-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၃၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၃၁


ယာကုပ်အပေါ် လာဗန်စိတ်ပြောင်း၊ ဘုရားကပြန်စေ

ထိုအခါ လာဗန်သားတို့က၊ ငါတို့သခင်၏ ဥစ္စာရှိသမျှကို ယာကုပ်သည် ယူသွားလေပြီတကား၊ ငါတို့အဘ၏ ဥစ္စာအားဖြင့်၊ သူ၌ ဤမည်သောစည်းစိမ်ရှိသမျှသည်ဖြစ်လေပြီဟုဆိုကြသည်ကိုယာကုပ်ကြား၍၊ လာဗန်၏မျက်နှာကို ကြည့်သောအခါ၊ ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကိုသိမြင်၏။ ထာဝရဘုရားကလည်း၊ သင်၏ဘိုးဘနေသောပြည်၊ သင်၏အမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါသည်သင့်ဘက်၌ ရှိနေမည်၊ ဟုယာကုပ်အားမိန့်တော်မူ၏။


ယာကုပ်က သူ့အကြံ မိန်းမများထံဖေါ်ပြ

ယာကုပ်သည် လူကိုစေလွှတ်၍၊ ရာခေလနှင့်လေအာကို၊ သိုးစုရှိရာတောသို့ ခေါ် ပြီးလျှင်၊ သင်တို့အဘ၏ မျက်နှာသည် ငါ၌ ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကို ငါသိမြင်၏။ သို့သော်လည်း၊ ငါ့အဘ၏ ဘုရားသခင်သည်၊ ငါ့ဘက်၌ ရှိတော်မူ၏။ သင်တို့အဘ၏ အမှုကို၊ ငါတတ်နိုင်သမျှအတိုင်း၊ ငါစောင့်မသည်ကို သင်တို့သိကြ၏။ သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သောအခကို ဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှါ၊ ဘုရားသခင်အခွင့် ပေးတော်မမူ။ သူက၊ ပြောက်သော အကောင်တို့သည် သင်၏အခဖြစ်စေ ဟုဆိုလျှင်၊ သိုး၊ဆိတ်ရှိသမျှတို့သည်၊ ပြောက် သောအကောင်တို့ကို မွေးကြ၏။ ကျားသော အကောင်တို့သည်၊ သင်၏အခဖြစ်စေ ဟုဆိုလျှင်၊ သိုး၊ ဆိတ်ရှိသမျှတို့သည် ကျားသောအကောင်တို့ကို မွေးကြ၏။ ထိုသို့ ဘုရားသခင်သည် သင်တို့အဘ၏ တိရစ္ဆာန်တို့ကို နှုတ်၍ ငါ့အားပေးတော်မူပြီ။ ၁၀ ထိုတိရစ္ဆာန်များတို့သည်၊ ရှက်တင်ကြသောအခါ၊ ငါမြော်ကြည့်၍၊ တိရစ္ဆာန်မတို့နှင့် ပေါင်းဖော်သော တိရစ္ဆာန်အထီးတို့သည် အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြောင်းကို အိပ်မက်၌ ငါမြင်ရ၏။


ယာကုပ်ကို ဘုရားက ပြန်စေ

၁၁ ဘုရားသခင်၏ ကောင်းကင်တမန်ကလည်း၊ ယာကုပ်၊ ဟုအိပ်မက်၌ ငါ့ကိုခေါ်လျှင်၊ အ​ကျွန်ုပ်ရှိပါ၏ ဟုငါထူး၏။ ၁၂ သူကလည်း မြော်၍ကြည့်လော့။ တိရစ္ဆာန်မနှင့် ပေါင်းဖော်သော တိရစ္ဆာန်အထီး ရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြ၏။ အကြောင်းမူကား၊ သင်၌ လာဗန်ပြုသမျှတို့ကို ငါမြင်၏။ ၁၃ ငါကား၊ သင်သည် မှတ်တိုင်ကို ဆီလောင်း၍၊ ငါ၌ သစ္စာပြုရာ ဗေသလအရပ်၏ဘုရား ဖြစ်၏။ ယခုထ၍ ဤအရပ်မှထွက်သွားသဖြင့်၊ အမျိုးသားချင်းတို့ နေသောပြည်သို့ ပြန်သွားလော့ ၊ ဟုငါ့အားမိန့်တော်မူ၏ ဟုယာကုပ်သည် ကြားပြောပြီးလျှင်၊


