တရားဟောရာကျမ်း
အခန်းကြီး ၂၀
စစ်တိုက်ရာတွင် မကြောက်ဖို့ပြော
၁ သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွားသောအခါ၊ ကိုယ်ထက်သာ၍ များသောမြင်း၊ ရထား၊ လူတို့ကို မြင်သော်လည်း မကြောက်နှင့်။ သင့်ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ဘက်၌ ရှိတော်မူ၏။ ၂ စစ်တိုက် ချိန်နီးသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ချဉ်း၍၊ ၃ အိုဣသရေလ အမျိုးသားတို့၊ ယနေ့သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကို ချဉ်းပြီ။ သူတို့ကြောင့် စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ထိတ်လန့်ခြင်း မရှိကြနှင့်။ ၄ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ရန်သူတို့ကို စစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်း အလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည်၊ ဟုလူတို့အား ပြောဆိုရကြမည်။
စစ်တိုက်ရာမှ ပြန်ခွင့်ပေးမည့်သူများ
၅ ဗိုလ်တို့ကလည်း၊ အိမ်သစ်ကို ဆောက်၍ ဘုရားသခင်၌ မအပ်ရသေးသော သူရှိလျှင်၊ မိမိအိမ်သို့ ပြန်၍ အပ်ပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြားသော သူသည် ထိုအိမ်ကို အပ်လိမ့်မည်၊ ဟုစိုးရိမ်စရာရှိ၏။ ၆ စပျစ်ဥယျာဉ်ကို စိုက်၍ စပျစ်သီးကို မစားရသေးသောသူ ရှိလျှင် မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြားသောသူသည် ထိုစပျစ်သီးကို စားလိမ့်မည်၊ ဟုစိုးရိမ်စရာရှိ၏။ ၇ မိန်းမနှင့် လက်ထပ်၍ မသိမ်းရသေးသောသူ ရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြားသောသူသည် ထိုမိန်းမကို သိမ်းလိမ့်မည်၊ ဟုစိုးရိမ်စရာ ရှိသည်၊ ဟုလူများတို့အား ပြောရကြမည်။ ၈ တဖန်လည်း၊ ဗိုလ်တို့က ကြောက်တတ်သော သဘောရှိ၍ စိတ်ပျက်သောသူ ရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ်လျှင် ထိုသူ စိတ်ပျက် သကဲ့သို့၊ သူ၏ အဖော်တို့သည် စိတ်ပျက်ကြလိမ့်မည်၊ ဟုစိုးရိမ်စရာရှိသည်၊ ဟုလူအများတို့အား ပြောရကြမည်။ ၉ ဗိုလ်တို့သည် လူများတို့အား ထိုသို့ပြောပြီးမှ၊ တပ်မှူးတို့သည် လူများကို စစ်ချီစေရမည်။
ရန်သူက အရှုံးခံလျှင်
၁၀ သင်သည် မြို့တစ်စုံတစ်မြို့ကို တိုက်ခြင်းငှာ ချဉ်းသောအခါ၊ စစ်ငြိမ်းမည်အကြောင်းကို ဟစ်ကြော်ရမည်။ ၁၁ ထိုမြို့သည် စစ်ငြိမ်းရာ စကားပြေကို ပြန်ပြော၍ မြို့တံခါးကို ဖွင့်ထားလျှင်၊ ထိုမြို့၌ ရှိသောသူ အပေါင်းတို့သည် သင့်အား အခွန်ပေး၍၊ သင့်အမှုကို ထမ်းရကြမည်။ ၁၂ သို့မဟုတ် စကားပြေ မပြောဘဲ သင့်ကို စစ်တိုက်လျှင်၊ ထိုမြို့ကို ဝိုင်းထား၍၊ ၁၃ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်လက်၌ အပ်တော်မူသောအခါ၊ ယောကျ်ားရှိသမျှတို့ကို ဓားနှင့် လုပ်ကြံရမည်။ ၁၄ မိန်းမ၊ သူငယ်၊ တိရစ္ဆာန် အစရှိသောမြို့ ၌ တွေ့သော ဥစ္စာရှိသမျှကို ကိုယ်ဖို့ သိမ်း၍၊ သင်၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော သင်၏ ရန်သူ လက်မှ ရသောဥစ္စာကို စားရမည်။ ၁၅ ဤလူမျိုး နေသော မြို့မှတပါး သင်နှင့် ဝေးသောမြို့ ရှိသမျှတို့အား ထိုသို့ပြုရမည်။ ၁၆ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့၊ ဤလူမျိုး နေရာမြို့တို့၌ အသက်ရှုသော လူသတ္တဝါ တစ်စုံတစ်ယောက်ကိုမျှ အသက်မရှင်စေရ။
လူမျိုးခုနစ်မျိုးကို ရှင်းရှင်းဖျက်ဆီးရမည်
၁၇ ဟတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် မိမိတို့ဘုရားများ၌ ပြုသော စက်ဆုပ်ရွံရှာဘွယ် အမှုတို့ကို သင့်အား သွန်သင်၍၊ ၁၈ သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရားကို မပြစ်မှားမည် အကြောင်း သင်၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုး အပေါင်းတို့ကို ရှင်းရှင်း ဖျက်ဆီးရမည်။ ၁၉ သင်သည် မြို့တစ်စုံတစ်မြို့ကို တိုက်ယူခြင်းငှာ ကြာမြင့်စွာ ဝိုင်းထားလျှင်၊ သစ်ပင်များကို မခုတ်မဖြတ်ရ။ မြေ၌ ပေါက်သော အပင်တို့သည် လူအသက်မွေးဖို့ရာ ဖြစ်သောကြောင့် အသီးကိုသာ စားရမည်။ မြို့ကိုဝိုင်းထားရာ အမှုကိုဆောင်၍ အပင်ကိုမလှဲရ။ ၂၀ သို့ရာတွင် မစားရသော သစ်ပင်တို့ကို ခုတ်လှဲ၍၊ သင်နှင့် စစ်တိုက်သော မြို့ကို မအောင်မှီတိုင်အောင်၊ စစ်တိုက်စရာ တန်ဆာတို့ကို ဆောက်လုပ်ရသော အခွင့်ရှိ၏။