-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၃၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၃၀

နံ့သာပေါင်းမွှေးမီးရှို့ရာ ယဇ်ပလ္လင်

တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။ ထိုပလ္လင်သည် အလျားတစ်တောင်၊ အနံတစ်တောင်၊ စတုရန်း လေးထောင့်ဖြစ်၍၊ အမြင့်နှစ်တောင်ရှိရမည်။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေရမည်။ ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွန်းမံ၍၊ အပေါ်အနားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။ ရွှေတံဆာအောက်၊ ပလ္လင် တစ်ဘက်တစ်ချက် ထောင့်၌ ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ပလ္လင်ထမ်းစရာ ထမ်းပိုးနေရာ ဖြစ်ရမည်။ ထမ်းပိုးတို့ကို အကာရှသားနှင့်လုပ်၍ ရွှေနှင့် မွန်းမံရမည်။ ငါသည် သင်နှင့်တွေ့ရာအရပ်၊ သက်သေခံချက် ထားသော သေတ္တာကို၊ ကာသော ကုလားကာရှေ့၌ ထိုပလ္လင်ကို ထားရမည်။ အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကို ရှို့ရမည်။ ညဦးယံ၌ လည်း မီးခွက်တို့ကို ထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့ သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော်၌ အစဉ်အမြဲပြုရသော နံ့သာပေါင်းရှို့ခြင်း ဖြစ်သတည်း။ ထိုပလ္လင်ပေါ်မှာ ထူးခြားသော နံ့သာပေါင်းကို မရှို့ရ။ မီးရှို့သောယဇ်ကို မပြုရ။ ဘောဇဉ် ပူဇော်သက္ကာကိုလည်း မပြုရ။ သွန်းလောင်းရာ ပူဇော်သက္ကာကိုလည်း မပြုရ။ ၁၀ အာရုန်သည် တစ်နှစ်တစ်ခါ အပြစ်ဖြေရာယဇ်ကောင် အသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်​ဖြေခြင်း မင်္ဂလာကို ပြုရမည်။ သင်တို့ သားစဉ်မြေးဆက် တို့သည် တစ်နှစ်တစ်ခါ ထိုသို့ပြုရကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင် ဖြစ်သတည်း။


တဲတော်အခွန်

၁၁ တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ ၁၂ ဣသရေလ အမျိုးသားတို့ကို ရေတွက်၍ စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်း ရှိသမျှတို့သည် အသီးအသီး မိမိအသက် ရွေးရန်အဖို့ကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ ၁၃ ရေတွက်၍ စာရင်းဝင်သောသူ အပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ် တဝက်စီ ထာဝရဘုရား အားဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ် ဖြစ်သတည်း။ [A]၁၄ အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူ အပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သော ပူဇော်သက္ကာကို ထာဝရဘုရားအား ပြုရမည်။ ၁၅ ကိုယ်အသက်ကို ရွေးခြင်းငှာ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောအခါ၊ ငွေရတတ်သောသူတို့သည်မပို၊ ဆင်းရဲသောသူတို့သည် မလျော့ဘဲ၊ လူတိုင်း အကျပ်တဝက် စီပေးရမည်။ ၁၆ ဣသရေလ အမျိုးသားတို့၏ အရွေးငွေကိုယူ၍ သူတို့အသက်ကို ရွေးခြင်းငှာ၊ ထာဝရဘုရား ရှေ့တော်၌ ဣသရေလ အမျိုးသားတို့၏ သက်သေဖြစ်ရမည် အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဖို့ အလိုငှာ ထားရမည်၊ ဟုမိန့်တော်မူ၏။


ကြေးဝါအင်တုံ

၁၇ တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ ၁၈ အာရုန်နှင့် သူ၏သားတို့ လက်ခြေဆေးစရာဖို့ ​ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကို လုပ်၍၊ ပရိသတ်စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင် စပ်ကြား၌ ထားရမည်။ ၁၉ သူတို့သည် ပရိသတ် စည်းဝေးရာ တဲတော်သို့ဝင်သော်၎င်း၊ ၂၀ အမှုတော်ကိုထမ်း၍ ထာဝရဘုရား အားမီးရှို့သော ယဇ်ကိုပူဇော်ခြင်းငှာ၊ ယဇ်ပလ္လင်အနားသို့ ချဉ်းကပ်သော်၎င်း၊ ၂၁ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ မိမိတို့လက်​ခြေကို ဆေးရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုးအနွယ် အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော် ဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။


