိ ရှင်ဘုရင်ရှိဟုန်ကို၎င်း၊ ဧဒြိပြည်၊ အာရှတရုတ်မြို့၌ နေသော ဗာရှန်ဘုရင်ဩဃကို၎င်း လုပ်ကြံပြီးမှ၊ သက္ကရာဇ် လေးဆယ်ပြည့်၊ ဧကာဒသမလ၊ ပဌမနေ့ရက်၌ မောဘပြည်၊ ယော်ဒန်မြစ်နားမှာ ထာဝရဘုရား မှာထားတော်မူနှင့် သမျှအတိုင်း၊ ဣသရေလ အမျိုးသားတို့အား ဆင့်ဆို၍ ဟောပြောသော တရားစကားဟူမူကား၊ ငါတို့ ဘုရားသခင် ထာဝရဘုရားသည်၊ ဟောရပ်အရပ်၌ ငါတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် ကာလအချိန် စေ့အောင် ဤတောင်၌ နေကြပြီ၊ လှည့်လည်၍ ခရီးသွားကြလော့၊ အာမောရိတောင်သို့၎င်း၊ ထိုတောင်နှင့် နီးသောအရပ်၊ လွင်ပြင်၊ တောင်ရိုး၊ ချိုင့်၊ တောင်မျက်နှာ၊ ပင်လယ်နားသို့၎င်း၊ ခါနာန်ပြည်၊ လေဗနုန်တောင်၊ ဥဖရတ် မြစ်ကြီးတိုင်အောင်၎င်း သွားကြလော့၊ ထိုပြည်ကို သင်တို့ရှေ့မှာ ငါထားပြီ။ ထာဝရဘုရားသည် သင်တို့အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍၊ သူတို့အမျိုးအနွယ် အားပေးမည်၊ ဟုကျိန် ဆိုတော်မူသော ပြည်ကိုဝင်၍ သိမ်းယူကြလော့၊ ဟုမိန့်တော်မူ၏။


မောရှေ လက်ထောက်များခန့်ထား

ထိုအခါ သင်တို့အား ငါပြောသည်ကား၊ သင်တို့အမှုကို ငါတစ်ယောက်တည်း မထမ်းနိုင်၊ ၁၀ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို များပြားစေတော်မူ၍၊ သင်တို့သည် အရေအတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့ ယနေ့ဖြစ်ကြ၏။ ၁၁ သင်တို့အဘများ၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ကို အဆ အထောင်အားဖြင့် များပြား စေတော်မူပါစေသော်၊ ဂတိတော်ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူပါစေသော်။ ၁၂ သင်တို့ပင်ပန်းခြင်း၊ အမှုဆောင်ရွက်ခြင်း၊ ရန်တွေ့ခြင်း ဝန်ကို ငါတစ်ယောက်တည်း အဘယ်သို့ ထမ်းနိုင်မည်နည်း၊ ၁၃ ဥာဏ်ပညာနှင့် ပြည့်စုံ၌ အသရေရှိသော သူတို့ကို သင်တို့ အမျိုးများထဲက ရွေးပေးကြလော့။ သူတို့ကို မင်းအရာ၌ ငါခန့်ထားမည်၊ ဟုပြောဆိုလျှင်၊ ၁၄ သင်တို့က ကိုယ်တော် ပြောသည်အတိုင်း ပြုကောင်းပါသည်၊ ဟုပြန်ဆိုကြ၏၊ ၁၅ ထိုကြောင့် သင်တို့ အမျိုးများ၌ အသရေရှိသော လူကြီး၊ ပညာရှိတို့ကို ငါရွေးချယ်ပြီးလျှင်၊ သင်တို့တွင် မင်းလုပ်ရသောသူ တည်းဟူသော လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်၊ အကြပ်အဆော် အရာ၌ ခန့်ထား၏။ ၁၆ တရားသူကြီးတို့အားလည်း၊ သင်တို့ညီအစ်ကို၏ အမှုတို့ကို နားထောင်၍ အမျိုးသားချင်း တရားတွေ့သည် ဖြစ်စေ၊ တပါးအမျိုးသားနှင့် တွေ့သည်ဖြစ်စေ၊ တရားသဘောဖြင့် စီရင်ကြလော့။ ၁၇ တရားအမှုကို စီရင်သောအခါ အဘယ်သူ၏ မျက်နှာကို မထောက်ရ။ လူငယ်စကားကို လူကြီးစကားကဲ့သို့ မှတ်ရမည်။ အဘယ်လူကိုမျှ မကြောက်ရ။ အကြောင်းမူကား၊ တရားအမှုကို ဘုရားသခင် ပိုင်တော်မူသောကြောင့်တည်း။ ကိုယ်တိုင် မစီရင်တတ်သော အမှုကို ငါ့ထံမှာ အယူခံရမည်။ ငါလည်း နားထောင်မည်၊ ဟုမှာခဲ့၏။ ၁၈ သင်တို့ပြုရသမျှသော အမှုတို့ကိုလည်း ထိုအခါ ငါမှာထားခဲ့၏။


