ယောန၀တ္ထု
အခန်းကြီး ၁
ဘုရားထံမှ ယောနထွက်ပြေး
၁ အမိတ္တဲ၏သား ယောနသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ၂ သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင်၊ ခြိမ်းချောက်သော စကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီ၊ ဟုမိန့်တော်မူ၏။ ၃ သို့သော်လည်း၊ ယောနသည် ထာဝရဘုရား ထံတော်မှ တာရှုမြို့သို့ ပြေးမည်အကြံရှိသည်နှင့် ထလျက်၊ ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကိုတွေ့ကြုံ၍ သင်္ဘောခကို ပေးပြီးလျှင်၊ ထာဝရဘုရား ထံတော်မှ သင်္ဘောသားတို့နှင့် အတူတာရှုမြို့သို့ လိုက်ခြင်းငှါ၊ သင်္ဘောကို စီးလေ၏။
ထာ၀ရဘုရားက လေပြင်းမုန်တိုင်းတိုက်ခတ်စေ
၄ ထာဝရဘုရားသည်လည်း၊ ပြင်းစွာသော လေကို ပင်လယ်အပေါ်သို့ စေလွှတ်တော်မှုသဖြင့်၊ ပင်လယ်၌ ကြီးစွာသော မိုးသက် မုန်တိုင်းဖြစ်၍၊ သင်္ဘောသည် ပျက်လုသော လက္ခဏာရှိ၏။ ၅ ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးအသီး မိမိတို့ဘုရားကို အော်ဟစ်ကြ၏။ သင်္ဘောပေါ့စေခြင်းငှါ၊ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ၏။ ယောနမူကား၊ သင်္ဘော ဝမ်းထဲသို့ဆင်း၍ အိပ်ပျော်လျက်နေ၏။ ၆ သင်္ဘောသူကြီးသည်လာ၍ အိုအိပ်ပျော်သောသူ၊ အဘယ်သို့နည်း၊ ထလော့။ သင်၏ဘုရားကို ဆုတောင်းလော့။ ငါတို့ အသက်လွတ်စေခြင်းငှါ၊ ထိုဘုရားသည် ငါတို့ကို အောက်မေ့ကောင်း အောက်မေ့လိမ့်မည်၊ ဟုဆို၏။
မုန်တိုင်းသည် ယောနကြောင့်ဖြစ်
၇ နောက်တဖန်သူတို့က၊ လာကြ။ အဘယ်သူ၏ အပြစ်ကြောင့်၊ ဤအမှုရောက်သည် ကိုငါတို့ သိရမည်အကြောင်း၊ စာရေးတံ ချကြကုန်အံ့၊ ဟုတိုင်ပင်၍ စာရေးတံချလျှင် ယောန၌ စာရေးတံကျ၏။ ၈ တဖန်သူတို့က အဘယ်အပြစ်ကြောင့်၊ ဤအမှုရောက်သည်ကို ပြောပါလော့။ သင်ဆောင်ရွက်သောအမှုက၊ အဘယ်အမှုနည်း။ သင်သည် အဘယ်အရပ်က လာသနည်း။ အဘယ်ပြည်၊ အဘယ်အမျိုးသားဖြစ်သနည်း။ မေးမြန်းကြသော်၊ ၉ ငါသည် ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သောသူ ဖြစ်၏၊ ဟုဆိုလျှင် ၁၀ ထိုသူတို့သည် အလွန်ကြောက်ရွံ့၍၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်း၊ ဟုမေးကြ၏။ ယောနသည် ထာဝရဘုရား ထံတော်မှ မိမိပြေးကြောင်းကို ဖေါ်ပြသောကြောင့် သူတို့သိကြ၏။
ယောနကိုပင်လယ်ထဲ၌ ချကြ၍ငါးကြီးကမျို
၁၁ ထိုအခါ ပင်လယ်၌ လှိုင်းတံပိုးသည်တိုး၍ ထသောကြောင့် သူတို့က၊ ငါတို့၌ လှိုင်းတံပိုး ငြိမ်းစေခြင်းငှါ၊ သင့်ကို အဘယ်သို့ ပြုရမည်နည်း၊ ဟုမေးကြသော်။ ၁၂ ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့။ သို့ဖြစ်လျှင် လှိုင်းတံပိုးသည် သင်တို့၌ ငြိမ်းလိမ့်မည်။ ဤပြင်းစွာသော မိုးသက်မုန်တိုင်းသည်၊ ငါ့ကြောင့်သာ သင်တို့အပေါ်သို့ ရောက်သည်ကို ငါသိ၏၊ ဟုပြန်ပြောသော်လည်း၊ ၁၃ သင်္ဘောသားတို့သည် ကမ်းသို့ ရောက်အံ့သောငှါ၊ ပင်ပန်းစွာ တက်ခတ်ကြ၏။ သို့ရာတွင်၊ သူတို့တဘက်၌ လှိုင်းတံပိုးတိုး၍ ထသောကြောင့်၊ သူတို့သည် မတက်နိုင်သောအခါ၊ ၁၄ အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တောင်းပန်ပါ၏။ ဤသူ၏ အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်း မဖြစ်ပါစေနှင့်။ အပြစ်မရှိသောသူ၏ အသက်သတ်သော အပြစ်ကို အကျွန်ုပ်တို့၌ တင်တော်မမူပါနှင့်။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အလိုရှိတော်မူသည်အတိုင်း ပြုတော်မူ၏၊ ဟုထာဝရဘုရားအား ကြွေးကြော်တောင်းပန်ပြီးမှ၊ ၁၅ ယောနကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြ၏။ ထိုအခါ ပင်လယ် လှိုင်းတံပိုးသည် ငြိမ်းလေ၏။ ၁၆ သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့်၊ ယဇ်ပူဇော်၍ သစ္စာဂတိထားကြ၏။ ၁၇ ယောနကိုမျိုစေခြင်းငှါ၊ ငါးကြီးကို ထာဝရဘုရား ခန့်ထားတော်မူသည်နှင့်အညီ၊ ယောနသည် ငါး၏ဝမ်းထဲမှာ သုံးရက်ပတ်လုံးနေရ၏။