🎨
Theme Selector
Predefined Theme
ကမ္ဘာဦးကျမ်း
အခန်းကြီး ၁၆
စာရဲသည် ကျွန်မ ဟာဂရကို အာဗြံအားပေး
၁ အာဗြံ၏မယား စာရဲ၌ သားဖွားခြင်းမရှိသဖြင့်၊ [A] အဲဂုတ္တုပြည်သူ ဟာဂရ အမည်ရှိသော၊ ကျွန်မ တယောက်ရှိသည်ဖြစ်၍၊ ၂ စာရဲက၊ အကျွန်ုပ်အား သားဖွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည်တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်၊ ဟုအာဗြံအားပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။ ၃ ထိုသို့ အာဗြံသည် ခါနာန်ပြည်၌ ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏မယားစာရဲသည် မိမိကျွန် အဲဂုတ္တုပြည်သူ ဟာဂရကိုယူ၍၊ မိမိခင်ပွန်းအာဗြံ သိမ်းပိုက်စေဖို့ အပ်နှင်းလေ၏။
ဟာဂရသည် သခင်မကို မထီမဲ့မြင်ပြု
၄ အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေစွဲ [B]လေ၏။ ဟာဂရသည် မိမိတွင်ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။ ၅ စာရဲကလည်း အကျွန်ုပ်ခံရသောအပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ။ အကျွန်ုပ်၏ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည်ကိုယ်၌ ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို၊ စီရင်တော်မူပါစေသော်၊ ဟုအာဗြံအားဆိုလေ၏။ ၆ အာဗြံကလည်း၊ သင်၏ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ပြုချင်သမျှပြုပါစေလော့၊ ဟုစာရဲအားပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကိုညှဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှ ထွက်ပြေးလေ၏။
အာဗြံအသက် ရှစ်ဆယ်ခြောက်နှစ်တွင် သားဣရှမေလမွေး
၇ ထာဝရဘုရား၏ ကောင်းကင်တမန်သည်၊ ရှုရိမြို့သို့သွားရာ တောလမ်း၌ရှိသော စမ်းရေတွင်းနားမှာ၊ ဟာဂရကိုတွေ့လျှင်၊ ၈ စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့ သွားမည်နည်း ဟုမေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှ ပြေးလာပါသည် ဟုဆိုလေ၏။ ၉ ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သင်၏ သခင်မထံသို့ပြန်၍၊ သူ၏အုပ်စိုးခြင်းကိုခံလော့ ဟုအမိန့်ရှိ၏။ ၁၀ တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သင်၏အမျိုးအနွယ်ကို မရေတွက်နိုင်အောင်၊ ငါအလွန်များပြားစေမည်ဟူ၍၎င်း၊ ၁၁ သင်သည် ကိုယ်ဝန်ဆောင်သည်ဖြစ်၍၊ သားယောကျ်ားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလအမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၏ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ။ ၁၂ သူသည် လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိညီအစ်ကို အပေါင်းတို့၏ အပါး၌ နေရလိမ့်မည်ဟူ၍၎င်း၊ မြွက်ဆိုလေ၏။ ၁၃ ထိုသို့ မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလရော ဟူသောအမည်ဖြင့် ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသောသူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကား၊ ဟုဟာဂရဆိုလေ ၏။ ၁၄ ထိုအကြောင်းကို အစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရော၊ ဟုသမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာ ရှိသတည်း။ ၁၅ ထို့နောက် ဟာဂရသည် အာဗြံအား သားကိုဖွားမြင်၏။ အာဗြံလည်း ဟာဂရတွင် မြင်သောသားကို၊ ဣရှမေလ အမည်ဖြင့်မှည့်လေ၏။ ၁၆ အာဗြံသည် သားဣရှမေလကို ဟာဂရဖွားမြင်သောအခါ၊ အသက် ရှစ်ဆယ်ခြောက်နှစ် ရှိသတည်း။