ရာခေလနှင့် လေအာတို့က ယာကုပ်ပြန်ဖို့ ထောက်ခံ

၁၄ ရာခေလနှင့်လေအာတို့က၊ အ​ကျွန်ုပ်တို့သည် ကိုယ်အဘ၏အိမ်နှင့် အဘယ်သို့ဆိုင်သနည်း။ အဘယ်သို့ အမွေခံရသေးသနည်း။ ၁၅ သူသည် ကျွန်ုပ်တို့ကို တ​ကျွန်တနိုင်ငံသားကဲ့သို့ မှတ်တတ်သည် မဟုတ်လော။ ​ကျွန်ုပ်တို့ကို ရောင်းစားခဲ့ပြီတကား၊ ၁၆ ​ကျွန်ုပ်တို့အဘမှ ဘုရားသခင်ရုတ်သိမ်းတော်မူသော စည်းစိမ်ရှိသမျှသည် ငါတို့ဥစ္စာ၊ ငါတို့သားသမီးများဥစ္စာ ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်မှာထားတော်မူသည်အတိုင်း ယခုပင်ပြုပါလော့ ဟုပြန်ပြောကြ၏။


ယာကုပ်သည် ဦးလေးလာဗန်မသိဘဲ ထွက်ပြေး

၁၇ ထိုအခါ ယာကုပ်သည်ထ၍၊ မိမိသားမယားတို့ကို ကုလားအုပ်ပေါ်မှာ စီးစေ၏။ ၁၈ မိမိတိရစ္ဆာန်တည်း ဟူသော၊ ပါဒနာရံအရပ်၌ရသော တိရစ္ဆာန်ရှိသမျှတို့နှင့်၊ ရတတ်သမျှသော ဥစ္စာတို့ကိုဆောင်ယူ၍၊ အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ၏။ ၁၉ လာဗန်သည် သိုးမွေးကိုညှပ်ခြင်းငှာ အခြားတပါးသို့ သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ်ရုပ်တုတို့ကို ခိုးယူလေ၏။ ၂၀ ယာကုပ်သည် မိမိပြေးမည်အကြောင်းကို မကြားမပြောဘဲနေ၍ ရှုရိလူဖြစ်သော လာဗန်ကို ပရိယာယ်အားဖြင့် နိုင်လေ၏။ ၂၁ ထိုသို့ မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား၍၊ မြစ်တဘက်သို့ အလျှင်အမြန်ကူးပြီးလျှင် ဂိလဒ်တောင်ကို ရှေ့ရှုပြုလျက် ခရီးသွားလေ၏။


