-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၁၄


မင်းကြီးလေးပါးနှင့် မင်းကြီးငါးပါး စစ်ပြိုင်ကြ

တရံရောအခါ ရှိနာမင်းကြီးအံရဖေလ၊ ဧလာသာမင်းကြီးအာရုတ်၊ ဧလံမင်းကြီး ခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလတို့သည်၊ သောဒုံမင်းကြီးဗေရ၊ ဂေါမောရမင်းကြီးဗိရရှ၊ အာဓမာမင်းကြီးရှိနပ်၊ ဇေဘိုင်မင်းကြီးရှေမဘာ၊ ဗေလာမင်းကြီးတို့နှင့် စစ်တိုက်ကြ၏။ ဗေလပြည်ကား၊ ဇောရအမည်လည်းရှိသတည်း။ ထိုပြည်ရှိသမျှတို့သည် သောဒုံအိုင်ဖြစ်သော စိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။ တစ်ဆယ့်နှစ်နှစ်ပတ်လုံး ခေဒေါရလောမာမင်းကြီးထံ ကျွန်ခံပြီးလျှင်၊ တစ်ဆယ့်သုံးနှစ်မြောက်သောအခါ ပုန်ကန်ကြ၏။ တစ်ဆယ့်လေးနှစ်မြောက်လျှင်၊ ခေဒေါရလောမာမင်းသည်၊ မိမိဘက်ကနေသော မင်းကြီးတို့နှင့်တကွလာ၍၊ အာရှတရုတ်ကာနိမ့်မြို့၌ ရေဖိမ်လူများကို၎င်း၊ ဟာမမြို့၌ ဇူဇိမ်လူများကို၎င်း၊ ကိရယသိမ်ချိုင့်၌ ဧမိမ်လူများကို၎င်း၊ စိရတောင်ပေါ်မှာ ဟောရိလူများကို၎င်း၊ လုပ်ကြံ၍ တောနားမှာရှိသော ဧလပါရန်မြို့တိုင်အောင် လိုက်ကြ၏။ တဖန်ပြန်လာ၍ ကာဒေရှပြည်၊ အင်မိရှပတ်မြို့သို့ ရောက်ပြီးလျှင်၊ အာမလက်ပြည်ရှိသမျှကို၎င်း၊ ဟာဇဇုန္တာမာမြို့၌နေသော အာမောရိလူများကို၎င်း လုပ်ကြံကြ၏။ ထိုအခါ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီး၊ အာဓမာမင်းကြီး၊ ဇေဘိုင်မင်းကြီး၊ ဇောရတည်းဟူသော ဗေလာမင်းကြီးတို့သည် ချီထွက်၍၊ စိဒ္ဒိမ်ချိုင့်၌ စစ်ပြိုင်ကြ၏။ ထိုသို့ ဧလံမင်းကြီး ခေဒေါရလောမာ၊ ဂေါအိမ်မင်းကြီးတိဒလ၊ ရှိနာမင်းကြီးအံရဖေလ၊ ဧလာသာ မင်းကြီး အာရုတ်တည်းဟူသော၊ မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏။ ၁၀ စိဒ္ဒိမ်ချိုင့်၌ ရေညှိအကျိအချွဲနှင့် ပြည့်သောတွင်းများရှိ၏။ သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီးတို့သည် ပြေး၍ ထိုတွင်းများ၌ ကျလေ၏။ ကြွင်းသောသူတို့သည် တောင်သို့ပြေးကြ၏။ ၁၁ အောင်သော မင်းတို့သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသောဥစ္စာနှင့် မြို့ရိက္ခာရှိသမျှတို့ကို ယူ၍သွားကြ၏။ ၁၂ သောဒုံမြို့၌နေသော အာဗြံအစ်ကိုသား လောတနှင့် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။


အာဗြံက လောတမိသားစုကိုကယ်

၁၃ ထိုဘေးမှလွတ်၍ ပြေးသောသူ တစ်ယောက်သည်၊ ဟေဗြဲလူအာဗြံနှင့် မိဿဟာယဖွဲ့သောသူ၊ ဧရှကောလနှင့် အာနေရ၏အစ်ကို အာမောရိလူ မံရေ၏သပိတ်တော နားမှာနေသော အာဗြံထံသို့ရောက်၍၊ သတင်းကြားပြောလေ၏။ ၁၄ အာဗြံသည် မိမိအစ်ကိုသားကို ဖမ်းသွားကြောင်းကိုကြားလျှင်၊ မိမိအိမ်၌ ဖွား၍သွန်သင်သော လူသုံးရာ တစ်ဆယ့်ရှစ်ယောက်တို့ကို စီရင်၍၊ ဒန်မြို့တိုင်အောင် လိုက်လေ၏။ ၁၅ ညအခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်၊ ဒမာသက်မြို့မြောက်ဘက် ဟောဘမြို့တိုင်အောင် လိုက်ပြန်လေ၏။ ၁၆ ရန်သူတို့သိမ်းသွားသော ဥစ္စာရှိသမျှကို၎င်း၊ မိမိအစ်ကိုသား လောတနှင့် သူ၏ဥစ္စာကို၎င်း၊ မိန်းမများနှင့် လူများကို၎င်း၊ တဖန်ဆောင်ယူခဲ့လေ၏။


အာဗြံကို ရှာလင်မင်းကြီး မေလခိဇေဒက်ကကြို

၁၇ ခေဒေါရလောမာနှင့်၊ သူ့ဘက်ကနေသော မင်းကြီးတို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ၊ သောဒုံမင်းကြီးသည် ခရီးဦးကြိုပြုခြင်းငှါ၊ ရှာဝေချိုင့်တည်းဟူသော မင်းကြီးချိုင့်သို့ ထွက်သွား၏။ ၁၈ အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့်စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင်၊ ၁၉ ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံအား ကောင်းကြီး ပေးတော်မူပါစေသော်ဟု အာဗြံအားကောင်းကြီးပေး၍၊ ၂၀ သင်၏ရန်သူတို့ကို သင်၏လက်၌ အပ်နှံတော်မူသော၊ အမြင့်ဆုံးသော ဘုရားသခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်း၊ ဟုမြွက်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိသမျှတို့ကို၊ ထိုမင်းအား ဆယ်ဘို့တစ်ဘို့ လှူလေ၏။


သောဒုံမင်းကြီးပေးသော အရာကို အာဗြံငြင်းဆို

၂၁ သောဒုံမင်းကြီးကလည်း၊ လူတို့ကို ကျွန်ုပ်အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား၊ ကိုယ်တိုင်ယူပါလော့ဟု အာဗြံအားပြောဆိုလျှင်၊ ၂၂ အာဗြံက၊ မင်းကြီးသည်အာဗြံကို ငါရတတ်စေပြီ၊ ဟုပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီးသောအရာကို၎င်း၊ ၂၃ ​ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသော အဘို့ကို၎င်းထား၍၊ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တစ်မျှင်ဖြစ်စေ၊ ​ခြေနှင်းကြိုးတစ်ပင်ဖြစ်စေ၊ တစုံတခုကိုမျှငါမယူ၊ ဟု၂၄ ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ​ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဌာန်ပြုပါပြီဟု သောဒုံမင်းကြီးအား ပြောဆိုလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.