ဇာခရိ အနာဂတ္တိ
အခန်းကြီး ၁
ဘုရားကသူ့ထံသို့ ပြန်လာဘို့ခေါ်
၁ ဒါရိမင်းကြီး နန်းစံနှစ်နှစ် အဋ္ဌမလတွင် ဣဒေါသား ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ၂ ထာဝရဘုရားသည် သင်တို့ဘိုးဘေးများကို အလွန်အမျက်တော်ထွက်တော်မူပြီ။ ၃ သို့သော်လည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ ငါ့ထံသို့ပြန်၍ လာကြလော့၊ [A] ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၄ ရှေးပရောဖက်တို့က၊ သင်တို့မကောင်းသောလမ်း၊ မကောင်းသောအကျင့်များကို ယခုကြဉ်ရှောင်ကြလော့၊ ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကို ဆင့်ဆိုလျက် ကြွေးကြော်သော်လည်း နားမကြား၊ ငါ့စကားကို နားမထောင်သော သင်တို့ဘိုးဘေးများကဲ့သို့ မပြုကြနှင့်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ ၅ ဘိုးဘေးတို့သည် အဘယ်မှာ ရှိကြသနည်း။ ပရောဖက်တို့သည် အစဉ်အမြဲ အသက်ရှင်တတ်ကြသလော။ ၆ ငါ၏ကျွန် ပရောဖက်တို့၌ မှာထားသော ငါ၏ပညတ်စကားတို့သည် သင်တို့ဘိုးဘေးများကို မှီကြပြီမဟုတ်လော။ သူတို့သည်သတိရ၍ ငါတို့ကျင့်ကြံ ပြုမူသည်နှင့်အလျောက်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့၌စီရင်မည်၊ ဟုအကြံရှိတော်မူသည်အတိုင်း၊ စီရင်တော်မူပြီ၊ ဟုပြောဆိုသည်မဟုတ်လော၊ ဟုမိန့်တော်မူ၏။
ရောင်စုံမြင်းလေးကောင်
၇ ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဧကာဒသမလတည်းဟူသော ဟေဗက်လ နှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဣဒေါသား ဖြစ်သော ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာ၍၊ ၈ ညအခါ မြင်ရသော ရူပါရုံဟူမူကား မြင်းနီကို စီးသောလူတဦးသည် ထင်ရှား၍ ချိုင့်တို့တွင် ရှိသောမုရတုတော၌ ရပ်၏။ သူ့နောက်မှာ နီသောမြင်း၊ ညိုသောမြင်း၊ ဖြူသောမြင်းတို့သည်ရှိကြ၏။ ၉ ငါကလည်း၊ အိုသခင်၊ ထိုသူတို့ကား အဘယ်သူနည်း၊ ဟုမေးသော် ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ထိုသူတို့ကား အဘယ်သူဖြစ်သည်ကို ငါပြမည်၊ ဟုဆိုပြီးမှ၊ ၁၀ မုရတုတော၌ ရပ်သောသူက၊ ထိုသူတို့သည် မြေကြီးအရပ်ရပ်တို့ကို လှည့်လည်၍ သွားစေခြင်းငှါ ထာဝရဘုရား စေလွှတ်တော်မူသောသူ ဖြစ်ကြသည်၊ ဟုပြန်ပြော၏။ ၁၁ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ်တို့ကို လည့်လည်၍ သွားပါပြီ။ မြေကြီး တရှောက်လုံးသည် အမှုမရှိ၊ ငြိမ်ဝပ်လျက် ရှိပါ၏၊ ဟုမုရတုတော၌ ရပ်သော ထာဝရဘုရား၏ ကောင်းကင်တမန်အား ပြန်လျှောက်ကြ၏။
