-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၁၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၁၉


ကောင်းကင်တမန် သောဒုံမြို့သို့ကြွလာ

ကောင်းကင်တမန် နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါထ၍၊ မြေ၌ဦးညွှတ်ချလျက်၊ အ​ကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ကျွန်၏ အိမ်သို့ဝင်၍ တညလုံးနေကြပါ။ ​ခြေကိုဆေးကြပါ။ နံနက်စောစောထ၍ ကြွသွားကြပါလော့ ဟုဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည် မဝင်၊ တညလုံးလမ်း၌ နေတော့မည် ဟုဆိုသော်လည်း၊ ကျပ်ကျပ်သွေးဆောင်သောကြောင့်၊ တဖန် လောတနေရာသို့ လှည့်၍၊ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း၊ သူတို့အဖို့ပွဲလုပ်၍၊ တဆေးမပါသောမုန့်ကို ပေါင်းပြီးမှ၊ သူတို့သည်စားကြ၏။


သောဒုံမြို့သားများ ကောင်းကင်တမန်များနှင့် ပြစ်မှားဖို့ကြံ

ထိုသူတို့သည်မအိပ်မှီ၊ သောဒုံမြို့သား ယောကျ်ားအကြီးအငယ်၊ အရပ်ရပ်က လာသောသူအပေါင်းတို့သည် အိမ်ကို ဝိုင်း၍၊ လောတကိုဟစ်ခေါ်လျက်၊ ယနေ့ညမှာ သင့်အိမ်သို့ ဝင်သောလူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့် ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍၊ ငါတို့ထံသို့ ထွက်စေလော့ ဟုဆိုကြ၏။ လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ထွက်၍၊ မိမိနောက်၌ တံခါးကိုပိတ်ပြီးလျှင်၊ ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အ​ကျွန်ုပ်၌ ယောကျ်ားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ ထုတ်ရသောအခွင့်ကို ပေးကြပါလော့။ သူတို့၌ ပြုချင်သမျှ ပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အ​ကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ ၊ ဟုတောင်းပန်သော်လည်း၊ သူတို့က ဆုတ်လော့ ဟုဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှါသာ ရောက်လာသည်နှင့် တရားသူကြီး လုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကို ပြုမည်ဟုဆိုလျက်၊ လောတကိုကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။ ၁၀ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍၊ လောတကို မိမိတို့နေရာ အိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကိုပိတ်ကြ၏။ ၁၁ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို၊ မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာ၍၊ ပင်ပန်းခြင်းသို့ရောက်ကြ၏။


လောတသမက်များကို သတိပေးသော်လည်း မယုံကြ

၁၂ ကောင်းကင်တမန်တို့ကလည်း၊ ဤအရပ်၌ သင်နှင့်ဆိုင်သောသူ ရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာသင်၌ ရှိသမျှကို ဤအရပ်က ထုတ်ဆောင်လော့။ ၁၃ ဤအရပ်ကို ငါတို့သည် ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရားရှေ့တော်မှာ၊ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှါ၊ ထာဝရဘုရားသည် ငါတို့ကို စေလွှတ်တော်မူပြီ ၊ ဟုလောတအား ပြောဆိုကြ၏။ ၁၄ လောတထွက်၍၊ သမီးနှင့်စုံဘက်သောသူ၊ မိမိသမက်တို့အား၊ ထကြ။ ဤအရပ်မှ ထွက်သွားကြ။ ဤမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူမည် ဟုဆိုသော်လည်း၊ ကျီစားဟန်ရှိသည်၊ ဟုသမက်တို့ထင်ကြ၏။


လောတနှင့်မိသားစု သောဒုံမြို့မှထွက်ဖို့ ဖင့်နွဲ့

၁၅ မိုးသောက်သောအခါ၊ ကောင်းကင်တမန်တို့သည် လောတကိုဆော်လျက်၊ သင်သည်ထ၍၊ ဤအရပ်၌ရှိသော မယားနှင့် သမီးနှစ်ယောက်တို့ကို ယူသွားလော့။ သို့မဟုတ်၊ မြို့၏အပြစ်၌ ဆုံးခြင်းသို့ရောက်လိမ့်မည် ဟုဆိုသော်လည်း၊ ၁၆ သူသည် ဖင့်နွဲ့သောအခါ၊ ထာဝရဘုရားသနားတော်မူသောကြောင့်၊ ကောင်းကင်တမန်တို့သည်၊ သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကို လက်ဆွဲ၍၊ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။ ၁၇ ပြင်သို့ရောက်သောအခါ၊ သင်သည် အသက်ချမ်းသာရခြင်းငှါ ပြေးလော့။ နောက်သို့ လှည့်၍မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ပြေးလော့၊ သို့မဟုတ် ဆုံးလိမ့်မည်ဟုဆိုလေ၏။ ၁၈ လောတကလည်း၊ အ​ကျွန်ုပ်သခင်၊ ထိုသို့မဆိုပါနှင့်။ ၁၉ ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရပါပြီ။ အ​ကျွန်ုပ်အသက်ချမ်းသာစေသဖြင့်၊ အ​ကျွန်ုပ်၌ ပြုတော်မူသော ကရုဏာကျေးဇူး များပြားလှပါ၏။ ဘေးလွတ်၍ တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံတခုတွေ့၍ သေမည်ကို စိုးရိမ်ပါ၏။ ၂၀ ကြည့်ပါ၊ ထိုမြို့နီးပါ၏၊ ပြေးသာပါ၏၊ ငယ်သောမြို့လည်း ဖြစ်ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့ မဟုတ်လော။ သို့ပြေးလျှင်၊ အသက်ချမ်းသာရပါမည် ဟုလျှောက်ဆို၏။ ၂၁ ထိုသူကလည်း၊ ကြည့်ပါ။ ဤအမှုအရာ၌လည်း သင်၏စကားကို နားထောင်စေခြင်းငှါ၊ ထိုမြို့အတွက် တောင်းပန်သောကြောင့် ငါမဖျက်ဆီး။ ၂၂ ဘေးလွတ်ခြင်းငှါ ထိုမြို့သို့ အလျှင်အမြန်ပြေးလော့။ ထိုမြို့သို့ မရောက်မှီ၊ ငါသည် အဘယ်အမှုကိုမျှ မပြုနိုင် ဟုဆိုလေ၏။ ထိုကြောင့် ထိုမြို့ကို ဇောရမြို့ ဟုသမုတ်ကြ၏။ ၂၃ လောတသည် ဇောရမြို့သို့ ဝင်သောအခါ၊ မြေကြီးပေါ်မှာနေထွက်ချိန် ဖြစ်သတည်း။ ၂၄ ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ကန့်နှင့်မီးမိုးကို ရွာစေတော်မူ၏။ ၂၅ ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ်တရှောက်လုံး၎င်း၊ မြေ၌ပေါက်သမျှကို၎င်း၊ မှောက်လှဲတော်မူ၏။ ၂၆ လောတ၏မယားမူကား၊ နောက်သို့လှည့်ကြည့်၍ ဆားတိုင်ဖြစ်လေ၏။


