ကမ္ဘာဦးကျမ်း
အခန်းကြီး ၂၇
ဣဇာက်က သားကြီးဧသောကို ကောင်းကြီးပေးဖို့ပြော
၁ ထိုနောက် ဣဇာက်သည် အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီး ဧသောကို၊ ငါ့သားဟုခေါ်လျှင်၊ ကျွန်ုပ်ရှိပါ ၏ ဟုထူးလေ၏။ ၂ အဘကလည်း ယခုငါအိုလှပြီ။ အဘယ်သောအခါ သေရမည်ကို ငါမသိ။ ၃ မသေမှီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဖို့ အမဲကောင်ကို ရအောင်ရှာပြီးလျှင်၊ ၄ ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်၍၊ ငါ့ထံသို့ ယူခဲ့ပါလော့၊ ဟုပြောဆို၏။
ရေဗက္ကက သားငယ်ယာကုပ်ကို ကောင်းကြီးလုဖို့ အကြံပေး
၅ ထိုသို့ ဣဇာက်သည် သားဧသောအား ပြောဆိုသောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကိုရအောင် တောသို့အရှာသွားစဉ်တွင်၊ ၆ ရေဗက္ကသည် သားယာကုပ်ကို ခေါ်၍၊ ၇ သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ရှေ့ တော်မှာ သင့်ကိုငါကောင်းကြီးပေးမည်အကြောင်း၊ ငါစားစရာဖို့ အမဲသားကို ယူခဲ့၍၊ အမဲဟင်းလျာကို ချက်ပါ၊ ဟုသင်၏အစ်ကိုဧသောအား ပြောသည်ကို ငါကြားပြီ။ ၈ သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသောစကားကို နားထောင်ပါလော့။ ၉ ယခု ဆိတ်စုရှိရာသို့သွား၍၊ ကောင်းသော ဆိတ်သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။ ၁၀ သင်၏အဘ မသေမှီ သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှာ သင်သည် အဘထံသို့ပို့ဆောင်ရမည်၊ ဟုဆိုလေ၏။ ၁၁ ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကိုဧသောကား အမွေးရှိသောသူ၊ ကျွန်ုပ်ကား ချောမွတ်သောသူဖြစ်၏။ ၁၂ ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်းစမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကို လှည့်စားသောသူဟူ၍ ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ခံရလိမ့်မည်၊ ဟုအမိကိုဆိုလေ၏။ ၁၃ အမိရေဗက္ကကလည်း၊ ငါ့သား၊ သင်ခံရသော ကျိန်ခြင်းအမင်္ဂလာသည် ငါ၌ သင့်ရောက်ပါစေ။ ငါ့စကားကိုနားထောင်၍ ဆိတ်သငယ်တို့ကို သာယူခဲ့ပါ၊ ဟုဆိုသည်အတိုင်း၊ ၁၄ သူသည်သွား၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်လေ၏။ ၁၅ ထိုအခါ ရေဗက္ကသည် အိမ်တွင် မိမိလက်၌ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သောအဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကို ဝတ်စေလျက်၊ ၁၆ ဆိတ်သငယ်၏ သားရေကိုလည်းယူ၍ သူ၏လက်၌၎င်း၊ လည်ပင်းချောသောဘက်၌၎င်း၊ ဆင်ယင်ပြီးလျှင်၊ ၁၇ မိမိချက်သော အမဲဟင်းနှင့် မုန့်ကို သားယာကုပ်လက်၌ အပ်ပေး၏။
ယာကုပ်အဘထံ ကောင်းကြီးတောင်း