လာဗန်က ယာကုပ်ကို လိုက်၍အပြစ်တင်

၂၂ ယာကုပ်ပြေးကြောင်းကို၊ သုံးရက်မြောက်သောနေ့၌ လာဗန်ကြားသိလျှင်၊ ၂၃ ညီအစ်ကိုတို့ကိုခေါ်၍၊ ခုနစ်ရက် ခရီးလိုက်သဖြင့်၊ ဂိလဒ်တောင်ပေါ်မှာ မှီလေ၏။ ၂၄ ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညအချိန်တွင် အိပ်မက်၌ ကြွတော်မူ၍၊ သင်သည် ယာကုပ်အား ကောင်းမကောင်းကို မပြောနှင့်၊ သတိပြုလော့ ဟုမိန့်တော်မူ၏။ ၂၅ ထိုအခါ ယာကုပ်သည် မိမိတဲကို ဂိလဒ်တောင်ပေါ်မှာ ဆောက်နှင့်ပြီ။ လာဗန်သည်လိုက်၍ မှီသောအခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာတဲကို ဆောက်လေ၏။ ၂၆ လာဗန်ကလည်း၊ သင်သည် အဘယ်သို့ပြုသနည်း။ စစ်တိုက်ရာ၌ ဖမ်းမိသောသူတို့ကို သိမ်းသွားသကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွားလေပြီတကား။ ၂၇ ငါ့ကိုလှည့်စား၍၊ အဘယ်ကြောင့် တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါသည်ပျော်မွေ့ခြင်းကိုပြု၍ သီချင်းဆိုလျက်၊ ပတ်သာနှင့်ဆောင်းတီးလျက်၊ သင့်ကို လွှတ်လိုက်စေခြင်းငှါ အဘယ်ကြောင့် ငါ့ကို မကြားမပြောဘဲနေသနည်း။ ၂၈ ငါ့သားသမီးတို့ကို ငါနမ်းစေခြင်းငှာ၊ အဘယ်ကြောင့် အခွင့်မပေးသနည်း။ သင်သည် မိုက်စွာပြုလေပြီတကား။ ၂၉ ယခု သင့်ကို ငါညှဉ်းဆဲနိုင်၏။ သို့သော်လည်း၊ မနေ့ညမှာ သင်၏အဘကိုးကွယ်သော ဘုရားသခင်သည် ကြွလာ၍၊ ယာကုပ်အား ကောင်းမကောင်းကိုမပြောနှင့်။ သတိပြုလော့ ဟုငါ့အားမိန့်တော်မူ၏။


ရာခေလ ဖခင်လာဗန်၏ ရုပ်တုခိုး

၃၀ ယခုမှာ၊ သင်သည်မိဘအိမ်ကို အလွန်အောက်မေ့သောကြောင့်၊ သွားရသည်ဟုတ်စေတော့။ ငါ၏ဘုရားတို့ကို အဘယ်ကြောင့် ခိုးယူခဲ့ရသနည်း ဟုယာကုပ်ကိုဆို၏။ ၃၁ ယာကုပ်ကလည်း၊ သင်သည် ကိုယ့်သားသမီးတို့ကို အနိုင်သိမ်းယူကောင်း သိမ်းယူလိမ့်မည်၊ ဟု​ကျွန်ုပ်စိုးရိမ်သောကြောင့် ထွက်ပြေးရ၏။ ၃၂ သင်၏ဘုရားတို့မူကား၊ အကြင်သူ၌ တွေ့လျှင်၊ ထိုသူကို သေစေလော့။ ​ကျွန်ုပ်တို့ညီအစ်ကိုများရှေ့တွင်၊ သင်၏ဥစ္စာကို ပြညွှန်၍ယူပါလော့ ၊ ဟုလာဗန်အားပြန်ပြော၏။ ရာခေလခိုးကြောင်းကို ယာကုပ်မသိ။ ၃၃ လာဗန်သည် ယာကုပ်တဲ၊ လေအာတဲ၊ ​ကျွန်မနှစ်ယောက်တို့၏တဲသို့ ဝင်၍ရှာသော်လည်း မတွေ့လျှင်၊ လေအာတဲထဲမှထွက်၍၊ ရာခေလတဲထဲသို့ ဝင်လေ၏။ ၃၄ ရာခေလသည်၊ ထိုရုပ်တုတို့ကို ယူ၍ ကုလားအုပ်ကုန်းနှီးတန်ဆာထဲသို့ သွင်းထားပြီးလျှင်၊ ထိုတန်ဆာပေါ်မှာ ထိုင်လျက်နေ၏။ လာဗန်သည် တစ်တဲလုံးကိုရှာဖွေ၍ မတွေ့လျှင်၊ ၃၅ ယာခေလက၊ ဖခင်ရှေ့မှာ ကျွန်မ မထနိုင်သည်ဖြစ်၍၊ စိတ်ရှိတော်မမူပါနှင့်။ မိန်းမတို့၌ ဖြစ်မြဲရှိသည်အတိုင်း ကျွန်မ၌ ဖြစ်ပါသည်၊ ဟုအဘအားဆိုလေ၏။ ထိုသို့ လာဗန်သည် ရှာဖွေ၍ရုပ်တုတို့ကို မတွေ့ရ။


