🎨
Theme Selector
Predefined Theme
ကမ္ဘာဦးကျမ်း
အခန်းကြီး ၃၈
ယုဒမိန်းမယူ၍ သားသုံးယောက်ရ
၁ ထိုကာလအခါ ယုဒ(Judah) သည် ညီအစ်ကိုနေရာမှသွား၍၊ ဟိရ(Hirah) အမည်ရှိသော အဒုလံ(Adullamite) အမျိုးသားထံသို့ ဝင်လေ၏။ ၂ ထိုအရပ်၌ ရှုအာ(Shua) အမည်ရှိသော၊ ခါနာန်အမျိုးသား၏သမီးကို တွေ့မြင်၍၊ အိမ်ထောင်ဖက်ပြုလျက်၊ ၃ ထိုမိန်းမသည် ပဋိသန္ဓေ [A]ယူ၍ သားကိုဖွားမြင်၏။ ထိုသားကို ဧရ(Er) အမည်ဖြင့်မှည့်လေ၏။ ၄ တဖန် ပဋိသန္ဓေယူပြန်၍ ဖွားမြင်သောသားကို ဩနန်(Onan) အမည်ဖြင့်မှည့်လေ၏။ ၅ တဖန် ပဋိသန္ဓေယူပြန်၍ ဖွားမြင်သောသားကို ရှေလအမည်ဖြင့် မှည့်လေ၏။ ရှေလ(Shelah) ဖွားသောအခါ၊ အဘသည် ခေဇိပ်(Chezib) မြို့မှာရှိသတည်း။
သားဦးဧရနှင့် သားလတ်ဩနန်ကို ဘုရားကကွပ်မျက်
၆ ထိုနောက်မှ ယုဒသည် မိမိသားဦးဧရကို တာမာ(Tamar) အမည်ရှိသော သတို့သမီးနှင့် စုံဘက်စေ၏။ ၇ ယုဒ၏သားဦး ဧရသည် ထာဝရဘုရားရှေ့၌ ဆိုးသောသူဖြစ်၍၊ သူ့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏။ ၈ ထိုအခါ ယုဒသည် ဩနန်ကို ခေါ်ပြီးလျှင်၊ သင်၏အစ်ကိုမယားထံသို့ဝင်၍ သူနှင့်အိမ်ထောင်ဖက်ပြုသဖြင့်၊ အစ်ကိုအမျိုးကိုဆက်နွှယ်လော့ဟုဆို၏။ ၉ ဩနန်သည် သားကိုရလျှင်မူကား၊ မိမိသားမမှတ်ရ ဟုသိ၍ အစ်ကိုအား သားကိုမပေးလိုဘဲ၊ အစ်ကိုမယားထံသို့ ဝင်သောအခါ၊ သုတ်ရည်ကို ထုတ်၍စွန့်လေ၏။ ၁၀ ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူသောကြောင့်၊ ဩနန်ကိုလည်း ကွပ်မျက်တော်မူ၏။ ၁၁ သားငယ်ရှေလသည် အစ်ကိုတို့ သေသကဲ့သို့ သေမည်၊ ဟုယုဒသည်စိုးရိမ်၍၊ မိမိချွေးမ တာမာကို ခေါ်ပြီးလျှင်၊ ငါ့သား ရှေလမကြီးမှီ သင်သည် သင့်အဘ၏အိမ်၌ မုဆိုးမပြု၍နေပါ ဟုဆိုသည်အတိုင်း၊ တာမာသွား၍ မိမိအဘ၏အိမ်၌ နေလေ၏။
ယုဒချွေးမတာမာနှင့် မှားယွင်း
၁၂ ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယားလည်း သေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ ရှိရာတိမနတ်မြို့(Timnah) သို့ မိမိအဆွေ အဒုလံ(Adullamite) အမျိုး ဟိရ(Hirah) နှင့်အတူသွားလေ၏။ ၁၃ မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှါ၊ တိမနတ်မြို့သို့ သွားကြောင်းကို တာမာကြားလျှင်၊ ၁၄ မုဆိုးမအဝတ်ကိုချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်း ခြုံရုံလျက်၊ တိမနတ်မြို့သို့ သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့်အိမ်ထောင်ဖက်မပြုရ ဟုသိမြင်သောကြောင့်တည်း။ ၁၅ ယုဒသည် ထိုမိန်းမကို မြင်သောအခါ၊ သူသည် မိမိမျက်နှာကို ဖုံး၍နေသောကြောင့်၊ ပြည်တန်ဆာဖြစ်သည်၊ ဟုထင်မှတ်လျက်၊ ၁၆ လမ်းကိုလွှဲလျက် အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကို ပေးပါလော့ ဟုဆိုလေသော်၊ မိန်းမက၊ သင်သည်ကျွန်မထံသို့ ဝင်လိုသောငှါ အဘယ်ဆုကိုပေးမည်နည်း ဟုမေးလျှင်၊ ၁၇ ယုဒက ဆိတ်သငယ်ကို