၁၈ ယာကုပ်လည်း အဘထံသို့သွား၍ အဘဟုခေါ်လေ၏။ အဘကလည်း ငါရှိ၏ငါ့သား၊ သင်သည်အဘယ်သူနည်း ဟုမေး၏။ ၁၉ ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီးဧသော ဖြစ်ပါ၏။ အဘမှာထားသည်အတိုင်း ပြုပါပြီ၊ ထ၍ထိုင်ပါ။ အဘ၏ ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်းကြီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကို စားပါလော့၊ ဟုဆိုလေ၏။၂၀ အဘဣဇာက်ကလည်း၊ ငါ့သား၊ ဤမျှလောက် လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့နည်း၊ ဟုသားအားမေးလျှင်၊ အဘ၏ ဘုရားသခင်ထာဝရဘုရားသည်၊ အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသောကြောင့် လျင်မြန်စွာတွေ့ရပါသည်၊ ဟုပြန်ဆိုလေ၏။၂၁ ဣဇာက်ကလည်း၊ ငါ့သား၊ သင်သည် ငါ့သားဧသော မှန်သည်မမှန်သည်ကို သိလို၍၊ သင့်ကိုငါစမ်းသပ်စေခြင်းငှာ၊ ငါ့ထံပါးသို့ ချဉ်းကပ်ပါလော့ဟုဆိုလျှင်၊ ၂၂ ယာကုပ်သည် အဘထံပါးသို့ ချဉ်းကပ်၍၊ အဘသည် စမ်းသပ်လျက်၊ အသံကား ယာကုပ်၏အသံ၊ လက်တို့ကား ဧသော၏လက် ဖြစ်ပေတည်း ဟုဆိုလေ၏။ ၂၃ ထိုသို့ သူ၏လက်တို့သည် ဧသော၏လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိသဖြင့်၊ ကောင်းကြီးပေးလေ၏။ ၂၄ သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့သားဧသော စင်စစ်အမှန်ဖြစ်သလော၊ ဟုမေးပြန်လျှင်၊ မှန်ပါသည်ဟုဆို၏။ ၂၅ အဘကလည်း၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ။ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ငါ့သား၏အမဲသားကို ငါစားအံ့ ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံသို့သွင်း၍၊ အဘစားလေ၏။ စပျစ်ရည်ကိုလည်းပေး၍ အဘသောက်လေ၏။ ၂၆ ထိုနောက်အဘက၊ ငါ့သားချဉ်းကပ်၍ ငါ့ကိုနမ်းပါလော့၊ ဟုဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ်၍ အဘကိုနမ်းလေ၏။ ၂၇ အဘဣဇာက်ကလည်း၊ သူ့အဝတ်၏အနံ့ကို ခံ၍ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရား ကောင်းကြီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့်တူ၏။ ၂၈ ထိုကြောင့်၊ ဘုရားသခင်သည် မိုးကောင်းကင်၏ နှင်းကို၎င်း၊ မြေကြီး၏ဆီဥကို၎င်း၊ များစွာသောဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အားပေးတော်မူစေသတည်း။ ၂၉ သူတပါးတို့သည် သင်၌ ကျွန်ခံ၍၊ အပြည်ပြည်တို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင်သည် သင်၏ ညီအစ်ကိုတို့ရှေ့၌ အရှင်ဖြစ်၍၊ သင့်အမိ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲသောသူအပေါင်းတို့သည်၊ ကျိန်ဆဲခြင်းကို ခံရကြစေသတည်း။ သင့်ကို ကောင်းကြီးပေးသောသူ အပေါင်းတို့သည်၊ ကောင်းကြီးကို ခံရကြစေသတည်း၊ ဟုကောင်းကြီးပေးလေ၏။
ဧသောလည်း အဘထံ၌ ကောင်းကြီးတောင်းခံ
၃၀ ယာကုပ်သည်၊ အဘဣဇာက်ပေးသော ကောင်းကြီးမင်္ဂလာကိုခံ၍၊ အဘထံမှ ထွက်သွားသော ခဏချင်းတွင်၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှ ရောက်လာ၏။ ၃၁ သူသည်လည်း အမဲဟင်းလျာကိုချက်၍ အဘထံသို့ ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊ အကျွန်ုပ်ကို ကောင်းကြီးပေးမည်အကြောင်း၊ သား၏အမဲသားကို ထ၍စားပါလော့ ဟုဆိုလေ၏။ ၃၂ အဘဣဇက်ကလည်း၊ သင်သည် အဘယ်သူနည်း ဟုမေးလျှင်၊ အကျွန်ုပ်ကား သားအကြီးဧသောဖြစ်ပါ၏ ဟုဆိုလေသော်၊ အဘဣဇာက်သည်အလွန်တုန်လှုပ်၍၊ အဘယ်သူနည်း၊ ၃၃ အမဲသားကိုရ၍၊ ငါ့ထံသို့ ဆောင်ခဲ့ပြီးသောသူသည် အဘယ်မှာရှိသနည်း။ သင်မရောက်မှီ ငါသည် အကုန်အစင်စားပြီး၍၊ သူ့ကိုကောင်းကြီးပေးမိပြီ။ သူသည်ကောင်းကြီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်၊ ဟုဆိုလေ၏။ ၃၄ အဘဆိုသောစကားကို ဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်။ ၃၅ အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍ သင်၏ ကောင်းကြီးမင်္ဂလာကိုယူသွားပြီ ဟုဆိုလေ၏။ ၃၆ ဧသောကလည်း၊ သူ့ကို ယာကုပ်ဟူသောအမည်နှင့် လျောက်ပတ်စွာ မှည့်ပါပြီ မဟုတ်လော။ ကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား၍ နိုင်ပါပြီ။ သားဦးအရိပ်အရာကို အရင်ယူသွားပါပြီ။ ယခုလည်း တဖန် အကျွန်ုပ်၏ ကောင်းကြီးမင်္ဂလာကို ယူသွားပါပြီ ဟူ၍၎င်း၊ အကျွန်ုပ်အဘို့ ကောင်းကြီးမင်္ဂလာတပါးကိုမျှ မခြွင်းပါသလောဟူ၍၎င်း၊ ဆိုလေ၏။ ၃၇ ဣဇာက်ကလည်း၊ သူ့ကိုသင်၏အရှင် ဖြစ်စေပြီ။ ညီအစ်ကိုအပေါင်းတို့ကို သူ၌ ကျွန်ခံစေပြီ။ ဆန်စပါး၊ စပျစ်ရည်နှင့် သူ့ကိုထောက်မပြီ။ သို့ဖြစ်၍ ငါ့သား၊ သင်၌ အဘယ်သို့ ပြုနိုင်တော့အံ့နည်း ၊ ဟုဧသောအားပြန်ပြောလျှင်၊ ၃၈ ဧသောက၊ အိုအဘ၊ ကောင်းကြီးမင်္ဂလာ တစုံတခုမျှမရှိပါသလော။ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလော့၊ ဟုအဘအားပြောဆိုလျက်၊ တဖန် အသံကိုလွှင့်၍ ငိုကြွေးလေ၏။ ၃၉ အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏နေရာသည် မြေကြီး၏ဆီဥနှင့်၎င်း၊ အထက်မိုးကောင်းကင်၏ နှင်းနှင့်၎င်း၊ ပြည့်စုံလိမ့်မည်။ ၄၀ ဓါးဖြင့်အသက်ကို မွေးရလိမ့်မည်။ ညီ၌ ကျွန်ခံရလိမ့်မည်။ နောက်တဖန် အစိုးရသောအခါ၊ သူတင်သောထမ်းပိုးကို သင်၏လည်ပင်းမှ ချိုးပယ်လိမ့်မည် ၊ ဟုပြန်၍ဆိုလေ၏။
ဧသောသည် ညီယာကုပ်ကို သတ်ဖို့ကြံ
၄၁ အဘသည် ယာကုပ်အား ပေးသောကောင်းကြီးမင်္ဂလာကြောင့်၊ ဧသောသည် ယာကုပ်ကို အငြိုးထား၍၊ ငါ့အဘကြောင့် ညည်းတွားရသော နေ့ရက်ကာလ အချိန်နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကို ငါသတ်မည်၊ ဟုအကြံနှင့်ပြောလေ၏။ ၄၂ ထိုသို့ သားကြီးဧသော ပြောသောစကားကို အမိရေဗက္ကကြားလျှင်၊ သားငယ်ယာကုပ်ကို ခေါ်၍၊ သင်၏အစ်ကိုဧသောသည် သင့်ကိုသတ်သဖြင့်၊ သင့်အမှု၌ စိတ်ပြေလိမ့်မည်။ ၄၃ ထိုကြောင့်၊ ငါ့သား၊ ငါ့စကားကိုနားထောင်ပါ။ ငါ့မောင်လာဗန်နေရာ ခါရန်မြို့သို့ ထ၍ပြေးသွားပါလော့။ ၄၄ သင်၏အစ်ကို စိတ်ပြေသည်တိုင်အောင်၊ သူ့ထံမှာ ခဏရှောင်၍နေပါလော့။ ၄၅ သင်၏ အစ်ကိုစိတ်ပြေ၍၊ သင်သည်သူ၌ ပြုသောအမှုကို မေ့လျော့သောအခါ၊ ငါမှာလိုက်၍ ထိုအရပ်မှ သင့်ကိုဆောင်ခဲ့စေမည်။ ငါ့သားနှစ်ယောက်လုံးကို တနေ့ချင်းတွင် အဘယ်ကြောင့် ငါရှုံးရမည်နည်း ဟုဆိုလေ၏။ ၄၆ တဖန် ရေဗက္ကသည် ဣဇာက်ထံသို့သွား၍၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက်ကို ငြီးငွေ့လှ၏။ ဤပြည်သူသမီး ကဲ့သို့သောသူ၊ ဟေသအမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဘက်ပြုလျှင်၊ ကျွန်မအသက်ရှင်၍ အဘယ်အကျိုးရှိပါလိမ့်မည်နည်း ဟုပြောဆိုလေ၏။