အာမုတ် အနာဂတ္တိ
အခန်းကြီး ၁
ထာ၀ရဘုရားသည် ဇိအုန်တောင်မှ ကြွေးကြော်
၁ ယုဒရှင်ဘုရင် ဩဇိမင်း၊ ဣသရေလ ရှင်ဘုရင် ယောရှ၏သား ယေရောဗောင်မင်း တို့လက်ထက်၊ မြေကြီးမလှုပ်မှီ နှစ်နှစ်အထက်က၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသား အာမုတ်သည်၊ ဣသရေလ ပြည်အတွက် ခံရသော ဗျာဒိတ်တော် စကားဟူမူကား၊ ၂ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲမှ အသံကို လွှင့်တော်မူသောကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလ တောင်ထိပ်သည် နွမ်းရိလိမ့်မည်။
ဒမာသက်မြို့နှင့်ဆိုင်သော
၃ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့နှင့် ကြိတ်နယ်သော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ ၄ ဟာဇေလမင်းမျိုးအပေါ်သို့ မီးကိုလွှတ်၍၊ ဗင်္ဟာဒဒ်မင်း၏ ဘုံဗိမာန်တို့ကို လောင်စေမည်။ ၅ ဒမာသက်မြို့ တံခါး ကန့်လန့်ကျင်ကိုချိုးမည်။ အာဝင်ချိုင့်သားတို့ကို၎င်း၊ ဗေသေဒင်မင်း ပြုသောသူတို့ကို၎င်း၊ ပယ်ဖျက်မည်။ ရှုရိပြည်သားတို့သည် ကိရမြို့သို့ သိမ်းသွားခြင်းကို ခံရကြမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။
ဂါဇမြို့နှင့်ဆိုင်သော
၆ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဂါဇမြို့သည် ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုန်မင်း၌ အပ်ခြင်းငှါ သိမ်းသွားသော အပြစ်သုံးပါးမက၊ အပြစ် လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ ၇ ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ ၈ အာဇုတ်မြို့သားတို့ကို၎င်း၊ အာရှကေလုန်မြို့၌ မင်းပြုသောသူတို့ကို၎င်း၊ ပယ်ဖျက်မည်။ ဧကြုန်မြို့ကိုလည်း တိုက်၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
တုရုမြို့နှင့်ဆိုင်သော
၉ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သော မိဿဟာယကို မစောင့်၊ ချုပ်ထားသောသူ အပေါင်းတို့ကို ဧဒုံမင်း၌ အပ်သောအပြစ် သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ ၁၀ တုရုမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ ၁၁ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧဒုံပြည်သည် သနားသော စိတ်ကို ချုပ်တည်း၍၊ ညီအစ်ကိုကို ဓါးနှင့်လိုက်သောအပြစ်၊ ဒေါသစိတ်နှင့် အစဉ်အမြဲဆွဲဖြတ်၍ အစဉ်အမြဲ အငြိုးထားသော အပြစ်သုံးပါးမက၊ အပြစ်လေးပါကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ ၁၂ တေမန်မြို့အပေါ်သို့ မီးကိုလွှတ်၍ ဗောဇရမြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။
အမ္မုန်အမျိုးနှင့်ဆိုင်၍
၁၃ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား အမ္မုန်ပြည်သားတို့သည်၊ မိမိတို့နေရာကို ကျယ်စေခြင်းငှါ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူ မိန်းမတို့၏ဝမ်းကို ခွဲသောအပြစ်သုံးပါမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ ၁၄ ရဗ္ဗါမြို့ရိုးကို မီးရှို့ ၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ စစ်တိုက်သောနေ့၌ အော်ဟစ်ခြင်း၊ မိုးသက်မုန်တိုင်း ရောက်သောနေ့၌ လွင့်သွားခြင်းရှိလိမ့်မည်။ ၁၅ သူတို့ ရှင်ဘုရင်ကိုယ်တိုင်မှစ၍၊ မှူးတော် မတ်တော်များတို့သည် သိမ်းသွားခြင်းကို ခံရလိမ့်မည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။