-
AA
+
🡀
|
🡂
ထွက်မြောက်ရာကျမ်း
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ထွက်မြောက်ရာကျမ်း
အခန်းကြီး ၁၂


ပသခါပွဲ ကျင်းပရမည်
CROSS REFERENCES





CROSS REFERENCES






ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်၌ မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊ ဤလသည်(a) သင်တို့၌ လဦးတည်းဟူသော၊ နှစ်စဉ်တွင် ပထမလ ဖြစ်ရမည်။ [A] သင်တို့သည် ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို၊ မှာထားရသော စကားဟူမူကား၊ ဤလ ဆယ်ရက်နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင် အသီးအသီးအတိုင်း၊ တစ်အိမ်ထောင်လျှင် သိုးသူငယ် တစ်ကောင်စီ ယူရမည်။ အိမ်ထောင်ငယ်၍ သိုးသူငယ်တစ်ကောင်နှင့် မတန်လျှင်၊ နီးစပ်သော အိမ်နီးချင်းနှင့် စပ်ဘက်၍၊ လူမည်မျှရှိသည်၊ ဟုရေတွက်ပြီးလျှင်၊ တစ်ကောင်ကို စားလောက်သောသူများကို ထောက်၍၊ သိုးသူငယ်တစ်ကောင်ကို ယူရမည်။ သိုးသူငယ်ဖြစ်စေ၊ ဆိတ်သူငယ်ဖြစ်စေ၊ သင်တို့ယူသော အကောင်သည် အပြစ်မပါ၊ အခါမလည်သော အထီးဖြစ်ရမည်။ ထိုသိုးသူငယ်တို့ကို၊ ထိုလ ဆယ့်လေးရက်တိုင်အောင် စောင့်ထားပြီးမှ၊ ညဦးအချိန်၌ ဣသရေလအမျိုး အစည်းအဝေး ပရိသတ်အပေါင်းတို့သည် သတ်ရကြမည်။ သိုးသူငယ်၏ အသားကို စားရသောအိမ်၏ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌၊ သိုးသူငယ်၏ အသွေးကို ယူ၍ထိုးရမည်။ အသားကို မီးနှင့်ကင်ပြီးမှ၊ ထိုညခြင်းတွင် တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီး ဟင်းရွက်နှင့် စားရမည်။ အသားစိမ်းသည်ဖြစ်စေ၊ ရေနှင့်ပြုတ်သည်ဖြစ်စေ မစားရ။ ခေါင်း၊ ​ခြေထောက်၊ အသည်း၊ နှလုံး စသည်တို့နှင့်တကွ မီးကင်ပြီးမှ စားရမည်။ ၁၀ နံနက်တိုင်အောင် ထိုအသားကို မကြွင်းစေရ။ အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ရမည်။ ၁၁ အဘယ်သို့ စားရမည်နည်းဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ​ခြေနင်းကိုစီးလျက်၊ တောင်ဝေးကိုကိုင်လျက်၊ အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါ ဖြစ်သတည်း။ [B]


သားဦးများနှင့် အဲဂုတ္တုဘုရားတို့ကို တရားစီရင်မည်

၁၂ အကြောင်းမူကား၊ ယနေ့ညတွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခပ်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော လူတို့၏သားဦးများနှင့် တိရစ္ဆာန်တို့၏ သားဦးများ အပေါင်းတို့ကို ဒဏ်ခတ်၍၊ အဲဂုတ္တုပြည်၏ ဘုရားတို့ကို တရားစီရင်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။ ၁၃ သိုးသူငယ်၏ အသွေးသည် သင်တို့နေရာအိမ်၌၊ သင်တို့၏ လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကို ငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့ အဲဂုတ္တုပြည်ကို ငါသည်ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ။


ပသခါပွဲကို အစဉ်အမြဲခံရမည်

၁၄ ဤနေ့ရက်သည်လည်း သင်တို့ အောက်မေ့စရာဖို့ ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ်၊ ဤနေ့ရက်၌ ထာဝရဘုရားအား ပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကို အစဉ်အမြဲခံရကြမည်။ ၁၅ ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားရမည်။ ပထမနေ့ရက်၌ တဆေးကို အိမ်များမှ ပယ်ရမည်။ ပထမနေ့မှစ၍ ခုနစ်ရက်နေ့တိုင်အောင်၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။၁၆ ပထမနေ့၌၎င်း၊ ခုနစ်ရက်နေ့၌၎င်း၊ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ လူတိုင်းစားခြင်း ကိစ္စနှင့်ဆိုင်သော အလုပ်အဆောင်မှတပါး၊ အခြားသောအလုပ်ကို မလုပ်မဆောင်ရ။

၁၇ ထိုအဇုမပွဲကို ခံရသောအကြောင်း ဟူမူကား၊ ထိုနေ့ရက်၌ သင်တို့ဗိုလ်​ခြေများကို၊ အဲဂုတ္တုပြည်ထဲက ငါနှုတ်ဆောင် သည်ဖြစ်၍၊ ထိုအကြောင်းကြောင့် ပညတ်တော်ရှိသည်အတိုင်း၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ်၊ ထိုနေ့ရက်ကို အမြဲစောင့်ရကြမည်။