ထာ၀ရဘုရားသည် ယေရုရှလင်မြို့ကို ကြည့်ရှုမည်
၁၂ တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အိုကောင်းကင်ဗိုလ်ခြေ ထာဝရအရှင်ဘုရား၊ ကိုယ်တော်သည် ခုနစ်ဆယ်ပတ်လုံး အမျက်ထွက်တော်မူသော ယေရုရှလင်မြို့နှင့် ယုဒမြို့များကို အဘယ်မျှကာလပတ်လုံး မသနားဘဲ နေတော်မူမည်နည်း၊ ဟုမေးလျှောက်သော်၊ ၁၃ ထာဝရဘုရားသည် ငါနှင့်ပြောဆိုသော ကောင်းကင် တမန်အား ကောင်းသောစကား၊ နှစ်သိမ့်သော စကား ပြန်ပြောတော်မူ၏။ ၁၄ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်ကလည်း၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါသည် ယေရုရှလင်မြို့နှင့် ဇိအုန်တောင်အဘို့ အလွန်ကြင်နာသော စိတ်အားကြီး၏။ ၁၅ ငြိမ်ဝပ်စွာနေသော တပါးအမျိုးသားတို့ကို အလွန်အမျက်ထွက်၏။ အကြောင်းမူကား၊ ငါသည် ယေရုရှလင်မြို့ကို အနည်းငယ် အမျက်ထွက်သောအခါ သူတို့သည်ဝိုင်း၍ ညှဉ်းဆဲကြပြီ။ ၁၆ ထိုကြောင့် ထာဝရဘုရား မိန့်တော်မူသည်ကား ကျေးဇူးပြုချင်သော စိတ်နှင့် ယေရုရှလင်မြို့သို့ ငါပြန်လာပြီ။ ဤမြို့တွင် ငါ့အိမ်ကို တည်ဆောက်ရမည်။ မြို့ကိုလည်း တိုင်းထွာရမည်၊ ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၁၇ တဖန် ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို၍ကြွေး ကြော်ရမည်မှာ၊ ငါ၏မြို့ရွာတို့သည် အရပ်ရပ်၌ နှံ့ပြား၍ စည်ပင်ကြလိမ့်မည်။ ထာဝရဘုရားသည် ဇိအုန်တောင်သားတို့ကို နှစ်သိမ့်စေဦးမည်။ ယေရုရှလင် မြို့သားတို့ကို ရွေးကောက်၍ ပြုစုရဦးမည်၊ ဟုမိန့်တော်မူ၏။
ဦးချိုလေးချောင်း
၁၈ တဖန် ငါမြော်ကြည့်၍ ဦးချိုလေးချောင်းကို မြင်ရကြ၏။ ၁၉ ငါနှင့်ပြောဆိုသော ကောင်းကင် တမန်တော်အားလည်း ထိုဦးချိုတို့ကား အဘယ်သူနည်း၊ ဟုမေးမြန်းသော်၊ ထိုဦးချိုတို့သည် ယုဒပြည်၊ ဣသရေလပြည်၊ ယေရုရှလင်မြို့တို့ကို အရပ်ရပ်သို့ ကွဲပြားစေသော ဦးချိုဖြစ်သည်၊ ဟုပြန်ပြော၏။ ၂၀ ထာဝရဘုရားသည်လည်း လက်သမားလေးဦးတို့ကို ပြတော်မူ၏။၂၁ ငါကလည်း၊ ဤသူတို့သည် အဘယ်အမှုကို ပြုခြင်းငှါလာပါသနည်း၊ ဟုမေးလျှောက်သော် ကောင်းကင်တမန်က၊ ထိုဦးချိုတို့သည် အဘယ်သူမျှ မြော်၍ မကြည့်ဝံ့အောင် ယုဒပြည်သားတို့ကို ကွဲပြားစေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒပြည်သားတို့ကို ကွဲပြားစေခြင်းငှါ တိုက်လာသော ထိုဦးချိုတို့ကို ခြိမ်းမောင်း၍၊ တပါးအမျိုး၏ ဦးချိုတို့ကို ရှုတ်ချသောသူ ဖြစ်ကြသည်၊ ဟုပြန်ပြော၏။