ပေးလိုက်မည်၊ ဟုဆိုလေ၏။ မိန်းမကလည်း၊ မပေးလိုက်မှီ တစုံတခုသောအရာကို ပေါင်ထားမည်လော၊ ဟုမေးလျှင်၊ ၁၈ ယုဒက၊ အဘယ်အရာကို ပေါင်စေချင်သနည်း ဟုပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝေးတို့ကို ပေါင်တော့ ဟုဆိုသည်အတိုင်း၊ ထိုဥစ္စာကို အပ်၍မိန်းမထံသို့ ဝင်သဖြင့်၊ သူသည်ပဋိသန္ဓေ [A] စွဲယူလေ၏။ ၁၉ ထိုနောက်မှ၊ မိန်းမသည်ထသွား၍ မျက်နှာဖုံးကိုချွတ်ပြီးလျှင်၊ မုဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ၏။ ၂၀ ယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကို ရွေးယူခြင်းငှါ၊ မိမိအဆွေ အဒုလံအမျိုးသားတွင် ဆိတ်သငယ်ကို ပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကို မတွေ့လျှင်၊ ၂၁ ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည်တန်ဆာမသည် အဘယ်မှာရှိသနည်း၊ ဟုထိုအရပ်သားတို့ကို မေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ ပြည်တန်ဆာမရှိ ဟုဆိုကြလျှင်၊ ၂၂ ယုဒထံသို့ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကိုရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ ပြည်တန်ဆာမရှိ ဟုဆိုကြောင်းကို ပြောလေ၏။ ၂၃ ယုဒကလည်း၊ ကျွန်ုပ်တို့သည် အရှက်မကွဲမည် အကြောင်းယူပါလေစေ။ ဤဆိတ်သငယ်ကို ကျွန်ုပ်ပေးလိုက်၍ သင်သည်မိန်းမကို ရှာ၍မတွေ့ပါတကား ဟုဆို၏။
ယုဒချွေးမတာမာအားဖြင့် သားဖာရက်နှင့် ဇာရမွေး
၂၄ ထိုနောက် သုံးလခန့် လွန်သည်ရှိသော်၊ သူတပါးက၊ သင်၏ချွေးမတာမာသည် ပြည်တန်ဆာလုပ်၍ မတရားသောမေထုန် [B] ပြုသဖြင့်ကိုယ်ဝန်ဆောင်လျက် နေပြီတကား၊ ဟုယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကိုထုတ်၍ မီးရှို့စေ၊ ဟုစီရင်လေ၏။ ၂၅ ထုတ်သောအခါ၊ တာမာသည် တံဆိပ်၊ စလွယ်၊ တောင်ဝေးတို့ကို ယောက္ခမထံသို့ ပို့စေ၍၊ ဤဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မသည်ပဋိသန္ဓေယူပြီ။ ဤဥစ္စာတို့သည် အဘယ်သူ၏ ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ ဟုမှာလိုက်၏။ ၂၆ ထိုဥစ္စာကို ယုဒမှတ်မိ၍ သူ၏အပြစ်ထက် ငါ့အပြစ်သာ၍ ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီ ဟုပြောဆို၏။ နောက်တဖန် သူ့ကိုမချဉ်းမကပ်ဘဲ နေ၏။ ၂၇ ထိုနောက် တာမာသည် သားဖွားချိန်ရောက်လျှင်၊ ဝမ်းထဲတွင် သားနှစ်ယောက်ရှိ၏။ ၂၈ ဖွားစဉ်တွင် သားတယောက်သည် လက်ကိုထုတ်ဆန့်၍၊ ဝမ်းဆွဲက ဤသူသည် အရင်ဖွားလိမ့်မည်၊ ဟုဆိုလျက် လက်ကိုကိုင်၍ နီသောကြိုးနှင့်စည်းလေ၏။ ၂၉ သို့သော်လည်း ထိုသူသည် မိမိလက်ကိုရုပ်ပြန်၍ သူ့အစ်ကိုဖွားသည်ကို ဝမ်းဆွဲက၊ သင်သည်အဘယ်ကြောင့် အနိုင်အထက်ပြုရသနည်း။ အနိုင်အထက်ပြုသော ဤအမှုသည် သင်၌စွဲစေ၊ ဟုဆိုလျက်သူ့ကို ဖာရက်(Perez) အမည်ဖြင့် မှည့်လေ၏။ ၃၀ ထိုနောက်မှ လက်၌ ကြိုးနီစည်းသောညီဖွား၍၊ သူ့ကို ဇာရ(Zerah) အမည်ဖြင့် မှည့်သတည်း။