ကမ္ဘာဦးကျမ်း
အခန်းကြီး ၄၀
စားတော်ဝန်နှင့် ဖလားတော်ဝန် အချုပ်ခံ
၁ ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော်ဝန်နှင့် စားတော်ဝန်တို့သည်၊ မိမိတို့အရှင် အဲဂုတ္တုရှင်ဘုရင်ကို ပြစ်မှားကြ၏။ ၂ ဖာရောဘုရင်သည် ထိုအမတ် နှစ်ယောက်တည်းဟူသော၊ ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ကို အမျက်ထွက်၍၊ ၃ ယောသပ် အချုပ်ခံရာထောင်တည်းဟူသော၊ ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏။ ၄ ကိုယ်ရံတော်မှူးသည် သူတို့ကို ယောသပ်၌အပ်၍ ယောသပ်သည်ပြုစုရ၏။ သူတို့လည်း အင်တန်ကာလ အချုပ်ခံလျက် နေရကြ၏။
ဖလားတော်ဝန်နှင့် စားတော်ဝန်အိပ်မက်
၅ ထိုသို့ ထောင်ထဲမှာ အချုပ်ခံလျက်နေရသော၊ အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန် နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ကိုယ်စီ ဆိုင်သောအနက်နှင့် ပြည့်စုံသောအိပ်မက်ကို၊ တစ်ညခြင်းတွင် တစ်ယောက်တစ်နည်းစီ မြင်မက်ကြ၏။ ၆ နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ထံသို့ဝင်၍ ကြည့်ရှုသောအခါ၊ သူတို့မျက်နှာ ညှိုးငယ်လျက်ရှိသည်ကို မြင်လျှင်၊ ၇ သင်တို့သည် ယနေ့အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း၊ ဟုမိမိသခင်အိမ်၌ မိမိနှင့်အတူ အချုပ်ခံနေရသော ဖာရောဘုရင်၏ အမတ်တို့အား မေး၏။ ၈ သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဖတ်နိုင်သောသူမရှိ ဟုဆိုကြသော်၊ ယောသပ်က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အားကြား ပြောကြပါ ဟုဆို၏။
ယောသပ်က ဖလားတော်ဝန်၏အိပ်မက် အနက်ပြန်
၉ ထိုအခါ ဖလားတော်ဝန်သည်၊ မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား၊ ငါမြင်မက်သော အိပ်မက်တွင်၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင်ရှိ၏။ ၁၀ ထိုစပျစ်နွယ်ပင်၌ အလက်သုံးလက်ရှိ၏။ ထိုအလက်တို့၌ ပန်းငုံကဲ့သို့ရှိ၏။ အပွင့်လည်းပွင့်၏။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီးဖြစ်၏။ ၁၁ ဖာရောမင်း၏ ဖလားတော်ကို ငါကိုင်လျက်၊ ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ ညှစ်ပြီးမှ လက်တော်တွင်ဆက်သည်၊ ဟုပြောဆို၏။ ၁၂ ယောသပ်ကလည်း သင်၏အိပ်မက် အနက်ဟူမူကား၊ စပျစ်နွယ်သုံးလက်တို့သည် သုံးရက်ဖြစ်၏။ ၁၃ သုံးရက်လွန်မှ ဖာရောဘုရင်သည်၊ သင်၏ဦးခေါင်းကို ချီးမြှောက်၍ သင်၏အရာကို ပြန်ပေးတော်မူသဖြင့်၊ သင်သည် အထက်က ဖလားတော်ဝန်ဖြစ်၍ ပြုဘူးသည်နည်းတူ၊ တဖန်ဖလားတော်ကို ဖာရောမင်း၏လက်တွင် ဆက်မြဲဆက်ရလိမ့်မည်။ ၁၄ သင်သည် ချမ်းသာရသောအခါ၊ ကျွန်ုပ်ကိုအောက်မေ့၍ ကျေးဇူးပြုပါလော့။ ဖာရောမင်းကို လျှောက်၍ ကျွန်ုပ်ကို ဤအိမ်မှနှုတ်ယူပါ။ ၁၅ အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှ ခိုးယူခဲ့ကြ၏။ ဤပြည်မှာလည်း ကျွန်ုပ်၌ အပြစ်မရှိဘဲ ထောင်ထဲမှာ လှောင်ထားကြသည်၊ ဟုဆိုလေ၏။
စားတော်ဝန်၏အိပ်မက် အနက်ပြန်ပေး
၁၆ ထိုအိပ်မက် အနက်ကောင်းသည်ကို စားတော်ဝန်သိမြင်လျှင်၊ ငါသည်လည်း ဖြူသောတောင်း သုံးလုံးကို ကိုယ်တိုင်ရွက်နေသည်ကိုမြင်မက်၏။ ၁၇ အပေါ်တောင်းတွင် ဖာရောမင်းစားတော်ခေါ်ဖို့၊ ချက်ပြီးသော ခဲဘွယ်စားဘွယ် အမျိုးမျိုးရှိ၍၊ ငှက်တို့သည်လည်း ငါရွက်သော တောင်းထဲကနှုတ်၍ စားကြသည်၊ ဟုယောသပ်အားပြောဆို၏။ ၁၈ ယောသပ်ကလည်း၊ သင်၏အိပ်မက် အနက်ဟူမူကား၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။ ၁၉ သုံးရက်လွန်မှ ဖာရောမင်းသည် သင်၏ဦးခေါင်းကို ကိုယ်နှင့်ခွာမြှောက်လျက် သစ်ပင်၌ ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကိုနှုတ်၍ စားကြလိမ့်မည်၊ ဟုပြန်ပြော၏။
အိပ်မက်အနက် ပြန်သည့်အတိုင်းပြည့်စုံ
၂၀ ထိုနောက် သုံးရက်လွန်သောအခါ၊ ဖာရောမင်းဖွားသောနေ့ရက်၌၊ နှစ်စဉ်ပွဲကိုခံ၍ ကျွန်တော်မျိုးအပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလားတော်ဝန်၏ဦးခေါင်းနှင့် စားတော်ဝန်၏ဦးခေါင်းကို ကျွန်တော်မျိုးတို့တွင် ခေါ်တော်မူ၍၊ ၂၁ အိပ်မက်အနက်ကို ယောသပ် ဖတ်သည်အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တဖန် ခန့်တော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖာရောမင်း၏လက်တွင် ဆက်မြဲဆက်ရ၏။ ၂၂ စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏။ ၂၃ သို့သော်လည်း ဖလားတော်ဝန်သည်၊ ယောသပ်ကို မအောက်မေ့ဘဲ မေ့လျော့၍နေလေ၏။