ယာကုပ်က ဦးလေးလာဗန်ကို အပြစ်တင်
CROSS REFERENCES






၃၆ ထိုအခါ ယာကုပ်သည် စိတ်ဆိုး၍ လာဗန်ကို ဆုံးမသည်ကား၊ ​ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား၍၊ အဘယ်အပြစ်ရှိသောကြောင့်၊ ​ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာ လိုက်ရသနည်း။ ၃၇ ​ကျွန်ုပ်ဥစ္စာရှိသမျှတို့ကို ရှာဖွေသည်ဖြစ်၍၊ သင်၏ဥစ္စာ ပရိကံ တစုံတခုကို တွေ့မိလျှင်၊ သင်၏ညီအစ်ကို၊ ​ကျွန်ုပ်ညီအစ်ကိုတို့ ရှေ့တွင်၊ ဤအရပ်၌ ထားပါ။ သူတို့သည်၊ ငါတို့နှစ်ယောက်စပ်ကြားမှာ စီရင်ပါစေ။ ၃၈ ​ကျွန်ုပ်သည် သင့်ထံ၌ အနှစ်နှစ်ဆယ်ပတ်လုံး နေရာတွင်၊ သင်၏သိုးမ၊ ဆိတ်မတို့သည် ဝမ်းပိုးမပျက်။ ဆိတ်ထီး၊ သိုးထီးတို့ကို ကျွန်ုပ်မစား။ ၃၉ သားရဲကိုက်သတ်သော အကောင်ကို သင့်ထံသို့​ကျွန်ုပ်မဆောင်ခဲ့၊ ကိုယ်အရှုံးခံရ၏။ နေ့မှာခိုးသည်ဖြစ်စေ၊ ညမှာခိုးသည်ဖြစ်စေ၊ သင်သည် ကျွန်ုပ်တွင် အစားတောင်းလေ့ရှိ၏။ ၄၀ နေ့အချိန်၌လည်း နေပူကို၎င်း၊ ညအချိန်၌လည်း နှင်းခဲကို၎င်း၊ ခံရပြီ။ အအိပ်ပျက်ခြင်းကိုလည်း ခံရပြီ။ ၄၁ ထိုသို့ အ​ကျွန်ုပ်သည်၊ အနှစ်နှစ်ဆယ်ပတ်လုံး သင်၏အိမ်၌နေ၍၊ သင်၏သမီးနှစ်ယောက်အတွက်ကြောင့် ဆယ့်လေးနှစ်၊ သိုးဆိတ်တို့အတွက်ကြောင့် ခြောက်နှစ်အစေခံရပြီ။ သို့ရာတွင် သင်သည်၊ ​ကျွန်ုပ်အခကို ဆယ်ကြိမ်လဲပြီတကား။ ၄၂ ယခုလည်း​ကျွန်ုပ်အဘ၏ ဘုရားသခင်၊ အာဗြဟံ၏ ဘုရားသခင်၊ ဣဇာက်၏ ကြောက်ရွံ့ရာဘုရားသည် [A] ကျွန်ုပ်ဘက်၌မရှိလျှင်၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန် လက်ချည်းလွှတ်လိုက်လိမ့်မည်တကား။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာ လုပ်ကိုင်ရခြင်းကို ဘုရားသခင်မြင်၍၊ မနေ့ညမှာ သင့်ကိုဆုံးမတော်မူပြီ ဟုဆိုလေ၏။


