ကမ္ဘာဦးကျမ်း
အခန်းကြီး ၂၆
အစာခေါင်းပါးသောအခါ ဘုရားသခင်က ဣဇာက်ကို ကတိပေး
၁ အာဗြဟံလက်ထက် ထိုပြည်၌ ဖြစ်ဘူးသော အစာခေါင်းပါးခြင်းမှတပါး၊ နောက်တဖန် အစာခေါင်းပါးခြင်း ရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာ ဂေရာမြို့သို့ သွားလေ၏။ ၂ ထာဝရဘုရားသည်လည်း သူ့အားထင်ရှား၍၊ သင်သည် အဲဂုတ္တုပြည်သို့ မသွားနှင့်၊ ငါပြောလတံ့သော ပြည်၌နေလော့။ ၃ ယခုဤပြည်၌ တည်းခို၍ နေလော့။ [A] သင့်ဘက်မှာ ငါနေ၍ ကောင်းကြီးပေးမည်။ အကြောင်းမူကား၊ သင်နှင့်သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘ အာဗြဟံအား ငါကျိန်ဆိုသော စကားရှိသည်အတိုင်း ငါပြုမည်။ ၄ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ များပြားစေမည်။ သင်၏အမျိုးအနွယ်အားလည်း၊ ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အမျိုးအနွယ်အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ ၅ အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကိုနားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရားအမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း ဟုမိန့်တော်မူ၏။
ဖခင်ကဲ့သို့ ဣဇာက်သည် သူ၏ဇနီးကို ညီမဟုဆို
၆ ဣဇာက်သည် ဂေရာမြို့၌ နေစဉ်တွင်၊ ၇ မြို့သားတို့သည် သူ၏မယားအကြောင်းကို မေးသောအခါ၊ ရေဗက္ကသည် လှသော အဆင်းအရောင် ရှိသောကြောင့်၊ ဤပြည်သား ယောကျာ်းတို့သည် သူ့အကြောင်းကြောင့် ငါ့ကိုသတ်မည်၊ ဟုစိုးရိမ်၍၊ သူသည် ငါမယားဖြစ်သည်၊ ဟုမပြောမဆိုဝံ့၊ ငါ့နှမဖြစ်သည်၊ ဟုပြောဆို၏။ ၈ ထိုမြို့၌ ကာလအင်တန်ကြာနေပြီးမှ၊ တနေ့တ၌၊ ဣဇာက်သည်မိမိမယား ရေဗက္ကနှင့်ကစားသည်ကို၊ ဖိလိတ္တိမင်းကြီး အဘိမလက်သည် ပြတင်းပေါက်ဝက ကြည့်မြင်လျှင်၊ ၉ ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင်စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည်ငါ့နှမဖြစ်၏ ဟုအဘယ်ကြောင့် သင်ပြောရသနည်း၊ ဟုမေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်၊ ဟုလျှောက်ဆို၏။ ၁၀ အဘိမလက်မင်းကလည်း၊ ငါတို့၌ သင်ပြုသောအမှုကား အဘယ်သို့နည်း။ တစုံတယောက်သောသူသည်၊ သင်၏မယားနှင့် အမှတ်တမဲ့ သင့်နေလျှင်၊ ငါတို့ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည်တကား၊ ဟုဆိုပြီးမှ၊ ၁၁ ဤသူလင်မယားကို ပြစ်မှားသောသူသည် ဆက်ဆက်အသေခံရမည်၊ ဟုမိမိလူအပေါင်းတို့ကို မှာထားသတည်း။
ဖိလိတ္တိလူတို့ ငြူစူ၍ ဣဇာက်နေရာ ပြောင်းရွှေ့
၁၂ ထိုပြည်၌ ဣဇာက်သည် မျိုးစေ့ကိုကြဲ၍၊ တစ်နှစ်ခြင်းတွင် အဆတစ်ရာသော အသီးအနှံကို ရလေ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းကြီးပေးတော်မူသဖြင့်၊ ၁၃ သူသည်ကြီးပွါး၍၊ အလွန်စည်းစိမ်ကြီးသည်တိုင်အောင် တိုးတက်လျက်၊ စီးပွားဥစ္စာများပြားစွာ ဖြစ်လေ၏။ ၁၄ သိုးစု၊ နွားစုများ၊ ကျွန်များနှင့် ပြည့်စုံကြွယ်ဝ၏။ ထိုကြောင့်၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏။ ၁၅ အဘအာဗြဟံလက်ထက်၌၊ အဘ၏ကျွန်တို့ တူးသောရေတွင်း ရှိသမျှတို့ကို မြေနှင့်ဖို့ပိတ်ကြ၏။ ၁၆ အဘိမလက်မင်းကလည်း၊ သင်သည် ငါတို့ထက် တန်ခိုးကြီး၏။ ငါတို့ထံမှ ထွက်သွားလော့၊ ဟုဣဇာက်ကို အမိန့်ရှိသောကြောင့်၊ ၁၇ ဣဇာက်သည်ထိုမြို့မှ ထွက်သွားပြီးလျှင်၊ ဂေရာချိုင့်၌ တဲကို ဆောက်၍နေလေ၏။
ဣဇာက်ကျွန်တို့ တူးသောရေတွင်းများကို ဖိလိတ္တိလူများကလု
