ကမ္ဘာဦးကျမ်း
အခန်းကြီး ၃၃
ယာကုပ်နှင့်အစ်ကိုဧသောတို့ တွေ့ဆုံကြ
၁ ထိုအခါ ယာကုပ်သည် မြော်ကြည့်၍၊ အစ်ကိုဧသောသည် လူလေးရာပါလျက် ချီလာသည်ကိုမြင်လျှင်၊ လေအာ၊ ရာခေလ၊ ကျွန်မနှစ်ယောက်တို့တွင် သားများတို့ကို ဝေပေးလေ၏။ ၂ ကျွန်မ နှစ်ယောက်ကိုကား၊ သူတို့သားများနှင့် ရှေ့ကနေစေ၍၊ လေအာနှင့် သူ၏သားတို့ကို အလယ်၌၎င်း၊ ရာခေလနှင့် ယောသပ်ကို နောက်၌၎င်း၊ ထားလေ၏။ ၃ သူတို့ရှေ့မှာ ကိုယ်တိုင်လွန်သွား၍၊ ခုနစ်ကြိမ်တိုင်အောင် ဦးညွှတ်ပြပ်ဝပ်လျက်၊ အစ်ကိုအနီးသို့ ချဉ်းကပ်လေ၏။ ၄ ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှာ ပြေးလာ၍၊ လည်ချင်းရှက်လျက်၊ ပိုက်ဖက် နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။ ၅ ထိုနောက်၊ မြော်ကြည့်၍၊ မိန်းမများ၊ သူငယ်များကို မြင်လျှင်၊ သင်၌ ပါသော ဤသူတို့သည်၊ အဘယ်သူနည်း ဟုမေးသော်၊ ကိုယ်တော်၏ကျွန်အား၊ ဘုရားသခင်ပေးသနားတော်မူသော သူငယ်ဖြစ်ပါ၏၊ ဟုပြန်ပြောပြီးမှ၊ ၆ ကျွန်မတို့သည်၊ မိမိတို့သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ၇ ထိုနောက်၊ လေအာသည် သူ၏သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ထိုနောက် ယောသပ်နှင့်ရာခေလသည် ချဉ်းကပ်၍ ဦးညွှတ်ခြင်းကို ပြုကြ၏။
ယာကုပ်က အစ်ကိုအား တိရစ္ဆာန်များ လက်ဆောင်ပေး
၈ ဧသောကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စုအပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်း ဟုမေးလျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှာ ဖြစ်ပါသည်၊ ဟုပြန်ပြော၏။ ၉ ဧသောကလည်း ငါ့ညီ၊ ငါ၌ လုံလောက်အောင်ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။ ၁၀ ယာကုပ်ကလည်း၊ ထိုသို့မဆိုပါနှင့်။ စိတ်တော်နှင့်တွေ့သည် မှန်လျှင်၊ ကျွန်တော်ဆက်သော လက်ဆောင်ကို ခံယူတော်မူပါ။ ဘုရားသခင်၏ မျက်နှာတော်ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏မျက်နှာကို ဖူးမြင်ရပါ၏။ စိတ်တော်သည်လည်း နူးညွတ်ပါ၏။ ၁၁ ကိုယ်တော်ထံသို့ရောက်သော ကျွန်တော်၏မင်္ဂလာကို ခံယူတော်မူပါ။ ဘုရားသခင်သည်၊ ကျွန်တော်၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ကျွန်တော်၌ လုံလောက်အောင် ရှိပါ၏ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏။
ဧသောသည် စိရပြည်သို့ အရင်ပြန်သွား
၁၂ ဧသောကလည်း၊ ခရီးသွားကြစို့၊ သင့်ရှေ့မှာ ကျွန်ုပ်သွားမည်ဟုဆိုလျှင်၊ ၁၃ ယာကုပ်က သခင်သိသည်အတိုင်း၊ ဤသူငယ်တို့သည် နုငယ်ပါ၏။ သားငယ်ပါသော သိုး၊ ဆိတ်၊ နွားမတို့သည် ကျွန်တော်၌ ပါပါ၏။ တနေ့ခြင်းတွင် အနှင်လွန်လျှင်၊ ရှိသမျှတို့သည် သေကြပါလိမ့်မည်။ ၁၄ ထိုကြောင့် သခင်သည်၊ ကိုယ်တော်၏ကျွန်ရှေ့မှာ ကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင်ခဲ့သော တိရစ္ဆာန်များ၊ သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာ စိရပြည်သို့ ရောက်အောင်၊ တဖြည်းဖြည်း ပို့ဆောင်ပါမည်၊ ဟုလျှောက်လေ၏။ ၁၅ ဧသောကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်၌ ပါသောသူအချို့တို့ကို ညီ၌ ထားခဲ့ပါရစေ၊ ဟုဆိုလျှင်၊ ယာကုပ်က၊ အဘယ်အကြောင်း ရှိပါသနည်း။ သခင်၏စိတ်တော်နှင့် တွေ့ပါစေ၊ ဟုပြန်ဆိုသော်၊ ၁၆ ဧသောသည် ထိုနေ့ခြင်းတွင် စိရပြည်သို့ ခရီးသွား၍ ပြန်လေ၏။
တဲမြေကို ဟာမော်သားတို့တွင်ဝယ်
၁၇ ယာကုပ်လည်း၊ သုကုတ်အရပ်သို့ ခရီးသွား၍၊ ကိုယ်နေဖို့အိမ်ကို၎င်း၊ တိရစ္ဆာန်များနေဖို့ တင်းကုပ်တို့ကို၎င်း၊ ဆောက်လေ၏။ ထိုကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍ တွင်လေသတည်း။ ၁၈ ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သောလမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာ တဲကိုဆောက်လေ၏။ ၁၉ တဲဆောက်ရာ မြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတစ်ပိဿာအဖိုးပေး၍ ဝယ်ရသတည်း။ ၂၀ ထိုအရပ်၌လည်း ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ဧလေလောဣသရေလ (El-Elohe-Israel) ဟူ၍သမုတ်လေ၏။