အာဗြဟံက သောဒုံဂေါမောရမြို့ မီးလောင်ခြင်းကိုကြည့်

၂၇ နံနက်စောစော အာဗြဟံသည်ထ၍၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေသောအရပ်သို့ သွားပြီးလျှင်၊ ၂၈ သောဒုံမြို့နှင့် ဂေါမောရမြို့မှစသော ချိုင့်အရပ်တရှောက်လုံးကို ကြည့်ရှု၍၊ မီးဖို၌ အခိုးကဲ့သို့၊ တပြည်လုံးအခိုးတက်သည် ကိုမြင်လေ၏။၂၉ ထိုသို့ ဘုရားသခင်သည် ချိုင့်ထဲမှာရှိသော မြို့တို့ကို ဖျက်ဆီးသောအခါ၊ အာဗြဟံကို အောက်မေ့တော်မူ၏။ လောတနေသော မြို့တို့ကို မှောက်လှဲသောအခါ၊ မှောက်လှဲရာထဲက လောတကို လွှတ်လိုက်တော်မူ၏။


လောတသမီးများနှင့်အိပ်၍ သားရရှိ
CROSS REFERENCES






၃၀ လောတသည် ဇောရမြို့မှထွက်၍၊ သမီးနှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ၏။ ဇောရမြို့၌ မနေဝံ့၍၊ သမီးနှစ်ယောက်နှင့်တကွ ဥမှင်၌နေ၏။ ၃၁ သမီးအကြီးက၊ ငါတို့အဘအိုပြီ။ မြေကြီးသားအပေါင်းတို့၏ ဘာသာအတိုင်း၊ ငါတို့ထံသို့ ဝင်ရသော ယောကျ်ားတစ်ယောက်မျှ မြေပေါ်မှာမရှိ။ ၃၂ လာကြ။ ငါတို့အဘကို စပျစ်ရည်တိုက်ကြစို့၊ ငါတို့အဘ၏ အမျိုးအနွယ်ကို စောင့်မ၍၊ သူနှင့်အိပ်ကြစို့ ဟုညီမကိုပြောဆို၏။ ၃၃ ထိုနေ့ညမှာ သူတို့သည်အဘကို စပျစ်ရည်တိုက်ပြီးလျှင်၊ သမီးအကြီးသည်ဝင်၍ အဘနှင့်အိပ်လေ၏။ သူအိပ်ကြောင်းကို၎င်း၊ ထကြောင်းကို၎င်း၊ အဘမသိ။ ၃၄ နက်ဖြန်နေ့တွင် အကြီးကလည်း၊ မနေ့ညမှာ ငါသည်အဘနှင့် အိပ်လေပြီ။ ယနေ့ည တဖန်သူ့ကို စပျစ်ရည်တိုက်ကြစို့။ သင်သည်ဝင်၍ အဘ၏အမျိုးအနွယ်ကို စောင့်မခြင်းငှါ၊ သူနှင့်အိပ်လော့ ဟုညီမကိုပြောဆို၏။ ၃၅ ထိုနေ့ည၌လည်း သူတို့သည်အဘကို စတိုက်ပြီးလျှင်၊ အငယ်သည်ဝင်၍ အဘနှင့်အိပ်လေ၏။ အိပ်ကြောင်းကို၎င်း၊ ထကြောင်းကို၎င်း၊ အဘမသိ။ ၃၆ ထိုသို့ လောတ၏ သမီးနှစ်ယောက်တို့သည်၊ မိမိအဘအားဖြင့် ပဋိသန္ဓေ [A]စွဲနေ၏။ ၃၇ သမီးအကြီးသည် သားကိုဖွား၍ မောဘအမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏ အဘဖြစ်သတည်း။ ၃၈ သမီးအငယ်သည်လည်း သားကိုဖွား၍၊ ဗေနမ္မိအမည်ဖြင့်မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော အမ္မုန်အမျိုးသားတို့၏ အဘဖြစ်သတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.