လာဗန်နှင့်ယာကုပ် ပဋိညာဉ်ပြုကြ

၄၃ လာဗန်ကလည်း၊ ဤသမီးတို့သည် ငါ့သမီးဖြစ်ကြ၏။ ဤသူငယ်တို့သည်၊ ငါ့သားဖြစ်ကြ၏။ ဤတိရစ္ဆာန်တို့လည်း၊ ငါ့တိရစ္ဆာန်ဖြစ်ကြ၏။ မြင်သမျှသောဥစ္စာသည် ငါ့ဥစ္စာဖြစ်၏။ ငါ့သမီးတို့၌၎င်း၊ သူတို့ဖွားမြင်သော ငါ့သူငယ်တို့၌၎င်း၊ အဘယ်သို့ ငါပြုနိုင်သနည်း။ ၄၄ သို့ဖြစ်၍၊ ယခု သင်နှင့်ငါစပ်ကြား၌ သက်သေဖြစ်စေ၍၊ ငါတို့နှစ်ယောက်သည် ပဋိညာဉ်ပြုကြစို့၊ ဟုယာကုပ်အားပြန်ပြော၏။ ၄၅ ယာကုပ်သည်လည်း ကျောက်ကိုယူ၍၊ မှတ်တိုင်ဖို့ စိုက်ထူပြီးလျှင်၊ ၄၆ ကျောက်များကို စုထားကြပါ ဟုညီအစ်ကိုတို့အား ဆိုသည်အတိုင်း၊ သူတို့သည် ကျောက်များကိုယူ၍၊ ကျောက်ပုံကို တည်လုပ်ပြီးမှ၊ ထိုကျောက်ပုံအပေါ်၌ စားသောက်ခြင်းကိုပြုကြ၏။ ၄၇ ထိုကျောက်ပုံကို လာဗန်သည် ယေဂါသဟာဒုသဟူ၍၎င်း၊ ယာကုပ်သည် ဂိလဒ်ဟူ၍၎င်း၊ သမုတ်လေ၏။ ၄၈ လာဗန်ကလည်း၊ ယနေ့ ဤကျောက်ပုံသည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်သည် ဟုဆို၏။ ထိုကြောင့် ဂိလဒ်ဟူ၍ သမုတ်ကြ၏။ ၄၉ မိဇပါ ဟူ၍သမုတ်ကြသေး၏။ အကြောင်းမူကား၊ လာဗန်က ငါတို့သည် တစ်ယောက်နှင့်တစ်ယောက် ခွာသွားကြသောနောက်၊ ထာဝရဘုရားသည် ငါနှင့်သင်၏ စပ်ကြား၌ စောင့်တော်မူစေသတည်း။ ၅၀ သင်သည် ငါ့သမီးတို့ကို ညှဉ်းဆဲသည်ဖြစ်စေ၊ ငါ့သမီးတို့မှတပါး အခြားသောမိန်းမနှင့် စုံဘက်သည်ဖြစ်စေ၊ ငါတို့၌ လူသက်သေမရှိ၊ ဘုရားသခင်သည် ငါနှင့်သင်၏ စပ်ကြား၌ သက်သေဖြစ်စေတော်မူသတည်း ဟူ၍၎င်း၊ ၅၁ တဖန်လည်း၊ ငါနှင့်သင်၏စပ်ကြား၌ သင်သည် တည်လုပ်ခဲ့ပြီးသော ဤကျောက်ပုံနှင့် ဤမှတ်တိုင်ကို ကြည့်ပါလော့။ ၅၂ ငါသည် သင့်ကိုခိုက်ရန်ပြုခြင်းငှာ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကို မကျော်ရ။ သင်သည် ငါ့ကိုခိုက်ရန်ပြုခြင်းငှာ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကိုမကျော်ရ ဟုဤကျောက်ပုံနှင့် ဤမှတ်တိုင်သည် သက်သေဖြစ်စေသတည်း။ ၅၃ အာဗြဟံ၏ဘုရားသခင်၊ နာခေါ်၏ ဘုရားသခင်၊ သင့်အဘ၏ ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်း ဟူ၍၎င်း၊ ယာကုပ်အားဆို၏။ ယာကုပ်သည်လည်း၊ မိမိအဘ ကြောက်ရွံ့ရာဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။ ၅၄ ထိုအခါ ယာကုပ်သည် တောင်ပေါ်မှာ ယဇ်ပူဇော်၍၊ ညီအစ်ကိုများကို အစာစားစေခြင်းငှာ ခေါ်ဖိတ်သဖြင့်၊ သူတို့သည်စားသောက်၍၊ တောင်ပေါ်မှာ ညကိုလွန်စေကြ၏။ ၅၅ နံနက်စောစော လာဗန်ထ၍ မိမိသားသမီးများကို နမ်းလျက် ကောင်းကြီးပေးပြီးမှ၊ မိမိနေရာပြည်သို့ ပြန်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.