ကမ္ဘာဦးကျမ်း
အခန်းကြီး ၇
နောဧနှင့်မိသားစု သင်္ဘောထဲဝင်ကြ
၁ ထို့နောက် ထာဝရဘုရားသခင်သည် နောဧကို တဖန်မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည်ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်ဖြစ်၍၊ သင်၏ အိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။ ၂ မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပြတ် ဆက်နွယ်စေခြင်းငှါ၊ စင်ကြယ်သောသားမျိုး တမျိုးတမျိုးတွင် အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သောသားမျိုး တမျိုးတမျိုးတွင်လည်း အထီးအမ နှစ်စုံစီ၊ ၃ မိုးကောင်းကင်ငှက်၊ တမျိုးတမျိုးတွင်လည်း အထီးအမ ခုနစ်စုံစီ၊ အသီးအသီးတို့ကို သိမ်းယူရမည်။ ၄ အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုးရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်၊ ဟုထာဝရဘုရား မှာထားတော်မူ၏။ ၅ မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏။ ၆ မြေကြီးကို ရေလွှမ်းမိုးသောအခါ၊ နောဧသည် အသက်ခြောက်ရာ ရှိသတည်း။ ၇ ရေလွှမ်းမိုးခြင်းဘေးကြောင့် နောဧသည် မိမိသား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ဝင်၍၊ ၈ ဘုရားသခင် မှာထားတော်မူသည်အတိုင်း၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့် မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်များထဲက၊ ၉ အထီးအမ အစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။
ရက်ပေါင်းလေးဆယ် မိုးရွာ၍ ရေကြီး
၁၀ ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သောရေသည် မြေပေါ်၌ ပေါ်လာ၏။ ၁၁ နောဧအသက် ခြောက်ရာ စေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏၊ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုးကောင်းကင်ပြွန်ဝများကို ဖွင့်သဖြင့်၊ ၁၂ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ မိုးရွာလေ၏။ ၁၃ ထိုနေ့ရက်တွင်၊ နောဧနှင့် မိမိမယားမှစ၍၊ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော၊ နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ဝင်ကြ၏။ ၁၄ သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတတ်သောကြက်ငှက်မျိုး၊ ၁၅ အသက်ရှင်သော တိရစ္ဆာန် အမျိုးမျိုးအပေါင်းတို့ထဲက၊ အထီးအမစုံတို့သည် နောဧနှင့်အတူ သင်္ဘောထဲသို့ ဝင်ကြလေ၏။ ၁၆ ထိုသို့ နောဧကို ဘုရားသခင် မှာထားတော်မူသည်အတိုင်း ဝင်သော တိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမ စုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း နောဧကို အထဲမှာ ပိတ်ထားတော်မူ၏။
မြေပေါ်ရှိ အရာအားလုံး ရေလွှမ်းမြုပ်
၁၇ ရေလွှမ်းမိုးခြင်းသည်၊ အရက်လေးဆယ်ပတ်လုံး၊ မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍၊ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။ ၁၈ တဖန် ရေသည်အားကြီး၍၊ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။ ၁၉ နောက်တဖန် ရေသည်မြေကြီးပေါ်မှာ အလွန်အားကြီးသဖြင့်၊ မိုးကောင်းကင်အောက်၌ ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။ ၂၀ ရေမြုပ်သော တောင်တို့အထက်၌ ၊ လွှမ်းတက်သော ရေသည် ဆယ်ငါးတောင်ရှိသတည်း။
မြေကြီးပေါ်ရှိ လူနှင့်သတ္တဝါအားလုံး သေကြ
၂၁ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသော ငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန် အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။ ၂၂ အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြကုန်၏။ ၂၃ မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ၊ တွားတတ်သောအရာဖြစ်စေ၊ မိုးကောင်းကင်ငှက်ဖြစ်စေ၊ အသက်ရှင်သော အရာရှိသမျှတို့ကို မြေကြီးက ပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှစ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ ရှိသောသူတို့သာ ကျန်ကြွင်းလေကြ၏။ ၂၄ ရေသည်လည်း မြေကြီးပေါ်မှာ၊ ရက်ပေါင်း တရာ့ငါးဆယ် ပတ်လုံး အားကြီးစွာတည်လေ၏။