ထွက်မြောက်ရာကျမ်း
အခန်းကြီး ၁၁
အိမ်နီးချင်းများထံ ရွှေငွေအဝတ်တန်ဆာများ တောင်းခိုင်း
၁ ထိုအခါ ထာဝရဘုရားက၊ ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်အပေါ်မှာ ဘေးတစ်ပါးကို ငါရောက်စေဦးမည်။ ထိုနောက် သင်တို့ကို လွှတ်လိမ့်မည်။ လွှတ်သောအခါ၌လည်း၊ အကယ်၍ သင်တို့ကို တပြိုင်နက် နှင်လိမ့်မည်။ ၂ ဣသရေလ လူယောက်ျားသည်၊ အိမ်နီးချင်းယောက်ျား၌၎င်း၊ မိန်းမသည် အိမ်နီးချင်းမိန်းမ၌၎င်း၊ ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာတို့ကို တောင်းစေခြင်းငှာ၊ လူများတို့အား ပြောလော့၊ ဟုမောရှေအား မိန့်တော်မူ၏။ ၃ သူတို့တောင်းသည်အတိုင်း အဲဂုတ္တုလူတို့သည် ပေးချင်သော စေတနာစိတ်ကို ထာဝရဘုရား ဖြစ်စေတော်မူ၏။ မောရှေသည်လည်း၊ အဲဂုတ္တုပြည်တွင် ဖာရောဘုရင်၏ ကျွန်များ၊ လူများရှေ့၌ ကြီးစွာသော အသရေ ရှိလေ၏။
အဲဂုတ္တုသားဦးနှင့် တိရစ္ဆာန်သားဦးများသေမည်
၄ ထိုအခါ မောရှေက၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန်းခေါင်အချိန်၌ အဲဂုတ္တုပြည် အလယ်သို့ ငါထွက်သွားမည်။၅ နန်းထိုင်သော ဖာရောဘုရင်၏ သားဦးမှစ၍၊ ကြိတ်ဆုံနောက်၌ ထိုင်သော ကျွန်မ၏ သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့၏ သားဦး ရှိသမျှတို့သည် သေကြလိမ့်မည်။ ၆ အဲဂုတ္တုပြည် တလျှောက်လုံးတွင်၊ ရှေးကာလ၌ မဖြစ်စဖူးသော၊ နောင်ကာလ၌လည်း မဖြစ်လတံ့သော ကြီးစွာသော ငိုကြွေးခြင်း ဖြစ်ရလိမ့်မည်။ ၇ သို့ရာတွင် ထာဝရဘုရားသည်၊ အဲဂုတ္တုလူတို့နှင့် ဣသရေလလူတို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိစေခြင်းငှာ၊ ဣသရေလလူ တစ်စုံတစ်ယောက်ကို ခွေးတစ်ကောင်မျှ မဟိန်းရ၊ ဟုမိန့်တော်မူ၏။ ၈ ကိုယ်တော်၏ ကျွန်ဖြစ်သော ဤလူအပေါင်းတို့သည်လည်း၊ ကျွန်ုပ်ထံသို့လာ၍ ပြပ်ဝပ်လျက် ထွက်သွားပါ။ ကိုယ်တော်နှင့် ကိုယ်တော်နောက်၌ လိုက်သောသူ အပေါင်းတို့ ထွက်သွားကြပါ၊ ဟုပြောဆိုပြီးမှ ကျွန်ုပ်ထွက်သွားပါမည်၊ ဟုလျှောက်ဆိုသဖြင့်၊ အမျက်ထွက်၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ၏။ ၉ ထာဝရဘုရားကလည်း၊ အံ့ဘွယ်သော အမှုတော်တို့သည်၊ အဲဂုတ္တုပြည်၌ များပြားမည်အကြောင်း၊ ဖာရောဘုရင်သည် သင်တို့၏ စကားကို နားမထောင်ဘဲ နေလိမ့်မည်၊ ဟုမောရှေအား မိန့်တော်မူသည်အတိုင်း၊ ၁၀ မောရှေနှင့် အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဘွယ်သော အမှုအလုံးစုံတို့ကို ပြုသော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလ အမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသော အခွင့်ကို မပေးဘဲနေသတည်း။