-
AA
+
🡀
|
🡂
တရားဟောရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားဟောရာကျမ်း
အခန်းကြီး ၇


ခါနာန်ပြည်ရှိ လူမျိုးခုနစ်မျိုးကို သုတ်သင်ပယ်ရှင်းရမည်
CROSS REFERENCES






သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်သွား၍ ဝင်စားလတံ့သောပြည်သို့ သင့်ကို ဆောင်သွင်းလျက်၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ခါနာနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူ တည်းဟူသော၊ သင့်ထက် ကြီးမြင့်များပြားသော လူမျိုး ခုနစ်မျိုးတို့ကို သင့်ထံက နှင်ထုတ်၍၊ တဖန် သင့်လက်၌ အပ်တော်မူသောအခါ၊ သူတို့ကို လုပ်ကြံ၍ အကုန်အစင် သုတ်သင် ပယ်ရှင်းရမည်။ သူတို့နှင့် မိဿဟာယမဖွဲ့ရ၊ ကရုဏာကို မပြရ။ သူတို့နှင့် စုံဘက်ခြင်းကို မပြုရ။ သင်၏ သမီးကို သူ၏ သားနှင့်၎င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစားခြင်းကို မပြုရ။ အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌ မဆည်းမကပ်စေဘဲ၊ အခြားတစ်ပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ခြင်း ဖျက်ဆီးတော်မူလိမ့်မည်။ သို့ဖြစ်၍၊ သူတို့၌ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ သူတို့ ယဇ်ပလ္လင်များကို ဖျက်ရမည်။ ရုပ်တုများကို ဖြိုချရမည်၊ အာရှရပင်များကို ခုတ်လှဲရမည်။ ထုသော ရုပ်တုဆင်းတုများကို မီးရှို့ရမည်။ အကြောင်းမူကား၊ သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသော အမျိုးဖြစ်၏။ [A]မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ ဘုရားသခင် ထာဝရဘုရား ပိုင်ထိုက်သောအမျိုး ဖြစ်စေခြင်းငှာ၊ သင့်ကို ရွေးချယ်တော်မူပြီ။


မှန်သော ဘုရား သစ္စာစောင့်သောဘုရား
CROSS REFERENCES






သင်သည် အခြားသော လူမျိုးထက်သာ၍ များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကိုချစ်၍ ရွေးချယ်တော်မူသည် မဟုတ်။ သင်သည် အခြားသော လူမျိုးတကာတို့ထက် သာ၍နည်း၏။ ထာဝရဘုရားသည် သင့်ကို ချစ်သောကြောင့်၎င်း၊ [B] သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိန်ကို မဖျက်လိုသောကြောင့်၎င်း၊ ​ကျွန်ခံနေရာ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်လက်မှ အားကြီးသော လက်တော်နှင့် သင့်ကို ရွေးနှုတ် ဆောင်ယူခဲ့တော်မူပြီ။ သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် မှန်သောဘုရား၊ သစ္စာစောင့်သော ဘုရား၊ ကိုယ်တော်ကို ချစ်၍ ပညတ်တော်တို့ကို စောင့်ရှောက်သော သူတို့၏ အမျိုး အစဉ်အဆက် အထောင် အသောင်းတိုင်အောင် ပဋိညာဉ်စကားတည်၍ ကရုဏာကို ပြသောဘုရား၊ ၁၀ ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်းငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသော ဘုရား ဖြစ်တော်မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသောသူတို့ကို အားမနာဘဲ၊ သူတို့ မျက်မှောက်၌ အပြစ်ပေးတော်မူမည်။ ၁၁ သို့ဖြစ်၍ ယနေ့ ငါထားသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရမည်။


ပညတ်တို့ကို ကျင့်ဆောင်နားထောင်လျှင်

၁၂ ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သောငှာ နားထောင်လျှင်၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၏ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကို စောင့်တော်မူမည်။ ၁၃ သင့်ကို ချစ်သဖြင့် ကောင်းကြီးပေး၍ များပြားစေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်၌ သင်ဖွားမြင်သော သားတို့ကို၎င်း၊ သင်၏ မြေအသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား၊ အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီး ပေးတော်မူမည်။ ၁၄ သင်သည် လူမျိုးတကာတို့ ထက်သာ၍ ကောင်းကြီး ခံရသောသူဖြစ်၍၊ သင်၌ မြုံသော ယောက်ကျား မိန်းမတစ်ယောက်မျှ၊ တိရစ္ဆာန်တွင် မြုံသော အထီးအမ တစ်ကောင်မျှမရှိရ။ ၁၅ ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှတို့ကို သင့်ဆီက ပယ်ရှား၍၊ သင်သိသော အဲဂုတ္တပြည်၏ အနာဆိုးကိုသင်၌ စွဲစေတော်မမူ။ သင့်ကို မုန်းသောသူ အပေါင်းတို့၌ စွဲစေတော်မူမည်။


