ကမ္ဘာဦးကျမ်း
အခန်းကြီး ၃၂
မဟာနိမ်
၁ ယာကုပ်သည် ခရီးသွားပြန်၍၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် ကြိုဆိုခြင်းငှာ လာကြသည်ကို၊ ၂ ယာကုပ်မြင်လျှင် ဘုရားသခင်၏ တပ်တော်ဖြစ်သည် ဟုဆို၍၊ ထိုအရပ်ကို မဟာနိမ်အမည်ဖြင့် မှည့်လေ၏။
ယာကုပ်သည် အစ်ကိုဧသောကြောက်ရ
၃ ထိုအခါ ယာကုပ်သည်၊ အစ်ကိုဧသောနေရာ ဧဒုံပြည်တည်းဟူသော စိရပြည်သို့၊ တမန်တို့ကို မိမိရှေ့မှာစေလွှတ်၍ မှာလိုက်သည်ကား၊ ၄ ကိုယ်တော်၏ကျွန် ယာကုပ်က၊ ကျွန်တော်သည် လာဗန်ထံမှာ တည်းခို၍၊ ယခုတိုင်အောင်နေပါပြီ။ ၅ ကျွန်တော်၌ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမများ ရှိကြပါ၏။ ကျွန်တော်သည် သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှာ၊ လျှောက်ကြားလိုက်ပါသည် ၊ ဟုငါ့သခင်ဧသောကို လျှောက်ကြ ဟုမှာလိုက်လေ၏။ ၆ တမန်တို့လည်း ယာကုပ်ထံသို့ ပြန်လာ၍၊ ကျွန်တော်တို့သည်၊ ကိုယ်တော်၏အစ်ကိုဧသောထံသို့ ရောက်ခဲ့ပါပြီ။ သူသည်ကိုယ်တော်ကို တွေ့ခြင်းငှါ၊ လူလေးရာနှင့် ချီလာပါသည်၊ ဟုလျှောက်ကြ၏။ ၇ ထိုအခါ ယာကုပ်သည်၊ အလွန်ကြောက်၍ စိတ်ပူပန်လျှင်၊ မိမိတွင်ပါသော လူစု၊ သိုးဆိတ်စု၊ နွားစု၊ ကုလားအုပ်များတို့ကို နှစ်စုခွဲ၍ ထားလေ၏။ ၈ အကြောင်းမူကား၊ တစ်စုကိုဧသောတွေ့၍ လုပ်ကြံလျှင် ကြွင်းသောတစ်စု လွတ်လိမ့်မည်ဟုဆို၏။
ယာကုပ် အစ်ကိုကြောက်၍ဆုတောင်း
၉ တဖန် ယာကုပ်က၊ အကျွန်ုပ်အဘ အာဗြဟံ၏ဘုရားသခင်၊ အကျွန်ုပ်အဘ ဣဇာက်၏ဘုရားသခင်၊ ထာဝရဘုရား ကိုယ်တော်က၊ သင်၏ပြည်၊ သင်၏အမျိုးသားချင်းတို့ ထံသို့ပြန်လော့။ ငါသည်သင်၌ ကျေးဇူးပြုမည်၊ ဟုမိန့်တော်မူပါပြီ။ ၁၀ ကိုယ်တော်၌ ပြတော်မူသော ကရုဏာသစ္စာတော် အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က ဤယော်ဒန်မြစ်ကို လက်စွဲတောင်ဝေးနှင့် သာကူးပါ၏။ ယခုမူကား၊ အပေါင်းအသင်း နှစ်စုဖြစ်ပါ၏။ ၁၁ သို့ဖြစ်၍၊ အကျွန်ုပ်ကို အစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည်လာ၍ အကျွန်ုပ်ကို၎င်း၊ သားမယားတို့ကို၎င်း၊ သတ်မည်၊ ဟုအလွန်စိုးရိမ်ပါ၏။ ၁၂ ကိုယ်တော်က၊ ငါသည်သင်၌ အမှန်ကျေးဇူးပြု၍ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံးနှင့်အမျှ၊ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်၊ ဟုမိန့်တော်မူပါပြီ ၊ ဟုတောင်းလျှောက်လေ၏။
အစ်ကို ပေးမည့်တိရစ္ဆာန်များ
၁၃ ထိုအရပ်၌ တစ်ညပတ်လုံးနေပြီးမှ၊ မိမိလက်ရှိဥစ္စာရှိထဲက အစ်ကိုဧသောအား လက်ဆောင်ဆက်စရာဖို့၊ ၁၄ ဆိတ်မနှစ်ရာ၊ ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာ၊ သိုးထီးနှစ်ဆယ်၊ ၁၅ နို့စို့သားငယ်နှင့်တကွ၊ နို့ညှစ်ကုလားအုပ်မ သုံးဆယ်၊ နွားမ လေးဆယ်၊ နွားထီးတဆယ်၊ မြည်းမနှစ်ဆယ်နှင့် မြည်းကလေးတစ်ဆယ်တို့ကို ယူ၍၊ ၁၆ အသီးအသီး တစ်စုတစ်ခြားစီ ခွဲသန့်လျက်၊ ကျွန်တို့လက်သို့ အပ်ပြီးလျှင်၊ သင်တို့သည် ငါတို့ရှေ့မှာကူးသွား၍၊ တစ်စုနှင့်တစ်စုကို ခရီးကွာစေလော့ ၊ ဟုကျွန်တို့အား မှာထားလေ၏။ ၁၇ ရှေ့ဦးစွာသွားသောသူကိုလည်း၊ ငါ့အစ်ကိုဧသောသည် သင့်ကိုတွေ့၍၊ သင်ကား၊ အဘယ်သူ၏လူ ဖြစ်သနည်း။ အဘယ်အရပ်သို့ သွားသနည်း။ သင့်ရှေ့မှာရှိသော တိရစ္ဆာန်များကား အဘယ်သူ၏ဥစ္စာ ဖြစ်သနည်းဟုမေးလျှင်၊ ၁၈ ကိုယ်တော်ကျွန်ယာကုပ်၏ဥစ္စာ ဖြစ်ပါ၏။ သခင်ဧသောအား ဆက်သလိုက်သောလက်ဆောင် ဖြစ်ပါ၏။ သူသည်လည်း နောက်မှာရှိပါ၏ ၊ ဟုလျှောက်ရမည် ဟုမှာထားလေ၏။ ၁၉ ထိုနည်းတူ၊ ဒုတိယသူ၊ တတိယသူမှစ၍၊ အစုစုတို့နှင့် လိုက်သောသူအပေါင်းကိုလည်း၊ သင်တို့သည် ဧသောနှင့်တွေ့လျှင် ဤသို့လျှောက်ရမည် ဟူ၍၎င်း၊ ၂၀ ကိုယ်တော်ကျွန် ယာကုပ်သည်လည်း နောက်မှာရှိပါ၏၊ ဟုကြားလျှောက်ရမည်ဟူ၍၎င်း၊ မှာထားလေ၏။ ယာကုပ်က၊ ယခုငါ့ရှေ၌ ထွက်သွားသောလက်ဆောင်ဖြင့်၊ သူ၏စိတ်ကို ငါဖြေမည်။ နောက်မှ မျက်နှာခြင်းဆိုင် တွေ့သောအခါ၊ ငါ့ကိုလက်ခံကောင်း လက်ခံလိမ့်မည်၊ ဟုအကြံရှိသတည်း။ ၂၁ ထိုသို့ ယာကုပ်ရှေ့မှာ လက်ဆောင်သည် အရင်ကူးသွား၍၊ သူကိုယ်တိုင် ထိုည၌ လူအစုအဝေးနှင့်အတူ အိပ်၍နေ၏။ ၂၂ ညမကုန်မှီထ၍ မယားနှစ်ယောက်၊ ကျွန်မနှစ်ယောက်၊ သားတစ်ဆယ်နှင့်တစ်ယောက်တို့ကို ဆောင်ယူ၍၊ ယဗ္ဗုတ်ချောင်း ရေတိမ်ရာအရပ်ကို ကူးလေ၏။
ယာကုပ် ပေနွေလ၌ ဘုရားနှင့်နပန်းလုံး
၂၃ ထိုသို့ သူတို့ကိုယူ၍ မိမိဥစ္စာရှိသမျှနှင့်တကွ ချောင်းတဘက်သို့ ကူးစေပြီးမှ၊ ၂၄ ယာကုပ်သည် တစ်ယောက်တည်းနေရစ်၍ လူတစ်ဦးသည် မိုးလင်းသည်တိုင်အောင်သူနှင့် လုံးထွေးလေ၏။ ၂၅ ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင် ယာကုပ်ပေါင်ခြံကို ထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ၏။ ၂၆ ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုးလင်းဆဲရှိပြီ ဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင်၊ မသွားရဟုဆို၏။ ၂၇ ထိုသူကလည်း၊ သင်၏အမည်ကား အဘယ်သို့နည်း၊ ဟုမေးလျှင်၊ ယာကုပ်ဖြစ်ပါသည် ဟုပြန်ဆို၏။ ၂၈ နောင်၌ သင်၏အမည်ကို ယာကုပ် ဟူ၍မခေါ်ရ။ ဣသရေလဟူ၍ ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်နှင့်၎င်း၊ လူနှင့်၎င်း၊ မင်းကဲ့သို့ ပြိုင်၍နိုင်လေပြီ ဟုမိန့်တော်မူ၏။ ၂၉ ယာကုပ်ကလည်း၊ နာမတော်ကား အဘယ်သို့နည်း။ အကျွန်ုပ်အား ဖော်ပြတော်မူပါ ဟုမေးလျှောက်လျှင်၊ ငါ့နာမကို အဘယ်ကြောင့် မေးသနည်း ဟုဆို၍၊ ထိုအရပ်၌ ကောင်းကြီးပေးတော်မူ၏။ ၃၀ ထိုအရပ်ကို ပေနွေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက်ချမ်းသာပြီ ဟုဆိုသတည်း။ ၃၁ ပေနွေလအရပ်ကို ယာကုပ် လွန်သွားသောအခါ၊ နေထွက်ချိန်ရှိ၍၊ သူသည် ထော့နဲ့သွားလေ၏။ ၃၂ ထိုသို့ ယာကုပ်၏ပေါင်ခြံ အကြောကြီးကို ထိုးတော်မူသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် ပေါင်ခြံ၌ရှိသော အကြောကြီးကို ယနေ့တိုင်အောင် မစားရှောင်လေ့ရှိကြ၏။