ခါနန်ပြည်သိမ်းခိုင်း

၁၉ ငါတို့သည် ဟောရပ်အရပ်မှ ထွက်သောနောက်၊ အာမောရိတောင်သို့ သွားသော လမ်းနားမှာ ကြောက်မက်ဘွယ်ဖြစ်၍ သင်တို့တွေ့မြင်သော တောကြီးအလယ်၌၊ ငါတို့ဘုရားသခင် ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း လျှောက်သွား၍၊ ကာဒေရှဗာနာ အရပ်သို့ရောက်ကြ၏။ ၂၀ ထိုအခါ ငါကလည်း၊ ငါတို့ ဘုရားသခင် ထာဝရဘုရား ပေးတော်မှုသော အာမောရိတောင်သို့ သင်တို့သည် ရောက်ကြပြီ။ ၂၁ သင်တို့ ဘုရားသခင် ထာဝရဘုရားသည် ပြည်တော်ကို သင်တို့ရှေ့မှာ ထားတော်မူပြီ။ သင်တို့ အဘများ၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မှုသည်အတိုင်း၊ တက်သွား၍ သိမ်းယူကြလော့။ မကြောက်ကြနှင့်။ စိတ်လည်း မပျက်ကြနှင့်၊ ဟုပြောဆို၏။


ဆန့်ကျင်ကြ

၂၂ ထိုအခါ သင်တို့ရှိသမျှသည် ငါ့ထံသို့ ချဉ်းကပ်၍၊ အ​ကျွန်ုပ်တို့ရှေ့၌ လူတို့ကို စေလွှတ်ပါမည်။ သူတို့သည် ထိုပြည်ကို စူးစမ်းပြီးမှ၊ အ​ကျွန်ုပ်တို့သည် အဘယ်လမ်းသို့ သွားလျှင် အဘယ်မြို့သို့ ရောက်ရမည်ကို ကြားပြောကြပါ လိမ့်မည်၊ ဟု၂၃ လျှောက်ဆိုသော စကားကို ငါနှစ်သက်၍၊ သင်တို့တွင် တမျိုးတစ်ယောက်စီ၊ လူပေါင်းတစ်ကျိပ် နှစ်ယောက်တို့ကို ရွေးထား၏။ ၂၄ ထိုသူတို့သည် တောင်ပေါ်သို့ လှည့်သွား၍၊ ဧရှကောလချိုင့်သို့ ရောက်သဖြင့် စူးစမ်းကြ၏။ ၂၅ ထိုပြည်၌ ရသော သစ်သီးကို ထမ်း၍ ဆောင်ခဲ့လျက်၊ ငါတို့ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်သည် ကောင်းသောပြည်ဖြစ်၏၊ ဟုကြားပြောကြသော်လည်း၊ ၂၆ သင်တို့သည် မသွားဘဲ၊ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို ဆန့်လျက်၊ ၂၇ ထာဝရဘုရားသည် ငါတို့ကို မုန်း၍ ဖျက်ဆီးချင်သောကြောင့်၊ အာမောရိလူတို့လက်၌ အပ်လိုသောငှာ၊ အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည် တကား။၂၈ ငါတို့သည် အဘယ်သို့ သွားရမည်နည်း။ ညီအစ်ကိုတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက် သာ၍ ကြီး၏။ အရပ်လည်း သာ၍မြင့်၏။ မြို့လည်း မိုးကောင်းကင်သို့ ထိသော မြို့ရိုးလည်း ရှိ၏။ ထိုပြည်၌လည်း၊ အာနက အမျိုးသားတို့ကို မြင်ရ၏၊ ဟုငါတို့စိတ်ကို ဖျက်ကြပြီ၊ ဟုသင်တို့သည် တဲများ၌ ဆန့်ကျင်ဘက် ပြုကြ၏။


မောရှေက အားပေးသော်လည်း

၂၉ ထိုအခါ ငါက၊ မထိတ်လန့်ကြနှင့်၊ သူတို့ကို မကြောက်ကြနှင့်။ ၃၀ သင်တို့ရှေ့မှာ ကြွတော်မူသော သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့မျက်မှောက်၊ အဲဂုတ္တုပြည်၌၎င်း၊ ၃၁ သင်တို့လိုက်လာသော လမ်းတလျှောက်လုံး၊ ဤအရပ်တိုင်အောင် အဘသည် သားကို ချီပိုက်သကဲ့သို့၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ချီပိုက်တော်မှုသော ကျေးဇူးတော်ကို ခံရာတော၌၎င်း၊ သင်တို့အဖို့ ပြုတော်မူသကဲ့သို့၊ သင်တို့ဘက်၌ စစ်ကူတော်မူမည်၊ ဟုဆိုသော်လည်း၊ ၃၂ သင်တို့ တဲစခန်းချရာ အရပ်ကိုရှာ၍ သင်တို့ သွားလတံ့သော လမ်းကိုပြခြင်းငှာ၊ ညအခါမီး၌၎င်း၊ နေ့အခါမိုးတိမ်၌၎င်း၊ ၃၃ သင်တို့ရှေ့မှာ ကြွတော်မူသော သင်တို့ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို ထိုအမှု၌ သင်တို့မယုံကြပါ တကား။


