တရားဟောရာကျမ်း
အခန်းကြီး ၃၄
မောရှေသည် ခါနန်ပြည်ကို မြင်ခွင့်ရသော်လည်း ဝင်ခွင့်မရ
၁ ထိုနောက်၊ မောရှေသည် မောဘလွင်ပြင်မှ သွား၍ ယေရိခေါမြို့တဘက်၊ နေဗောတောင်၊ ပိသဂါထိပ်ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရားသည် ဒန်မြို့တိုင်အောင်၊ ဂိလဒ်ပြည် တလျှောက်လုံး၊ ၂ နဿလိပြည် တလျှောက်လုံး၊ ဧဖရိမ်ပြည် မနောရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင်၊ ယုဒပြည် တလျှောက်လုံး၊ ၃ တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့ တည်းဟူသော ယေရိခေါမြို့ တည်သော ချိုင့်နှင့်လွင်ပြင်တို့ကို ပြတော်မူ၏။ ၄ ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို၍ သင်၏အမျိုးအနွယ်အား ငါပေးမည်၊ ဟုဂတိထားသောပြည်ကို ကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့် မြင်ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး၍မသွားရ၊ ဟုမိန့်တော်မူ၏။
မောရှေအနိစ္စရောက်
၅ ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ထာဝရဘုရား၏ ကျွန်မောရှေသည် မောဘပြည်၊ ထိုအရပ်၌ အနိစ္စရောက်၍၊ ၆ ဗက်ပေဂုရမြို့ တဘက်၊ မောဘပြည်၊ တစ်စုံတခုသော ချိုင့်၌ သင်္ဂြိုလ်တော်မူ၏။ မောရှေ၏ သင်္ချိုင်းကို ယနေ့တိုင်အောင် အဘယ်လူမျှ မသိရာ။ ၇ မောရှေသည် အနိစ္စရောက်သောအခါ အသက် တစ်ရာ့နှစ်ဆယ်ရှိ၏။ သူ၏မျက်စိ မမှုန်သေး။ ခွန်အားလည်း မလျော့သေး။ ၈ ဣသရေလ အမျိုးသားတို့သည် မောရှေကို အောက်မေ့၍၊ မောဘလွင်ပြင်၌ အရက်သုံးဆယ် ပတ်လုံး ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။
မောရှေကိုယောရှုက ဆက်ခံ
၉ မောရှေအတွက် ငိုကြွေး မြည်တမ်းသော နေ့ရက်ကာလလွန်ပြီးမှ၊ နုန်၏သား ယောရှုသည် အထက်က မောရှေ၏ လက်တင် မင်္ဂလာကိုခံရသဖြင့်၊ ပညာသဘောနှင့် ပြည့်စုံသောသူဖြစ်၍၊ ဣသရေလ အမျိုးသားတို့သည် ယောရှု၏စကားကို နားထောင်လျက်၊ မောရှေအား ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြုကြ၏။
မောရှေကဲ့သို့သော ပရောဖက်မရှိ
၁၀ ထာဝရဘုရား စေလွှတ်တော်မူ၍၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်နှင့် သူ၏ ကျွန်မှစ၍ ပြည်သားအပေါင်းတို့၌ နိမိတ်လက္ခဏာ၊ ၁၁ အံ့ဘွယ်သော အမှုအလုံးစုံတို့ကို ပြု၍၊ ဣသရေလ အမျိုးသား အပေါင်းတို့ရှေ့မှာ မဟာတန်ခိုးတော်နှင့် အလွန် ကြောက်မက်ဘွယ်သော အမှုအရာ အပေါင်းတို့ကို ပြလေရာတွင်၊ ၁၂ ထာဝရဘုရား၏ မျက်နှာတော်ကို ကိုယ်တိုင် ကိုယ်ကြပ် ဖူးမြင်ရသော ပရောဖက် မောရှေကဲ့သို့၊ နောက်တဖန် ဣသရေလ အမျိုး၌ သူနှင့်တူသော ပရောဖက် တစ်စုံတစ်ပါးမျှ မပေါ်မထွန်း။
မောရှေစီရင်ရေးထားသော တရားဟောရာကျမ်းပြီး၏။