၁၈ ထိုအခါ ဣဇာက်သည်၊ အဘအာဗြဟံကျွန်တို့တူး၍၊ အဘသေသောနောက်၊ ဖိလိတ္တိလူတို့ ဖို့သောရေတွင်းတို့ကို တူးဖေါ်ပြန်၍၊ အထက်က အဘ သမုတ်သောအမည်ဖြင့် သမုတ်လေ၏။ ၁၉ ဣဇာက်ကျွန်တို့လည်း၊ ချိုင့်ထဲ၌ တူး၍စမ်း ရေ တွင်းကိုတွေ့ကြ၏။ ၂၀ ဂေရာ အမျိုးသားနွားကျောင်းတို့ကလည်း၊ ဤရေသည် ငါတို့ရေ ဖြစ်၏ ၊ ဟုဣဇာက်၏နွားကျောင်းတို့နှင့် လုယက်ပြောဆိုကြ၏။ ထိုသို့ အချင်းချင်း လုယက်ကြသောကြောင့်၊ ထိုရေတွင်းကို ဧသက်(Esek) အမည်ဖြင့် မှည့်လေ၏။ ၂၁ နောက်တဖန် အခြားသောရေတွင်းကို တူးပြန်ကြ၏။ ထိုရေတွင်းကိုလည်း တဖန်လုကြသောကြောင့်၊ သိတန(Sitnah) အမည်ဖြင့် မှည့်လေ၏။ ၂၂ ထိုအရပ်မှ နေရာပြောင်း၍၊ အခြားသောရေတွင်းကို တူးကြ၏။ ထိုရေတွင်းကို အဘယ်သူမျှ မလုယက်သောကြောင့်၊ ငါတို့နေစရာ အခွင့်ကို ယခုထာဝရဘုရား ပေးတော်မူပြီဖြစ်၍၊ ဤပြည်၌ ငါတို့သည် စီးပွားများကြလိမ့်မည် ဟုဆိုလျက်၊ ထိုရေတွင်းကို ရဟောဘုတ်(Rehoboth) အမည်ဖြင့် မှည့်သတည်း။
ထာ၀ရဘုရားက ဣဇာက်ကို ထပ်မံ၍ ကတိပေး
၂၃ တဖန် ထိုအရပ်မှ ဗေရရှေဘ(Beersheba)အရပ်သို့ ပြောင်းလေ၏။ ၂၄ ထိုနေ့ညမှာ ထာဝရဘုရားသည် ထင်ရှား၍၊ ငါသည် သင်၏အဘ အာဗြဟံ၏ဘုရား ဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ ငါသည် ကောင်းကြီးပေးမည်။ ငါ၏ကျွန် အာဗြဟံအတွက်၊ သင်၏အမျိုးအနွယ်ကို ငါများပြားစေမည်၊ ဟုမိန့်တော်မူ၏။ ၂၅ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်၍၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏။ တဲကိုလည်း တည်ဆောက်၍၊ ကျွန်တို့သည် ရေတွင်းကို တူးကြ၏။
အဘိမလက်မင်း ဣဇာက်နှင့်ပြန်၍ မိဿဟာယဖွဲ့
၂၆ ထိုအခါ အဘိမလက်မင်းသည်၊ အဆွေတော် အဟုဇတ်(Ahuzzath)နှင့် ဗိုလ်ချုပ်မင်းဖိကောလ(Phicol) တို့ကိုခေါ်၍၊ ဂေရာမြို့(Gerar) မှ ဣဇာက်ရှိရာသို့ သွား၏။ ၂၇ ဣဇာက်ကလည်း၊ သင်တို့သည် ငါ့ကိုမြင်ပျင်း၍ နှင်ထုတ်ပြီးမှ၊ အဘယ်ကြောင့် လာကြသနည်းဟုမေးလျှင်၊ ၂၈ ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာ ရှိတော်မူကြောင်းကို၊ ငါတို့ အမှန်သိမြင်သည်ဖြစ်၍၊ ၂၉ ငါတို့သည် သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာ လွှတ်လိုက်သည်နည်းတူ၊ သင်သည် ငါတို့ကို အပြစ်မပြုရ ၊ ဟုငါတို့တဘက်၊ သင့်တဘက်၊ နှစ်ဘက်သားတို့သည်၊ သစ္စာကတိထား၍ မိဿဟာယဖွဲ့ကြစို့။ သင်သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါ၏၊ ဟုဆိုကြလေသော်၊ ၃၀ ဣဇာက်သည်၊ သူတို့အဖို့ စားသောက်ပွဲကိုလုပ်၍၊ အတူစားသောက်ကြ၏။ ၃၁ နံနက်စောစောထ၍၊ အချင်းချင်း တစ်ဦးနှင့်တစ်ဦး သစ္စာပြုကြပြီးမှ၊ ဣဇာက်သည် သူတို့ကို လွှတ်လိုက်၍၊ သူတို့သည် ငြိမ်ဝပ်စွာ သွားရကြ၏။ ၃၂ ထိုနေ့၌ပင် ဣဇာက်ကျွန်တို့သည်လာ၍၊ မိမိတို့တူးသောတွင်း၌ ရေတွေ့ကြောင်းကို ပြောဆိုကြလျှင်၊ ၃၃ ထိုရေတွင်းကို ရှေဘ(Shibah) အမည်ဖြင့် မှည့်လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ကို ဗေရရှေဘမြို့ (Beersheba)၊ ဟုယနေ့တိုင်အောင် တွင်လေသတည်း။
ဧသော မိန်းမနှစ်ယောက်ယူ
၃၄ ဧသော (Esau) သည် အသက်လေးဆယ်ရှိသောအခါ၊ ဟိတ္တိ(Hittite) အမျိုးသား ဗေရိ(Beeri) ၏သမီး ယုဒိတ်(Judith)၊ ဟိတ္တိ(Hittite) အမျိုးသား ဧလုန်၏သမီး ဗာရှမတ်(Basemath) တို့နှင့် အိမ်ထောင်လေ၏။ ၃၅ ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က၌ စိတ်နှလုံးပူပန်စရာအကြောင်း ဖြစ်သတည်း။