ကမ္ဘာဦးကျမ်း
အခန်းကြီး ၄၄
ယောသပ်၏ ညီအစ်ကိုများ ပြန်ပြီးမှ ပြန်လာ
၁ ယောသပ်သည်လည်း ဝန်စာရေးကိုခေါ်၍ ထိုသူတို့အိတ်များ၌ ရိက္ခာပါနိုင်သမျှ အပြည့်ထည့်လော့။ လူတိုင်းဆိုင်သောငွေကို မိမိတို့အိတ်ဝတွင်၎င်း၊ ၂ စပါးအဖိုးငွေနှင့် ငွေဖလားကို၊ အငယ်ဆုံးသောသူ၏ အိတ်ဝတွင်၎င်း၊ ထည့်ထားလော့၊ ဟုမှာသည်အတိုင်း ဝန်စာရေးပြုလေ၏။ ၃ နံနက်မိုးလင်းသောအခါ၊ ထိုသူတို့ကို မြည်းများနှင့်တကွ လွှတ်လိုက်လေ၏။ ၄ မြို့ပြင်သို့ရောက်၍ မဝေးသေးသောအခါ၊ ယောသပ်သည် ဝန်စာရေးကိုခေါ်၍၊ ထိုသူတို့ကို မြန်မြန်လိုက်လော့။ မှီသောအခါ သင်တို့သည် ကျေးဇူးကို မကောင်းသောအမှုနှင့် အဘယ်ကြောင့် ဆပ်ကြသနည်း။ ၅ ငါ့သခင်သောက်သောဖလား မဟုတ်လော။ ထူးဆန်းသောဥာဏ်ကို ဖြစ်စေတတ်သောဖလား မဟုတ်လော။ သင်တို့ပြုသော ဤအမှုသည် မကောင်းပါတကား၊ ဟုပြောဆိုလော့၊ ဟုမှာသည်အတိုင်း၊ ၆ ဝန်စာရေးလိုက်၍ မှီသောအခါ ပြောဆိုလေ၏။ သူတို့ကလည်း ဤစကားကို သခင်သည် အဘယ်ကြောင့် ပြောပါသနည်း။ ၇ ကိုယ်တော်ကျွန်တို့နှင့် ထိုသို့သောအမှု ဝေးပါစေသတည်း။ ၈ ယမန်ကအိတ်ဝတွင် တွေ့သောငွေကို၊ ခါနာန်ပြည်မှ ကိုယ်တော်ထံသို့ တဖန်ဆောင်ခဲ့ပါပြီ။ သို့ဖြစ်လျှင် ကိုယ်တော်၏သခင်အိမ်၌ ရွှေငွေကို အဘယ်ကြောင့် ခိုးရပါအံ့နည်း။ ၉ ကိုယ်တော်၏ကျွန်တို့တွင် မည်သူ၌ တွေ့လျှင်၊ ထိုသူကိုသေစေ။ ကျွန်တော်တို့သည်လည်း သခင်၏ကျွန်ခံကြပါမည်၊ ဟုဆိုကြ၏။ ၁၀ ဝန်စာရေးကလည်း၊ သင်တို့စကားအတိုင်းဖြစ်စေ။ သို့သော်လည်း မည်သူ၌ တွေ့လျှင်၊ ထိုသူသည်ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အပြစ်လွတ်ကြစေဟုဆိုသော်၊ ၁၁ ထိုသူအပေါင်းတို့သည် အသီးအသီး မိမိတို့အိတ်များကို မြေ၌ချ၍ ဖွင့်ကြ၏။ ၁၂ ဝန်စာရေးသည်လည်း၊ အကြီးမှစ၍ အငယ်တိုင်အောင် ရှာသဖြင့် ဗင်္ယာမိန်အိတ်၌ ဖလားကိုတွေ့၏။ ၁၃ ထိုအခါ သူတို့သည် မိမိအဝတ်ကိုဆုတ်၍ လူတိုင်းမိမိမြည်းပေါ်မှာ ဝန်ကိုတင်ပြန်သဖြင့် မြို့သို့ပြန်သွားကြ၏။
ဗင်္ယာမိန်သာ သူ၏ကျွန်ဖြစ်ဖို့ ယောသပ်ပြော
၁၄ ယုဒနှင့်ညီအစ်ကိုတို့သည် ယောသပ်အိမ်သို့ ရောက်၍၊ သူသည် အိမ်၌ရှိသေးသဖြင့်၊ သူ့ရှေ့မှာ ပြပ်ဝပ်လျက်နေကြ၏။ ၁၅ ယောသပ်ကလည်း၊ သင်တို့သည် အဘယ်သို့ပြုပြီးသနည်း။ ငါကဲ့သို့သော ယောက်ျားသည် ထူးဆန်းသော ဥာဏ်ရှိကြောင်းကို သင်တို့မသိကြသလောဟုဆို၏။ ၁၆ ယုဒကလည်း၊ ကျွန်တော်တို့သည် သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း။ အဘယ်သို့ ပြောရပါအံ့နည်း။ ဤအမှုနှင့်အဘယ်သို့ လွတ်နိုင်ပါအံ့နည်း။ ကိုယ်တော်ကျွန်တို့၏အပြစ်ကို ဘုရားသခင်စစ်၍ တွေ့တော်မူပြီ။ အကြင်သူ၌ ဖလားတော်ကိုတွေ့၏၊ ထိုသူမှစ၍ ကျွန်တော်ရှိသမျှသည် သခင်၏ကျွန်ဖြစ်ကြပါ၏ ဟုလျှောက်လေသော်၊ ၁၇ ယောသပ်က ထိုသို့ငါမပြုရ။ အကြင်သူ၏လက်၌ ငါ့ဖလားကိုတွေ့၏။ ထိုသူသည် ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အဘထံသို့ ငြိမ်ဝပ်စွာ သွားကြလော့ ဟုစီရင်လေ၏။
ယုဒက ယောသပ်ထံ သူသည် ဗင်္ယာမိန်၏အာမခံဖြစ်ဟုဆို
