🎨
Theme Selector
Predefined Theme
ကမ္ဘာဦးကျမ်း
အခန်းကြီး ၄၈
ယာကုပ်နာသောကြောင့် ယောသပ်သွားလည်
၁ နောက်တဖန် ယောသပ်သည် အဘနာကြောင်းကို ကြားသဖြင့်၊ သားနှစ်ယောက် မနာရှေနှင့် ဧဖရိမ်ကို ယူ၍သွား၏။ ၂ သားယောသပ်လာကြောင်းကို ယာကုပ်သည်ကြားလျှင်၊ အားထုတ်၍ ကုတင်ပေါ်မှာထိုင်၏။ ၃ ထိုအခါ ယာကုပ်က အနန္တတန်ခိုးရှင် [A] ဘုရားသခင် (God Almighty, El Shaddai) သည်၊ ခါနာန်ပြည် လုဇမြို့၌ ငါ့အားထင်ရှား၍ ကောင်းကြီးပေးတော်မူလျက်၊ ၄ ငါသည်သင့်ကို တိုးပွားများပြားစေမည်။ သင့်ကို များစွာသောလူ ဖြစ်စေမည်။ သင်၏အမျိုးအနွယ်သည် သင့်နောက်မှ ဤပြည်ကို အစဉ်အမြဲ ပိုင်စေခြင်းငှါ ငါပေးမည်၊ ဟုမိန့်တော်မူ၏။ ၅ သင်နေသော အဲဂုတ္တုပြည်ကို ငါမရောက်မှီ၊ အဲဂုတ္တုပြည်၌ သင်ရသောသားနှစ်ယောက် ဧဖရိမ်နှင့်မနာရှေတို့သည် ငါ့သားဖြစ်ရမည်။ ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားဖြစ်ရမည်။ ၆ နောက်မှ သင်ရသောသားတို့သည် သင်၏သားဖြစ်၍၊ မိမိအမွေခံရာတွင် မိမိအစ်ကိုတို့အမည်ဖြင့် သမုတ်ရကြမည်။ ၇ ငါသည် ပါဒနာရံအရပ်မှ လာသည်ကာလ၊ ခါနာန်ပြည်၌ ခရီးသွား၍၊ ဧဖရတ်မြို့နှင့် နီးသောအခါ၊ သင့်အမိ ရာခေလသည် ငါ့အနားမှာသေရှာ၏။ သေသောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွားသောလမ်း၌ သင်္ဂြိုလ်လေသည်၊ ဟုယောသပ်အားဆို၏။
ယာကုပ်က ယောသပ်သား မနာရှေနှင့်ဧဖရိမ် ကောင်းကြီးပေး
၈ တဖန် ဣသရေလသည် ယောသပ်၏သားတို့ကို ကြည့်ရှု၍၊ ဤသူတို့ကား အဘယ်သူနည်းမေးလျှင်၊ ၉ ယောသပ်က၊ ဤပြည်၌ အကျွန်ုပ်အား ဘုရားသခင် ပေးသနားတော်မူသော၊ ကျွန်ုပ်၏သား ဖြစ်ပါသည်၊ ဟုအဘအားဆိုသော် အဘက၊ ငါ့ထံသို့လာပါစေလော့။ သူတို့ကို ငါကောင်းကြီးပေးမည်၊ ဟုဆို၏။ ၁၀ ဣသရေလသည် အသက်ကြီး၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောကြောင့်၊ သားတို့ကို အနီးသို့ချဉ်းကပ်စေ၍ ပိုက်ဖက်နမ်းရှုပ်လေ၏။ ၁၁ ဣသရေလကလည်း၊ ငါသည် သင်၏မျက်နှာကို မြင်ရမည်ဟုငါမထင်။ ယခုတွင် သင်၏သားတို့ကိုပင် ဘုရားသခင် ပြတော်မူပြီ၊ ဟုယောသပ်အားဆို၏။ ၁၂ ယောသပ်သည်လည်း သားတို့ကို၊ အဘ၏ဒူးကြားမှ ထုတ်၍ အဘရှေ့၌ ဦးညွတ်ချစေ၏။ ၁၃ တဖန်ယောသပ်သည် သားတို့ကိုယူ၍၊ ဧဖရိမ်ကို လက်ျာလက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ဝဲလက်သို့၎င်း၊ မနာရှေကို လက်ဝဲလက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ျာလက်သို့၎င်း၊ ချဉ်းကပ်စေ၏။ ၁၄ မနာရှေသည် သားဦးဖြစ်သော်လည်း၊ ဣသရေလသည် မိမိလက်တို့ကို ဆန့်၍ လိမ္မာစွာ ပဲ့ပြင်လျက်၊ အသက်ငယ်သောသူ ဧဖရိမ်၏ခေါင်းပေါ်မှာ လက်ျာလက်ကို တင်ပြီးလျှင်၊ လက်ဝဲလက်ကို မနာရှေ၏ ခေါင်းပေါ်မှာတင်၏။ ၁၅ ယောသပ်ကို ကောင်းကြီးပေးလျက်၊ ငါ့အဘ အာဗြဟံနှင့်ဣဇာက် ကိုးကွယ်သောဘုရားသခင်၊ ငါ့ကို တသက်လုံး ယနေ့တိုင်အောင် ကျွေးမွေးတော်မူသော ဘုရားသခင်တည်းဟူသော၊ ၁၆ ငါ့ကို ခပ်သိမ်းသော ဘေးဒဏ်အထဲက ကယ်နှုတ်တော်မူသော ကောင်းကင်တမန်သည်၊ ဤသူငယ်တို့ကို ကောင်းကြီးပေးတော်မူပါစေသော်။ သူတို့ကို ငါ့အမည်ဖြင့်၎င်း၊ ငါ့အဘ အာဗြဟံနှင့်ဣဇာက်၏ အမည်ဖြင့်၎င်း၊ ထပ်၍မှည့်ပါစေသော်။ သူတို့သည်မြေကြီးပေါ်မှာ အလွန်တိုးပွား များပြားပါစေသော် ဟုမြွက်ဆို၏။ ၁၇ အဘသည် လက်ျာလက်ကို ဧဖရိမ်၏ခေါင်းပေါ်မှာ တင်သည်ကို ယောသပ်မြင်လျှင် အားမရသည်ဖြစ်၍၊ ၁၈ မဟုတ်ပါအဘ။ ဤသူသည် သားဦးဖြစ်ပါ၏။ သူ၏ခေါင်းပေါ်မှာ လက်ျာလက်ကိုတင်ပါ ဟုဆိုလျက် အဘ၏လက်ကို ဧဖရိမ်ခေါင်းပေါ်က မနာရှေခေါင်းပေါ်သို့ ပြောင်းခြင်းငှါ ချီလေ၏။ ၁၉ အဘသည်ငြင်း၍၊ ငါသိ၏ငါ့သား၊ ငါသိ၏။ သူသည်ကြီးစွာသော လူစုဖြစ်လိမ့်မည်။ သို့သော်လည်း သူ့ညီသည် သူ့ထက်သာ၍ ကြီးသဖြင့်၊ သူ၏အမျိုးအနွယ်သည် များစွာသောလူအစုစု ဖြစ်လိမ့်မည်ဟုဆို၏။ ၂၀ တဖန် ဘုရားသခင်သည် သင့်ကိုဧဖရိမ်ကဲ့သို့၎င်း၊ မနာရှေကဲ့သို့၎င်း၊ ဖြစ်စေတော်မူပါစေသော်ဟူ၍၊ ဣသရေလအမျိုးသားတို့သည် သင်အားဖြင့် ကောင်းကြီးပေးကြလိမ့်မည်၊ ဟုထိုနေ့၌ သူတို့ကို ကောင်းကြီးပေးလေ၏။ ထိုသို့ မနာရှေရှေ့မှာ ဧဖရိမ်ကို နေရာချသတည်း။ ၂၁ ဣသရေလကလည်း၊ ငါသေတော့မည်။ သို့သော်လည်း၊ ဘုရားသခင်သည် သင်တို့ဘက်၌ရှိ၍၊ သင်တို့ကို ဘိုးဘေးနေရာပြည်သို့ တဖန်ဆောင်တော်မူလိမ့်မည်။ ၂၂ ထိုမှတပါး သင်၏အစ်ကိုတို့အား ပေးသည်ထက်၊ သင့်အားသာ၍ ပေးသောအရာဟူမူကား၊ ငါ့ဓါး၊ ငါ့လေးဖြင့် အာမောရိအမျိုးသားလက်မှ နှုတ်ယူသောအရာကို၊ သင့်အားငါပေးသည်၊ ဟုယောသပ်ကို ပြောဆို၏။