-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၃၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၃၆


ကြည်ညိုသောစိတ်နှင့်ဆောင်ကြ

ထိုသို့ ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်စရာဖို့၊ အမျိုးမျိုးသော အလုပ်ကို လုပ်တတ်သော ဥာဏ်ပညာကို ထာဝရဘုရား ပေးသွင်းတော်မူသော ပညာရှိ အပေါင်းတို့နှင့်တကွ၊ ဗေဇလေလ၊ အဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်၊ ဟုဣသရေလ အမျိုးသားတို့အား ဆင့်ဆိုလေ၏။ တဖန် မောရှေသည်၊ ဗေဇလေလ၊ အဟောလျဘကို၎င်း၊ ထာဝရဘုရား ပေးတော်မူသော ဥာဏ်သဘောကိုရ၍၊ အလုပ်လုပ်ချင်သော စေတနာစိတ် ရှိသော ပညာရှိပေါင်းတို့ကို၎င်း၊ ခေါ်ပြီးလျှင်၊ သန့်ရှင်းရာဌာနနှင့် အမှုတော်ထမ်းရန် တန်ဆာတို့ကို လုပ်ကိုင်စေခြင်းငှာ၊ ဣသရေလ အမျိုးသားတို့ ဆောင်ခဲ့သော အလှူရှိသမျှကို ထိုသူတို့သည် မောရှေလက်မှခံကြ၏။ ကြည်ညိုသော စိတ်နှင့်လှူသော အလှူကို နံနက်တိုင်း ထပ်၍ ဆောင်ခဲ့ကြသေး၏။


အလှူရပ်ခိုင်း

ထိုအခါ သန့်ရှင်းရာဌာနတော်အလုပ်ကို လုပ်ကိုင်သော ပညာရှိအပေါင်းတို့သည်၊ အသီးအသီး မိမိလုပ်ရာမှ၊ မောရှေထံသို့လာ၍ ထာဝရဘုရား မှာထားတော်မူသော အလုပ်ပြီးလောက်ရုံမျှမက၊ ပို၍ ဆောင်ခဲ့ကြပါပြီ၊ ဟုကြားပြောလျှင်၊ မောရှေက၊ သန့်ရှင်းရာ ဌာနတော်အဖို့ လှူခြင်းငှာ အဘယ်ယောကျ်ား မိန်းမမျှ ထပ်မံ၍ မလုပ်စေနှင့်၊ ဟုစီရင်၍၊ တစ်တပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများ အလှူဆောင်ခြင်းအမှုကို ဆီးတား၏။ ရခဲ့သောဥစ္စာသည် အလုပ်ရှိသမျှကို ပြီးစီးလောက်ရုံမျှမက ပိုလျက် ရှိသတည်း။


တဲတော် ပထမအဖုံး ကုလားကာ

သန့်ရှင်းရာ ဌာနတော်အလုပ်ကို လုပ်ကိုင်သောသူတို့တွင်၊ ပညာရှိသောသူသည် ပိတ်ချော၊ ပြာသောအထည်၊ မောင်းသော အထည်၊ နီသောအထည် ဖြင့်ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ပိတ်ချော ကုလားကာ ဆယ်ထည်ကို လုပ်လေ၏။ ကုလားကာသည် အလျား နှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံတူ၏။ ၁၀ ကုလားကာ ငါးထည်စီ တစပ်တည်းချုပ်လေ၏။ ၁၁ ကုလားကာတစ်ထည်၊ ပြင်ဘက် ကုလားကာနားချင်း ဆက်မှီရာ၌ ကွင်းများကို ပြာသော အထည်နှင့်လုပ်၍၊ အခြားသော ကုလားကာ ပြင်ဘက် ကုလားကာ နားချင်းဆက်မှီရာ၌လည်း ထိုအတူလုပ်လေ၏။ ၁၂ ကုလားကာ တစ်ထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသော ကုလားကာ အနားဆက်မှီရာ၌ ကွင်းငါးဆယ်ကို၎င်း၊ လုပ်သဖြင့်၊ ကွင်းချင်းဆိုင် မိကြ၏။ ၁၃ ရွှေချောင်း ငါးဆယ်ကိုလည်းလုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့် တဲတော် တစ်ဆောင်တည်း ဖြစ်လေ၏။