ယောရှုနှင့် ကာလက်သာမြင်ရမည်

၃၄ သင်တို့ စကားသံကို ထာဝရဘုရား ကြား၍ အမျက်တော်ထွက်လျက်၃၅ သူတို့ ဘိုးဘေးတို့အား ငါပေးမည်၊ ဟုငါကျိန်ဆိုသော ပြည်ကောင်းကို၊ ယေဖုန္နာ၏သား ကာလက် မှတပါး၊ ဤဆိုးသော လူမျိုး တစ်စုံတစ်ယောက်မျှ ဆက်ဆက်မမြင်ရ။ ၃၆ ထိုသူသည် ထာဝရဘုရား နောက်တော်သို့ လုံးလုံး လိုက်သောကြောင့် မြင်ရ၏။ သူနင်းသောပြည်ကို သူမှစ၍ သူ၏သားမြေးတို့အား ငါပေးမည်၊ ဟုကျိန်ဆိုတော်မူ၏။ ၃၇ သင်တို့အတွက် ထာဝရဘုရားသည် ငါ့ကိုလည်း အမျက်တော်ထွက်၍၊ သင်သည် ထိုပြည်သို့ မဝင်စားရ။ ၃၈ သင့်လက်ထောက် နုန်၏သား ယောရှုသည် ဝင်စားရမည်။ သူသည် ဣသရေလ အမျိုးသား အမွေခံစေမည့်သူ ဖြစ်သောကြောင့်၊ သူ့ကို အားပေးလော့။ ၃၉ ရန်သူ လုယူရာဖြစ်မည်၊ ဟုသင်တို့ဆိုသော သူငယ်များ၊ ထိုအခါ ကောင်းမကောင်းကို ပိုင်းခြားမသိနိုင်သေးသော သားသမီးများတို့သည် ထိုပြည်ကို ဝင်စား၍၊ ငါပေးသည်အတိုင်း သိမ်းယူကြလိမ့်မည်။ ၄၀ သင်တို့မူကား၊ လှည့်၍ ပင်လယ်နီလမ်းဖြင့် တောသို့ ခရီးသွားကြဦးလော့၊ ဟုမိန့်တော်မူ၏။


နားမထောင်ဘဲ ပြန်တိုက်

၄၁ သင်တို့ကလည်း၊ အ​ကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားမိပါပြီ။ အ​ကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသမျှ အတိုင်း၊ ယခုသွား၍ စစ်တိုက်ပါမည်၊ ဟုငါ့အားလျှောက်ဆိုလျက်၊ လူအပေါင်းတို့သည် လက်နက်စွဲကိုင်လျက်၊ တောင်ပေါ်သို့ တက်ခြင်းငှာ အသင့်နေကြ၏။ ၄၂ ထာဝရဘုရား ကလည်း၊ တက်၍ မတိုက်ကြနှင့်။ သင်တို့ဘက်၌ ငါမရှိ။ တိုက်လျှင် ရန်သူရှေ့မှာ ရှုံးရကြလိမ့်မည်၊ ဟုသင်တို့အား ဆင့်ဆိုရမည်အကြောင်း၊ ငါ့အား မိန့်တော်မူသည်အတိုင်း၊ ၄၃ ငါဆင့်ဆိုသော်လည်း သင်တို့သည် နားမထောင်၊ ထာဝရဘုရား၏ အမိန့်တော်ကို ငြင်းဆန်၍ ခိုင်ခံ့သော စိတ်နှင့် တောင်ပေါ်သို့ တက်ကြ၏။ ၄၄ ထိုအခါ တောင်ပေါ်မှာရှိနှင့်သော အာမောရိ အမျိုးသားတို့သည် သင်တို့တဘက်၌ ထွက်လာလျက်၊ ပျားများအုံ၍ လိုက်သကဲ့သို့ သင်တို့ကို လိုက်၍၊ စိရအရပ်၊ ဟောမာမြို့တိုင်အောင် ဖျက်ဆီးကြ၏။ ၄၅ သင်တို့သည်လည်း ပြန်လာ၍ ထာဝရ ဘုရားရှေ့တော်၌ ငိုကြွေးကြ၏။ သို့သော်လည်း သင်တို့စကားကို ထာဝရဘုရား နားထောင် နားယူတော်မမှု။ ၄၆ ထိုကြောင့် ကာဒေရှအရပ်၌ အရင်နေသကဲ့သို့ ကြာမြင့်စွာနေ ပြန်ရကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.