🎨
Theme Selector
Predefined Theme
ကမ္ဘာဦးကျမ်း
အခန်းကြီး ၄၆
ယာကုပ်နှင့်သားသမီးများ အဲဂုတ္တုပြည်သို့သွား
၁ ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွ ခရီးသွား၍၊ ဗေရရှေဘအရပ်သို့ ရောက်လျှင်၊ မိမိအဘ ဣဇာက်၏ဘုရားသခင်အား ယဇ်ပူဇော်ခြင်းကို ပြုလေ၏။ ၂ ညအခါ ဗျာဒိတ်တော်အားဖြင့် ဘုရားသခင်က၊ ယာကုပ်၊ ယာကုပ်၊ ဟုခေါ်တော်မူလျှင်၊ ယာကုပ်က အကျွန်ုပ်ရှိပါ၏ ဟုလျှောက်လေ၏။ ၃ ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင်ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့ သွားမည်အခွင့်ကို မစိုးရိမ်နှင့်။ [A] ငါသည် ထိုပြည်၌ သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ၄ အဲဂုတ္တုပြည်သို့ သင်နှင့်အတူ ငါသွားမည်။ တဖန်ငါဆောင်ခဲ့ဦးမည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာ တင်ရလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၅ တဖန် ယာကုပ်သည်၊ ဗေရရှေဘအရပ်မှ ထွက်၍၊ သူစီးစရာဖို့ ဖာရောမင်း ပေးလိုက်သောလှည်းတို့ဖြင့် ဣသရေလ၏သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကို ဆောင်လျက်၊ ၆ ခါနာန်ပြည်၌ ရသော တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်းယူ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။ ၇ ယာကုပ်သည်ကိုယ်တိုင်မှစ၍ သားသမီးမြေးတည်းဟူသော၊ အမျိုးအနွယ် အပေါင်းတို့ကို အဲဂုတ္တုပြည်သို့ ဆောင်သွားလေ၏။
ယာကုပ်မယား လေအာသားများ
၈ အဲဂုတ္တုပြည်သို့ ရောက်သော ဣသရေလသားတို့၏ အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦးရုဗင်။ ၉ ရုဗင် သား။ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိ။ ၁၀ ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုး မိန်းမ၏သား ရှောလ၊ ၁၁ လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။ ၁၂ ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖါရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့် ဩနန်သည် ခါနာန်ပြည်၌ သေသတည်း။ ဖါရက်သား၊ ဟေဇရုံနှင့် ဟာမုလ။ ၁၃ ဣသခါသား။ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။ ၁၄ ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။ ၁၅ ဤသူတို့ကား၊ ယာကုပ်မယား လေအာသည် ပါဒနာရံအရပ်၌ ဖွားသောသားတည်း။ သမီး ဒိနနှင့်တကွ၊ သားသမီးပေါင်း သုံးဆယ့်သုံး။
ယာကုပ်မယား ဇိလပသားများ
၁၆ ဂဒ်သား။ ဇိဖျန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။ ၁၇ အာရှသား။ ယိမန၊ ဣရွှာ၊ ဣရွှီ၊ ဗေရိယ၊ နှမ စေရတည်း။ ဗေရိယသား၊ ဟေဗာနှင့် မာလချေလ။ ၁၈ ဤသူတို့ကား၊ လာဗန်သည် သမီး လေအာအား၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဖွားသောသားတည်း။ ပေါင်းတဆယ့်ခြောက်။
ယာကုပ်မိန်းမ ရာခေလသားများ
၁၉ ယာကုပ်မယား ရာခေလသား။ ယောသပ်နှင့်ဗင်္ယာမိန်။ ၂၀ အဲဂုတ္တုပြည်၌ ဩနမြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရ သမီး အာသနတ်တွင် ယောသပ်နှင့် ရသောသား၊ မနာရှေနှင့် ဧဖရိမ်။ ၂၁ ဗင်္ယာမိန်သား။ ဗေလ၊ ဗခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။ ၂၂ ဤသူတို့ကား၊ ယာကုပ်မယား ရာခေလ ဖွားသောသားတည်း။ ပေါင်းတဆယ့်လေး။
ယာကုပ်မယား ဗိလဟာ သားများ
၂၃ ဒန်သား ဟုရှိမ်။ ၂၄ နဿလိသား ယာဇေလ၊ ဂုနိ၊ ယဇော၊ ရှိလင်။ ၂၅ ဤသူတို့ကား လာဗန်သည် သမီး ရာခေလ အားလက်ဖွဲ့သော ယာကုပ်မယား ဗိလဟာ ဖွားသောသားတည်း။ ပေါင်းခုနစ်။ ၂၆ ယာကုပ်ချွေးမများကို မဆိုဘဲ၊ ယာကုပ်မှ ဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့ သွားသောလူပေါင်းကား၊ ခြောက်ဆယ့်ခြောက်ယောက်တည်း။ ၂၇ အဲဂုတ္တုပြည်၌ ယောသပ် ရနှင့်သော သားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ ရောက်သောယာကုပ်၏ အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။
ယောသပ်က အဘနှင့်အစ်ကိုများ ကြိုဆို
၂၈ ယောသပ်ထံသို့ ဂေါရှင်ပြည်ကို သွားစေခြင်းငှါ၊ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ ရောက်ကြ၏။ ၂၉ ယောသပ်သည်မြင်းလှည်းကိုပြင်၍၊ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့သွား၍၊ အဘရှေ့သို့ ရောက်သော် အဘ၏လည်ပင်းကို ဖက်လျက်ကြာကြာငိုလေ၏။ ၃၀ ဣသရေလကလည်း၊ ယခုငါသေပါစေသော်။ သင်၏မျက်နှာကို ငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး၏ ၊ ဟုယောသပ်အားဆိုလေ၏။ ၃၁ ယောသပ်ကလည်း၊ ဖာရောမင်းထံသို့ ကျွန်ုပ်သွားဦးမည်။ ခါနာန်ပြည်၌ နေသော ကျွန်တော်အစ်ကိုများ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော်ထံသို့ ရောက်ကြပါပြီ။ ၃၂ ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကို မွေးသောသူ ဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီ၊ ဟုလျှောက်မည်။ ၃၃ နောက်တခါ သင်တို့ကို ဖာရောမင်းခေါ်၍၊ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်း ဟုမေးတော်မူလျှင်၊ ၃၄ ကိုယ်တော်ကျွန်တို့သည် ဘိုးဘေးနှင့်တကွ ငယ်သောအရွယ်မှစ၍၊ ယခုတိုင်အောင် သိုးနွားတို့ကို မွေးသောသူဖြစ်ကြပါ၏ ဟုလျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာ နေသောအခွင့်ကို ရကြလိမ့်မည်။ သိုးထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည်၊ ရွံရှာတတ်ကြ၏၊ ဟုအစ်ကိုများ၊ အဘ၏အိမ်သားများတို့ကို ပြောဆို၏။