ထွက်မြောက်ရာကျမ်း
အခန်းကြီး ၃၇
ပဋိညာဉ်သေတ္တာပြုလုပ်
၁ - ၂ တဖန် ဗေဇလေလသည်၊ အလျား နှစ်တောင်ထွာ၊ အနံ တစ်တောင်ထွာ၊ စောက် တစ်ထောင်ထွာရှိသော သေတ္တာကို အကာရှသားနှင့် လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံလေ၏။ သေတ္တာ အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်လေ၏။ ၃ ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တစ်မျက်နှာ နှစ်ကွင်းစီ တပ်လေ၏။ ၄ အကာရှသား ထမ်းပိုးကိုလုပ်၍ ရွှေနှင့် မွမ်းမံပြီးမှ၊ ၅ သေတ္တာထမ်းစရာဖို့ တဘက်တချက် ရွှေကွင်း၌ လျှိုထားလေ၏။
ကရုဏာပလ္လင်ပြုလုပ်
၆ အလျား နှစ်တောင်ထွာ၊ အနံ တစ်တောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း၊ ရွှေစင်နှင့် လုပ်လေ၏။ ၇ ရွှေခေရုဗိမ် နှစ်ပါးကိုလည်း၊ သေတ္တာ အဖုံးတွင် အလျားတစ်ဘက် တစ်ချက်၌ ထုလုပ်လေ၏။ ၈ ထိုသို့ ခေရုဗိမ်နှစ်ပါးကို၊ သေတ္တာဖုံး ကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တစ်ဘက်တစ်ပါးစီ လုပ်ပြီးလျှင်၊ ၉ ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကိုဖြန့်၍ သေတ္တာဖုံးကို မိုးလျက်ရှိ၏။
ရှေ့တော်မုန့်တင်သော စားပွဲပြုလုပ်
၁၀ အလျား နှစ်တောင်၊ အနံ တစ်တောင်၊ အမြင့် တစ်တောင်ထွာရှိသော စားပွဲကိုလည်း၊ အကာရှသားနှင့် လုပ်၍၊ ၁၁ ရွှေစင်နှင့် မွမ်းမံလေ၏။ စားပွဲအပေါ် နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း၊ ၁၂ အနံ တလက်ဝါးရှိသော ခါးပန်းကို၎င်း၊ ခါးပန်း အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း လုပ်လေ၏။ ၁၃ ရွှေလေးကွင်းကိုလည်း သွန်း၍ ခြေထောက်လေးခုအထက်၊ စားပွဲလေးထောင့်၌ တပ်လေ၏။ ၁၄ ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာ ရှိ၍၊ စားပွဲထမ်းစရာ ထမ်းပိုးနေရာ ဖြစ်၏။ ၁၅ စားပွဲ ထမ်းစရာ အကာရှသား ထမ်းပိုးကိုလုပ်၍ ရွှေနှင့် မွမ်းမံလေ၏။ ၁၆ စားပွဲ တန်ဆာတည်းဟူသော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ၏။
ရွှေမီးခုံပြုလုပ်
၁၇ မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင် အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်း ထုလေ၏။ ၁၈ မီးခုံတိုင် တစ်ဘက်တစ်ချက် သုံးလက်စီထွက်၍၊ အလက် ခြောက်လက်ရှိ၏။ ၁၉ မီးခုံတိုင်အထဲက ထွက်သော အလက်သုံးလက်တွင်၊ တလက်တလက်၌ ဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့် ပုံတူသော ခွက်သုံးခွက်ရှိ၏။ ၂၀ မီးခုံတိုင်၌ လည်းဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့် ပုံတူသော ခွက်လေးခွက်ရှိ၏။ ၂၁ မီးခုံတိုင်ထဲက ထွက်သော အလက်ခြောက်လက် ရှိသည်အတိုင်း၊ အလက် နှစ်ဘက်အောက်၌ လည်း ဘူးသီးတလုံးစီရှိ၏။ ၂၂ ဘူးများ၊ အလက်များတို့ကို တစ်ကိုယ်တစ်ဆက်တည်း ဖြစ်စေ၍ မီးခုံတစ်ကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်လေ၏။ ၂၃ မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့်မီးညှပ် ခံစရာခွက်များကိုလည်း ရွှေစင်နှင့် လုပ်လေ၏။ ၂၄ မီးခုံနှင့် မီးခုံ တန်ဆာရှိသမျှတို့ကို ရွှေစင် အခွက်တစ်ဆယ်နှင့် လုပ်သတည်း။
နံ့သာပေါင်း မီးရှို့ရာ ယဇ်ပလ္လင်ပြုလုပ်
၂၅ တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်လေ၏။ ထိုပလ္လင်သည် အလျားတစ်တောင်၊ အနံတစ်တောင်၊ စတုရန်း လေးထောင့်ဖြစ်၍ အမြင့် နှစ်တောင်ရှိလေ၏။ ဦးချိုတို့ကိုလည်း အကာရှသား ဖြင့်ပြီးစေ၏။ ၂၆ ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည် ကွပ်သော ရွှေတန်ဆာကို လုပ်လေ၏။ ၂၇ ရွှေတန်ဆာအောက် ပလ္လင် တဘက်တချက် ထောင့်၌ ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ပလ္လင်ထမ်းစရာထမ်းဖို့ နေရာဖြစ်၏။ ၂၈ ထမ်းပိုးတို့ကို အကာရှသား နှင့်လုပ်၍ ရွှေနှင့် မွမ်းမံလေ၏။ ၂၉ ဆေးသမားအတတ်နှင့် ဆေးပေါင်းကို ဖော်တတ်သည်အတိုင်း၊ သန့်ရှင်းသော လိမ်းရန် နံ့သာဆီကို၎င်း၊ နံ့သာမျိုးနှင့် ဖော်သော မီးရှို့ရာ နံ့သာပေါင်းစင်ကို၎င်း၊ လုပ်လေ၏။