ထွက်မြောက်ရာကျမ်း
အခန်းကြီး ၂၂
သူခိုးနှင့် ပတ်သက်သော ဓမ္မသတ်
၁ လူသည် သိုးနွားကိုခိုး၍ သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတစ်ကောင်အတွက် နွားငါးကောင်ကို၎င်း၊ သိုးတစ်ကောင်အတွက် သိုးလေးကောင်ကို၎င်း၊ ပြန်ပေးရမည်။ [A] ၂ သူခိုးသည် အိမ်ကို ထွင်းဖောက်စဉ်၊ သူတပါးတွေ့၍ သေအောင်သတ်သော်လည်း၊ သေစားမသေစေရ။ ၃ သို့သော်လည်း နေထွက်လျှင် သေစားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာ အကြောင်းရှိ၏။ ဥစ္စာအလျှင်း မရှိလျှင်၊ ခိုးသည့် ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။ ၄ သူခိုးလက်၌ ခိုးသောနွား၊ သိုးကို အသက်ရှင်လျက် အမှန်တွေ့လျှင်၊ နှစ်ဆပြန်ပေးရမည်။
ဥယျာဉ်လယ်နှင့် ပတ်သက်သော ဓမ္မသတ်
၅ သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကို စားစေသော်၎င်း၊ မိမိတိရစ္ဆာန်ကို သူ့လယ်၌ ထိန်းကျောင်းသော်၎င်း၊ မိမိလယ်၊ မိမိ စပျစ်ဥယျာဉ်ထဲက အကောင်းဆုံးကို ထုတ်၍ပြန်ပေးရမည်။ ၆ မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်း လျှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လေ၌ရှိသောအရာတို့ကို လောင်လျှင်၊ မီးရှို့သောသူသည် အမှန်လျော်ရမည်။
ဥစ္စာအပ်နှံခြင်းနှင့် ဆိုင်သော ဓမ္မသတ်
၇ လူတစ်ဦးသည် အိမ်နီးချင်းတစ်ဦး၌ ရွှေငွေအစရှိသော ဥစ္စာတစ်စုံတခုကို အပ်နှံ၍၊ အပ်နှံခံသောသူ၏အိမ်မှ သူခိုးခိုးသွားလျှင်၊ သူခိုးကို တွေ့မိသောအခါ နှစ်ဆလျော်စေ။ ၈ သူခိုးကို မတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော၊ မယူသလော၊ ဟုဘုရားသခင့် ရှေ့တော်၌ အစစ်ခံရမည်။ ၉ သူ့ဥစ္စာကို ပြစ်မှားသည်အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ် အစရှိသော ပျောက်သော ဥစ္စာတစ်စုံတခုကိုတွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္စာဖြစ်သည်၊ ဟုတစ်စုံတစ်ယောက်ဆိုလျှင်၊ အမှုသည် နှစ်ဦးတို့သည် ဘုရားသခင် ရှေ့တော်၌အစစ်ခံရ၍၊ တရားရှုံးသောသူသည် နှစ်ဆလျော်ရမည်။ ၁၀ လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစ်စုံတခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန်သေသော်၎င်း၊ ထိခိုက်၍နာသော်၎င်း၊ သက်သေမရှိဘဲ သူတပါးမောင်း၍ သွားသော်၎င်း၊ ၁၁ အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ ဥစ္စာကိုငါမယူ၊ ဟုနှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာ အကျိန်ခံလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်း မလျော်ရ။ ၁၂ သို့ရာတွင် သူတပါးခိုးသွားလျှင်၊ အပ်နှံခံသူသည် ဥစ္စာရှင်အား ပြန်ပေးရမည်။ ၁၃ သားရဲကိုက်လျှင် သက်သေဖို့ အသေကောင်ကိုပြစေ။ ပြနိုင်လျှင် အလျော်မခံရ။ ၁၄ လူသည် အိမ်နီးချင်၌ တစ်စုံတခုကိုငှား၍ ဥစ္စာရှင်မပါဘဲ သေသော်၎င်း၊ ထိခိုက်၍နာသော်၎င်း၊ အမှန်လျော်ရမည်။ ၁၅ ဥစ္စာရှင်ပါလျှင်၊ ငှားသောသူသည် မလျော်ရ။ အခနှင့်ငှားလျှင်မူကား၊ ဥစ္စာရှင်သည် အခကိုသာ တောင်းရမည်။