ဆိတ်မွှေး

၁၄ တဲတော်ဖုံးအုပ်ဖို့ အခြားသော ကုလားကာ ဆယ့်တစ်ထည်ကို ဆိတ်မွှေးနှင့် လုပ်လေ၏။ ၁၅ ကုလားကာသည် အလျား အတောင်သုံးဆယ်၊ အနံ လေးတောင်ရှိ၍ ကုလားကာ ဆယ့်တစ်ထည်တို့သည် အလျားအနံချင်းတူ၏။ ၁၆ ကုလားကာ ငါးထည်တစပ်၊ ​ခြောက်ထည် တစပ်တည်း ချုပ်လေ၏။ ၁၇ ကုလားကာများဆက်မှီရာ၌ ၊ ပြင်ဘက်ကနေသော ကုလားကာ တစ်ထည်အနားမှာ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကို၎င်း၊ လုပ်လေ၏။ ၁၈ ​ကြေးဝါချောင်း ငါးဆယ်ကိုလည်း လုပ်၍၊ အပေါ်တဲတစ်ပိုင်းနှင့် တစ်ပိုင်းကို ပူတွဲသဖြင့်၊ တဲတစ်ဆောင်တည်း ဖြစ်လေ၏။


အနီဆိုးသောသိုးရေနှင့်တဟာရှသားရေ

၁၉ အပေါ်တဲ ဖုံးအုပ်ဖို့ အနီဆိုးသော သိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှ သားရေကို၎င်း လုပ်လေ၏။


အကာရှပျဉ်ပြား

၂၀ တဲတော်ကာရန် ထောင်ထားသော အကာရှ ပျဉ်ပြားတို့ကိုလည်း လုပ်လေ၏။ ၂၁ ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာရှိ၏။ ၂၂ ထိုပျဉ်ပြား ရှိသမျှတို့၌ ​ခြေထောက် နှစ်ခုစီ တစ်တန်းတည်း ရှိစေခြင်းငှာ လုပ်လေ၏။ ၂၃ တဲတော်တောင်ဘက်၌ ကာရန် ပျဉ်ပြား နှစ်ဆယ်ကိုလုပ်၍၊ ၂၄ ထိုပျဉ်ပြား နှစ်ဆယ်တွင်၊ တစ်ပြားတစ်ပြားအောက်၌ ခြေထောက်နှစ်ခုစီ စွပ်စရာဖို့ ငွေ​ခြေစွပ် လေးဆယ်ကို လုပ်လေ၏။ ၂၅ ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန် ပျဉ်ပြားနှစ်ဆယ်ကို လုပ်၍၊ ၂၆ ထိုပျဉ်ပြား၌လည်း ငွေ​ခြေစွပ်လေးဆယ်၊ တစ်ပြားနှစ်ခုစီ လုပ်လေ၏။ ၂၇ တဲတော် အနောက်ဘက်၌ ကာရန် ပျဉ်ပြား ​ခြောက်ပြားကို၎င်း၊ ၂၈ ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြားနှစ်ပြားကို၎င်း၊ လုပ်လေ၏။ ၂၉ အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခု ပြီးလေ၏။ ၃၀ ပျဉ်ပြားရှစ်ပြား၊ ငွေ​ခြေစွပ် ဆယ်​ခြောက်ခု၊ တစ်ပြားနှစ်ခုစီ ရှိလေ၏။


အကာရှသား ကန့်လန့်ကျင်

၃၁ တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဖို့ အကာရှသား ကန့်လန့်ကျင်တို့ကို၊ တစ်ဘက် ငါးချောင်းစီ လုပ်လေ၏။ ၃၂ တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဖို့၊ ကန့်လန့်ကျင် ငါးချောင်းစီကိုလည်း လုပ်လေ၏ ၃၃ အလယ်ကန့်လန့်ကျင်ကို ထောင့်တဘက်တချက်၌ ဆုံးစေ၏။ ၃၄ ပျဉ်ပြားတို့ကို ရွှေနှင့် မွမ်းမံလေ၏။ ကန့်လန့်ကျင် လျှိုဖို့ရာ ရွှေကွင်းကိုလည်း လုပ်၍ ကန့်လန်ကျင်တို့ကို ရွှေနှင့် မွမ်းမံလေ၏။


ခန်းစီးကုလားကာ

၃၅ တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့်၊ ချယ်လှယ်သော ကုလားကာ တစ်ထည်ကို၎င်း၊ ၃၆ ထိုကုလားကာဖို့ ရွှေချသော အကာရှသား တိုင်လေးတိုင်ကို၎င်း လုပ်လေ၏။ ထိုတိုင်တို့သည် ရွှေတံစို့နှင့် ပြည့်စုံ၍၊ ငွေ​ခြေစွပ် လေးခုကိုလည်း သွန်းလေ၏။ ၃၇ တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည် ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သော ကုလားကာ တစ်ထည်ကို၎င်း၊ ၃၈ ထိုကုလားကာဖို့ တံစို့နှင့် ပြည့်စုံသော တိုင်ငါးတိုင်ကို၎င်း လုပ်၍၊ တိုင်ထိပ်နှင့် တိုင်တန်းတို့ကို ရွှေနှင့် မွမ်းမံလေ၏။ ​ကြေးဝါ ​ခြေစွပ်ငါးခုလည်း ရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.