၁၈ ထိုအခါ ယုဒသည် ချဉ်းကပ်လျက်၊ သခင်ဘုရား၊ ကိုယ်တော်ကျွန်သည် စကားတစ်ခွန်းဖြင့် နားတော်လျှောက်ရသောအခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်ကျွန်၌ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ်တော်သည် ဖာရောဘုရင်ကဲ့သို့ ဖြစ်တော်မူ၏။ ၁၉ သခင်က၊ သင်တို့သည် အဘရှိသလော၊ ညီရှိသလော ၊ ဟုကျွန်တော်တို့အား မေးတော်မူလျှင်၊ ၂၀ ကျွန်တော်တို့က၊ ကျွန်တော်တို့အဘ အသက်ကြီးသောသူရှိပါ၏။ အဘအသက်ကြီးစဉ်အခါရသော သားငယ်တစ်ယောက်ရှိပါ၏။ သူ၏အစ်ကိုသေပါပြီ။ သူ့အမိဖွားသောသားတို့တွင် သူတစ်ယောက်တည်း ကျန်ရစ်ပါ၏။ ထိုကြောင့် သူ၏အဘသည် သူ့ကိုချစ်ပါ၏ ဟုသခင်အား ပြန်လျှောက်လေသော်၊ ၂၁ ကိုယ်တော်က၊ ထိုသူကို ငါကြည့်ရှုရအောင် ငါ့ထံသို့ခေါ်ခဲ့ကြ ၊ ဟုကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏။ ၂၂ ကျွန်တော်တို့က သူငယ်ကို အဘနှင့် မခွာနိုင်ပါ။ အဘနှင့်ခွာလျှင် အဘသေပါလိမ့်မည်၊ ဟုသခင်အား လျှောက်သော်လည်း၊ ၂၃ ကိုယ်တော်က၊ သင်တို့ညီ မပါလျှင် သင်တို့သည် ငါ့မျက်နှာကို နောက်တဖန် မမြင်ရ ဟုကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏။ ၂၄ ထိုနောက် ကျွန်တော်တို့သည် ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘထံသို့ ပြန်၍ရောက်သောအခါ၊ သခင်စကားတော်ကို အဘအား ပြန်ကြားပါ၏။ ၂၅ ကျွန်တော်တို့အဘကလည်း၊ တဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါ၊ ဟုဆိုသောအခါ၊ ၂၆ ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မသွားနိုင်ပါ။ ညီ ပါလျှင် သွားနိုင်ပါ၏၊ ညီ မပါလျှင် ထိုသူ၏မျက်နှာကို မမြင်ရပါ၊ ဟုပြန်ပြောပါ၏။ ၂၇ ကိုယ်တော်ကျွန်၊ ကျွန်တော်အဘကလည်း၊ သင်တို့သိသည်အတိုင်း ငါ့မယားသည် ငါ့အားသားနှစ်ယောက်ကို ဖွား၏။ ၂၈ တစ်ယောက်ကား ငါ့ထံမှထွက်သွား၏။ အကယ်စင်စစ် သူသည် အပိုင်းပိုင်းကိုက်ဖြတ်ခြင်းကို ခံရပါပြီတကား ဟုငါဆို၏။ ထိုကာလမှစ၍ သူ့ကိုငါမမြင်ရ။ ၂၉ ဤသူကိုလည်း ငါ့ထံမှယူသွား၍ သူ၌ ဘေးရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်၊ ဟုကျွန်တော်တို့အား ဆိုပါ၏။ ၃၀ သို့ဖြစ်၍ ကျွန်တော်သည်ကိုယ်တော်ကျွန်၊ ကျွန်တော်အဘထံသို့ ရောက်သောအခါ၊ သူငယ် မပါလျှင် အဘ၏ အသက်သည် သူငယ်၏အသက်၌ မှီလျက်ရှိသောကြောင့်၊ ၃၁ သူငယ်မရှိသည်ကို မြင်သောအခါ အဘသေပါလိမ့်မည်။ ကိုယ်တော်ကျွန်တို့သည်၊ ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘ ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြပါလိမ့်မည်။ ၃၂ ကိုယ်တော်ကျွန်က၊ အကျွန်ုပ်သည် တဖန် သူငယ်ကို အဘထံသို့ ပြန်၍ မဆောင်ခဲ့လျှင်၊ အစဉ်မပြတ် အဘရှေ့မှာ အပြစ်ကိုခံပါစေ ဟုဆိုသဖြင့်၊ အဘထံမှာ သူငယ်၏အာမခံ ဖြစ်ပါ၏။ ၃၃ သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် သူငယ်အတွက် နေရစ်၍ သခင်ထံ ကျွန်ခံရသောအခွင့်၊ သူငယ်ကိုကား အစ်ကိုတို့နှင့်အတူ သွားရသောအခွင့် ပေးတော်မူပါ။ ၃၄ သူငယ်သည် ကျွန်တော်၌ မပါလျှင်၊ ကျွန်တော်အဘထံသို့ အဘယ်သို့ ကျွန်တော်သွားနိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော်အဘ၌ ရောက်လတံ့သော ဘေးဥပါဒ်ကို ကျွန်တော် မြင်ရပါလိမ့်မည်တကား၊ ဟုလျှောက်လေ၏။