🎨
Theme Selector
Predefined Theme
ကမ္ဘာဦးကျမ်း
အခန်းကြီး ၂၁
အာဗြဟံ၌ သားဣဇာက်မွေး
၁ ထာဝရဘုရားသည်၊ အမိန့်တော်ရှိသည်အတိုင်း၊ စာရာကို အကြည့်အရှုကြွတော်မူ၍၊ ဂတိတော်ရှိသည်နှင့် လျော်စွာသူ၌ ပြုတော်မူသဖြင့်၊
၂ စာရာသည် ပဋိသန္ဓေစွဲ
[A]ယူ၍၊ ဘုရားသခင်အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံ အသက်ကြီးသောအခါ၊ သူ့အားသားကို ဖွားလေ၏။
၃ အာဗြဟံသည်လည်း၊ မိမိရသောသား တည်းဟူသော၊ စာရာဖွားသောသားကို ဣဇာက်(Isaac)အမည်ဖြင့် မှည့်လေ၏။
၄ ဘုရားသခင် မှာထားတော်မူသည်အတိုင်း၊ အာဗြဟံသည် ရှစ်ရက်မြောက်သောနေ့၌၊ သားဣဇာက်ကို အရေဖျားလှီးခြင်း
[B]ကို
(a) ပေးလေ၏။
၅ သားဣဇာက်မြင်သောအခါ၊ အာဗြဟံသည် အသက်တရာ ရှိသတည်း။
၆ စာရာကလည်း၊ ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤသိတင်းကို ကြားသောသူအပေါင်းတို့သည်လည်း၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ၍၎င်း၊
၇ စာရာသည် သားကိုနို့တိုက်လိမ့်မည် ဟုအာဗြဟံအား အဘယ်သူပြောနှင့်ရသနည်း။ သူသည် အသက်ကြီးသောအခါ၊ ငါသည်သားကို ဖွားပြီဟူ၍၎င်းဆိုလေ၏။
၈ ထိုသူငယ်ဣဇာက်သည် ကြီးပွား၍ နို့နှင့်ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြဟံသည် ပွဲကြီးလုပ်လေ၏။
စာရာက ကျွန်မဟာဂရနှင့်သားကို နှင်ထုတ်
၉ အဲဂုတ္တုအမျိုးသားဟာဂရတွင် အာဗြဟံရသောသားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊ ၁၀ ဤကျွန်မနှင့်သူ၏သားကို နှင်ထုတ်ပါလော့။ [C]ဤကျွန်မသားသည် အကျွန်ုပ်၏သားဣဇာက်နှင့်အတူ အမွေမခံရ၊ ဟုအာဗြဟံအား ဆိုလေ၏။ ၁၁ အာဗြဟံလည်း၊ မိမိသားဖြစ်သောကြောင့်၊ ထိုအမှုအလွန်ခက်သည်၊ ဟုထင်လေ၏။ ၁၂ သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့်၊ ဤအမှုခက်သည်၊ ဟုမထင်နှင့်။ စာရာပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာသင်၏အမျိုး တည်လိမ့်မည်။ ၁၃ ကျွန်မ၏သားသည် သင်၏အမျိုး ဖြစ်သောကြောင့်၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်၊ ဟုအာဗြဟံအားမိန့်တော်မူ၏။
ဟာဂရနှင့်သားကို ဘုရားသခင်က ကြည့်ရှု
၁၄ အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့်ရေဘူးကို ယူသဖြင့်၊ ဟာဂရပခုံး၌ တင်ပြီးလျှင်၊ သူငယ်ကိုအပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်းသွား၍၊ ဗေရရှေဘတော၌ လှည့်လည်လျက်နေ၏။ ၁၅ ဘူး၌ ရေကုန်သောအခါ၊ သူငယ်ကိုချုံဖုတ်အောက်၌ ထား၍၊ ၁၆ ငါသည် သူငယ်သေသည်ကိုမမြင်လို ဟုဆိုလျက်၊ ခပ်ဝေးဝေး၊ လေးတပစ်ခန့်လောက် သွားပြီးလျှင်၊ သူငယ်ရှေ့မှာ ထိုင်လေ၏။ ထိုသို့ထိုင်၍နေစဉ်၊ သူသည် အသံကိုလွှင့်၍ ငိုကြွေးလေ၏။ ၁၇ ဘုရားသခင်သည် လုလင်၏အသံကို ကြားတော်မူ၍၊ ဘုရားသခင်၏ ကောင်းကင်တမန်က ဟာဂရ၊ သင်၌ အဘယ်အမှု ရှိသနည်း။ မစိုးရိမ်နှင့်၊ [D] လုလင်နေသောအရပ်ထဲက