ရုပ်တုကိုးကွယ်သူများကို ဖျက်ဆီးရမည်

၁၆ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၌ အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီးရမည်။ သင်၏ မျက်စိသည် သူတို့ကို မသနားရ။ သူတို့ဘုရားအား ဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။ ၁၇ ထိုလူမျိုးတို့သည် ငါ့ထက်သာ၍ များ၏။ ငါသည် သူတို့ကို အဘယ်သို့ နှင်ထုတ်နိုင်မည်နည်း၊ ဟုသင်သည် စိတ်ထဲမှာ အောက်မေ့လျက်၊ ၁၈ သူတို့ကို မကြောက်ရ။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ဖာရောဘုရင်နှင့် အဲဂုတ္တုပြည် တပြည်လုံး၌ ပြုတော်မူသောအမှုကို၎င်း၊ ၁၉ ကိုယ်တိုင်မြင်၍ ကြီးစွာသော စုံစမ်းခြင်းတို့ကို၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှုတ်ဆက်သောအခါ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို၎င်း၊ အားကြီးသော လက်ရုံးတော်ကို ဆန့်တော်မူခြင်းကို၎င်း၊ စေ့စေ့ အောက်မေ့ရမည်။ ထိုနည်းတူ၊ သင်ကြောက်တတ်သော လူမျိုးရှိသမျှတို့၌ သင်၏ ဘုရားသခင် ထာဝရဘုရား ပြုတော်မူမည်။ ၂၀ ထိုမှတပါး၊ ကျန်ကြွင်း၍ ပုန်းရှောင်လျက် နေသောသူတို့သည် မပျက်စီးမှီတိုင်အောင်၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ပျားတူများကို သူတို့တွင် စေလွှတ်တော်မူမည်။ [C]၂၁ သူတို့ကြောင့် ထိတ်လန့်ခြင်း မရှိရ။ အကြောင်းမူကား၊ တန်ခိုးကြီး၍ ကြောက်မက်ဖွယ်သော သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့တွင် ရှိတော်မူ၏။ ၂၂ သင်၏ ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ထံက တရွေ့ရွေ့ နှင်ထုတ်တော်မူလိမ့်မည်။ တောသားရဲတို့သည် သင့်တဘက်၌ များပြားမည်ကိုစိုးရိမ်၍၊ သူတို့ကို ချက်ခြင်း မပယ်မရှားသင့်။ ၂၃ သို့ရာတွင် သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင်၌ အပ်၍၊ သူတို့မပျက်စီး မှီတိုင်အောင်၊ ကြီးစွာသော ပျက်စီးခြင်းကို စီရင်တော်မူမည်။ ၂၄ သူတို့ ရှင်ဘုရင်များကိုလည်း သင့်လက်၌ အပ်တော်မူသဖြင့်၊ [D] သူတို့ ဘွဲ့နာမကိုပင် ကောင်းကင်အောက်မှာ ပယ်ရှင်းရမည်။ သူတို့ကို မဖျက်ဆီးမှီတိုင်အောင် သင့်ရှေ့မှာအဘယ်သူမျှ မရပ်မနေနိုင်ရာ။


ရုပ်တုကိုးကွယ်သူများ၏ ရွှေငွေမယူရ

၂၅ သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ရမည်။ ရုပ်တုဆင်းတု၌ ပါသောရွှေငွေကို မတပ်မက်ရ၊ မသိမ်းမယူရ၊ ယူလျှင်အပြစ်ရောက်မည်၊ ဟုစိုးရိမ်စရာရှိ၏။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။ ၂၆ စက်ဆုပ်ရွံရှာဘွယ်သောအရာကို သင့်အိမ်ထဲသို့ မသွင်းရ။ သွင်းလျှင်၊ သင်သည် ထိုအရာကဲ့သို့ ကျိန်အပ်သောအရာ ဖြစ်မည်၊ ဟုစိုးရိမ်စရာရှိ၏။ ထိုသို့သောအရာကို သင်သည် အကြွင်းမဲ့ စက်ဆုပ်ရွံရှာရမည်။ ကျိန်အပ်သော အရာပင် ဖြစ်ပေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.