နံ့သာဆီ

၂၂ တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊ ၂၃ သင်သည် မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ်သော မုရန်စေး အကျပ်ငါးရာ၊ မွှေးသော သစ်ကြံပိုး နှစ်ရာ့ငါးဆယ်၊ မွှေးသော ကြံနှစ်ရာ့ငါးဆယ်၊ ၂၄ သစ်ကြံပိုး တမျိုးငါးရာ၊ သံလွင်ဆီ တစ်ဟိန်ကိုယူ၍၊ ၂၅ ဆေးသမားအတတ်နှင့် ဖယောင်းဆီကို ဖော်တတ်သည် အတိုင်း၊ လိမ်းရန်ဆီတည်းဟူသော သန့်ရှင်းသောနံ့သာဆီကို ဖော်ပြီးမှ၊ ၂၆ ပရိသတ်စည်းဝေးရာ တဲတော်နှင့် သက်သေခံချက် သေတ္တာကို၎င်း၊ ၂၇ စားပွဲနှင့် စားပွဲတန်ဆာ ရှိသမျှကို၎င်း၊ မီးခုံနှင့် မီးခုံတန်ဆာကို၎င်း၊ နံ့သာပေါင်းရှို့သော ပလ္လင်၊ ၂၈ မီးရှို့ရာ ယဇ်ပူဇော်သော ပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် အင်တုံ​ခြေထောက်ကို၎င်း၊ ထိုနံ့သာဆီနှင့် လိမ်းသဖြင့်၊ ၂၉ ထိုအရာတို့ကို အလွန်သန့်ရှင်းစေခြင်းငှာ၊ ထိုသို့သန့်ရှင်းစေရမည်။ ထိုအရာတို့နှင့် တွေ့သမျှသော အရာသည် သန့်ရှင်းသော အရာဖြစ်ရမည်။ ၃၀ အာရုန်နှင့် သူ၏သားတို့ကို လိမ်း၍၊ သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှာ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။ ၃၁ ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့ သားစဉ်မြေးဆက်အပေါင်းတို့၌ ဤဆီသည်၊ ငါ့အဖို့ သန့်ရှင်းသော လိမ်းရန်ဆီဖြစ်ရမည်။ ၃၂ လူ၏ကိုယ်ပေါ်မှာ မလောင်းရ။ ထိုဆီကို ဖော်သည်နည်းတူ၊ အခြားသောဆီကို မဖော်ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်၊ ဟုသင်တို့သည်မှတ်ရမည်။ ၃၃ ထိုဆီနှင့် တူအောင်ဖော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်၊ ဟုမိန့်တော်မူ၏။


နံ့သာပေါင်း

၃၄ တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသော ငါးခွံ၊ ဂါလဗန်စေး၊ စင်သော လောဗန်စေးတို့ကို အညီအမျှချိန်ယူ၍၊ ၃၅ ဆေးသမားအတတ်နှင့် နှာဆေးကို ဖော်တတ်သည်နည်းတူ ရောနှော၍၊ သန့်ရှင်း စင်ကြယ်သော နံ့သာပေါင်းကို ဖော်ရမည်။ ၃၆ အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ၊ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာ တဲတော်၌ သက်သေခံချက်ရှေ့မှာ ထားရမည်။ သင်တို့တွင် အလွန်သန့်ရှင်းရမည်။ ၃၇ ထိုသို့သော နံ့သာပေါင်းကို ဖော်သည်နည်းတူ၊ အခြားသော နံ့သာပေါင်းကို ကိုယ်သုံးဖို့ မဖော်ရ။ သင်တို့တွင် ထာဝရဘုရားအဖို့ သန့်ရှင်းရမည်။ ၃၈ အကြင်သူသည် မိမိရှုစရာဖို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဖော်၏၊ ထိုသူသည် မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.