သူ၏အသံကို ဘုရားသခင်ကြားတော်မူပြီ။ ၁၈ ထလော့၊ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်၊ ဟုကောင်းကင်ထဲကခေါ်၍ ဟာဂရအားမြွက်ဆို၏။ ၁၉ ထိုအခါ ဘုရားသခင်သည် ဟာဂရ၏မျက်စိကို ဖွင့်တော်မူသဖြင့်၊ [E] သူသည်ရေတွင်းကို မြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အား ရေကိုတိုက်လေ၏။ ၂၀ ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင်ရှိတော်မူ၏။ သူသည်ကြီးပွါး၍ တော၌နေသဖြင့်၊ လေးသမားဖြစ်လေ၏။ ၂၁ ပါရန်တော၌ နေသည်ဖြစ်၍၊ သူ့အမိသည် အဲဂုတ္တုပြည်မှ မိန်းမတယောက်ကိုခေါ်၍ သူနှင့်စုံဘက်စေ၏။
အာဗြဟံနှင့် အဘိမလက်မင်း ပဋိညာဉ်ပြု
၂၂ ထိုရောအခါ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ်မင်းဖိကောလတို့သည် အာဗြဟံကိုခေါ်၍၊ သင်သည် ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏။ ၂၃ သို့ဖြစ်၍ သင်သည်ငါ့ကို၎င်း၊ ငါ့သားကို၎င်း၊ ငါ့မြေးကို၎င်း၊ မလှည့်စား။ ငါသည်သင်၌ ကျေးဇူးပြုသကဲ့သို့၊ ငါ၌၎င်း၊ သင်တည်းနေရာငါ့ပြည်၌၎င်း၊ ကျေးဇူးပြုမည်၊ ဟုဘုရားသခင်ကို တိုင်တည်၍ ငါ့အားကျိန်ဆိုပါလော့၊ ဟုပြောဆို၏။ ၂၄ အာဗြဟံကလည်း၊ ထိုအတိုင်း ငါကျိန်ဆိုပါမည်၊ ဟုပြန်ပြောလေ၏။ ၂၅ အဘိမလက်မင်း၏ကျွန်တို့သည် အနိုင်အထက်လုယူသော ရေတွင်းအကြောင်းကြောင့်၊ အာဗြဟံသည်လည်း အဘိမလက်မင်းကို အပြစ်တင်လေ၏။ ၂၆ အဘိမလက်မင်းကလည်း၊ ဤအမှုကို အဘယ်သူပြုသည်ကို ငါမသိ။ သင်သည် ငါ့ကိုမပြော။ ငါလည်း ယနေ့တိုင်အောင်မကြားရ၊ ဟုဆို၏။ ၂၇ အာဗြဟံသည်လည်း သိုး၊ နွားတို့ကိုယူပြီးလျှင်၊ အဘိမလက်အားပေး၍ ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ၏။ ၂၈ အာဗြဟံသည်လည်း သိုးသငယ်မ ခုနစ်ကောင်တို့ကို သိုးစုနှင့် ခွဲထားလေ၏။ ၂၉ အဘိမလက်ကလည်း၊ ခွဲထားသော ဤသိုးသငယ်မ ခုနစ်ကောင်တို့သည်၊ အဘယ်သို့နည်း၊ ဟုမေးသော်၊ ၃၀ အာဗြဟံက၊ ဤရေတွင်းကိုငါတူးပြီ၊ ဟုဤသိုးသငယ်မ ခုနစ်ကောင်တို့သည်၊ ငါ့ဘက်၌ သက်သေဖြစ်မည်အကြောင်း၊ သူတို့ကိုသင်သည် ငါ့လက်မှခံယူရမည် ဟုဆိုလေ၏။ ၃၁ သို့ဖြစ်၍ ထိုအရပ်၌ ထိုနှစ်ပါးတို့သည် ကျိန်ဆိုသောကြောင့်၊ ထိုအရပ်ကို ဗေရရှေဘ ဟုတွင်ကြ၏။ ၃၂ ထိုသို့ ဗေရရှေဘအရပ်၌ ပဋိညာဉ်ပြုကြ၏။ အဘိမလက်နှင့် ဗိုလ်ချုပ်မင်း ဖိကောလတို့သည် ထ၍ ဖိလိတ္တိပြည်သို့ ပြန်ကြ၏။ ၃၃ အာဗြဟံသည် ဗေရရှေဘအရပ်၌ မန်ကျည်းပင်ကိုစိုက်၍၊ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်တည်းဟူသော၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြုလေ၏။ ၃၄ ဖိလိတ္တိပြည်မှာ ကာလရှည်ကြာစွာ တည်းနေသတည်း။
_________________________
Footnotes
၄ (a) မြန်မာကျမ်းစာအုပ်၌ "အရေဖျားလှီးမင်္ဂလာ" ဟုရေးထားသည်။ မူရင်းဟေဗြဲကျမ်းနှင့် အင်္ဂလိပ်ကျမ်းစာအုပ်များ၌ "မင်္ဂလာ" ဟူသောစကားလုံးမပါချေ။