အမျိုးမျိုးသော ဓမ္မသတ်
၁၆ မပေးစားလိုသော အပျိုကို အကြင်ယောက်ျားသည် ချော့မော့၍ သင့်နေလျှင်၊ ကန်တော့ဥစ္စာကိုပေး၍ ထိုမိန်းမကို မယားအရာ၌ မြှောက်ထားရမည်။ ၁၇ မိန်းမ၏အဘ သဘောမတူ မပေးစားလိုလျှင်၊ ကန်တော့ရသည်နှင့်အမျှ ငွေကိုလျော်ရမည်။ ၁၈ စုန်းမကို အသက်ရှင်စေခြင်းငှာ အခွင့်မပေးရ။ ၁၉ တိရစ္ဆာန်နှင့် သင့်နေသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ၂၀ ထာဝရဘုရားမှတပါး အခြားသောဘုရားရှေ့မှာ ယဇ်ပူဇော်သောသူကို ရှင်းရှင်းဖျက်ဆီးရမည်။ ၂၁ တပြည်တနိုင်ငံသား ဖြစ်သော ဧည့်သည်ကို မနှောင့်ယှက် မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။ ၂၂ မိဘမရှိသော သူငယ်နှင့် မုဆိုးမကို သင်တို့သည် မနှောင့်ယှက်ရ။ ၂၃ နှောင့်ယှက်ခြင်း တစ်စုံတခုကိုပြု၍ သူတို့သည် ငါ့အား အနည်းငယ် အော်ဟစ်လျှင်၊ ငါသည် ထိုအသံကို အမှန်ကြား၍၊ ၂၄ ငါအမျက်ပြင်းစွာထွက်လျက်၊ သင်တို့ကို ဓားဘေးဖြင့် ကွပ်မျက်မည်။ သင်တို့ မယားများသည်လည်း မုဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသော သူငယ်ဖြစ်ကြလိမ့်မည်။
ငွေချေးပေး၍ အတိုးမစားရ
၂၅ ငါ့လူဖြစ်သော ဆင်းရဲသားအိမ်နီးချင်းအား သင်သည် ငွေကိုချေးလျှင်၊ အတိုးစားသောသူကဲ့သို့ သူ၌မပြု၊ အတိုးကိုမတောင်းရ။ ၂၆ အိမ်နီးချင်းသည် မိမိစောင်ကို သင်၌ပေါင်ထားလျှင်၊ မိုးမချုပ်မှီ ပြန်ပေးရမည်။ ၂၇ အကြောင်းမူ ကား၊ အခြားသော ခြုံစရာမရှိ၊ ကိုယ်ခြုံဖို့ဖြစ်၏။ သူသည် အဘယ်သို့ အိပ်နိုင်သနည်း။ ငါ့အား အော်ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသောသဘောရှိ၏။
မကျိန်ဆဲရ
၂၈ ဘုရားသခင်ကို လွန်ကျူး၍ မပြောရ။ သင်၏အမျိုးကို အုပ်စိုးသောမင်းကို မကျိန်ဆဲရ။ ၂၉ အဦးမှည့်သောအသီး၊ အဦးညှစ်သော အရည်ကို မထိမ်မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦးဖွားသော သားယောက်ျားကိုလည်း၊ ငါ့အားဆက်ကပ်ရမည်။ ၃၀ ထိုနည်းတူ သိုးနွားတို့ကို ပြုရမည်။ ခုနစ်ရက်ပတ်လုံး သိုးနွားသူငယ်ကို အမိနှင့်အတူနေစေ၍၊ အဋ္ဌမနေ့ရောက်မှ ငါ့အားဆက်ကပ်ရမည်။ ၃၁ သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူ ဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကို မစားရ။ ခွေးတို့အား ပစ်ပေးရမည်။