တဆေးမပါသောမုန့် စားရမည်

၁၈ ပထမလ ဆယ့်လေးရက်နေ့ ညဦးမှစ၍ နှစ်ဆယ့်တစ်ရက်နေ့ ညဦးတိုင်အောင်၊ သင်တို့သည် တဆေးမပါသောမုန့်ကို စားရကြမည်။ ၁၉ ခုနစ်ရက်ပတ်လုံး သင်တို့အိမ်များ၌ တဆေးမရှိရ။ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ တ​ကျွန်းတနိုင်ငံသားဖြစ်စေ၊ ပြည်သားဖြစ်စေ၊ ဣသရေလအမျိုး ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရမည်။ ၂၀ သင်တို့နေရာ အရပ်ရပ်တို့၌ တဆေးပါသောမုန့်ကို မစားရ။ တဆေးမပါသောမုန့်ကိုသာ စားရမည်၊ ဟုမိန့်တော်မူ၏။


သိုးသွေးကို တံခါးထုပ်နှင့်တံတိုင်၌ သုတ်ရမည်
CROSS REFERENCES






၂၁ ထိုအခါ မောရှေသည်၊ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊ သင်တို့သည် အိမ်ထောင်များ အသီး အသီး၊ကိုယ်စီကိုယ်စီ သိုးသူငယ်တို့ကိုယူ၍ ပသခါပွဲ [B] ဖို့ သတ်ကြလော့။ ၂၂ ဟုဿုပ်ပင်ညွန့် တစ်စည်းကိုယူ၍၊ အင်တုံ၌ထည့်သော အသွေးထဲမှာ နှစ်ပြီးလျှင်၊ တံခါးထုပ်၊ တံခါးတိုင် နှစ်ဘက်တို့ကို ထိုးသုတ်ကြလော့။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက်မသွားရ။ ၂၃ အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခတ်သွားတော်မူမည်။ တံခါးထုပ်နှင့်တံခါးတိုင် နှစ်ဘက်၌ရှိသော အသွေးကို မြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကို လွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင်တို့ကို ဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ ဝင်ရသောအခွင့်ကို ပေးတော်မမူ။


သားမြေးတို့က မေးလျှင် ပြောပြရမည်
CROSS REFERENCES






၂၄ သင်တို့နှင့် သင်တို့၏သားများ၌ ပညတ်တော်ရှိသည်ဖြစ်၍၊ ဤအမှုကို အစဉ်အမြဲ စောင့်ရကြမည်။ ၂၅ ကတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရား ပေးတော်မူလတံ့သောပြည်သို့၊ သင်တို့သည် ရောက်ကြသောအခါ၊ ဤဝတ်ကိုပြုရမည်။ ၂၆ သင်တို့၏ သားမြေးတို့က၊ ဤဝတ်ကိုပြု၍ အဘယ်သို့ဆိုလိုသနည်း၊ ဟုမေးမြန်းကြလျှင်၊ ၂၇ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကိုဒဏ်ခတ်၍၊ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ၊ အဲဂုတ္တုပြည်၌ ဣသရေလအမျိုးသားတို့၏ အိမ်များကို လွန်သွားတော်မူသော၊ ထာဝရဘုရား၏ ပသခါယဇ်ဖြစ်သတည်း၊ [B] ဟုပြန်ပြောရကြမည်၊ ဟုမောရှေဆိုပြီးလျှင်၊ ထိုသူတို့သည် ဦးညွတ်ချ၍ ကိုးကွယ်ကြ၏။ ၂၈ ထိုသို့ မောရှေနှင့်အာရုန်တို့ကို၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။


အဲဂုတ္တုလူများက ဣသရေလလူတို့ကို အလျင်အမြန်ထွက်ခိုင်း

၂၉ သန်းခေါင်အချိန်၌ ၊ ထာဝရဘုရားသည် နန်းထိုင်သော ဖာရောဘုရင်၏ သားဦးမှစ၍၊ ထောင်ထဲမှာ အချုပ်ခံရသောသူ၏ သားဦးတိုင်အောင်၊ အဲဂုတ္တုပြည်၌ သားဦးရှိသမျှကို၎င်း၊ တိရစ္ဆာန်တို့၏သားဦး ရှိသမျှကို၎င်း၊ ဒဏ်ခတ်တော်မူ၏။ ၃၀ ထို

ညတွင်၊ ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ အဲဂုတ္တုလူများတို့သည် ထကြ၍၊ အသေကောင် ကင်းသော အိမ်တစ်အိမ်မျှ မရှိသောကြောင့်၊ အဲဂုတ္တုပြည်၌ ကြီးစွာသော ငိုကြွေးခြင်းဖြစ်လေ၏။ ၃၁ ထိုညခြင်းတွင် မောရှေနှင့်အာရုန်ကို ခေါ်တော်မူလျှင်၊ သင်တို့မှစ၍ ဣသရေလ အမျိုးသားတို့၊ ထ၍ငါ့လူစုထဲက ထွက်သွားကြလော့။ သင်တို့တောင်းသည်အတိုင်း ထာဝရဘုရားအား သွား၍ ဝတ်ပြုကြလော့။ ၃၂ သင်တို့တောင်းသည်အတိုင်း သိုးနွားများကိုယူ၍ သွားကြလော့။ ငါ့ကိုလည်း ကောင်းကြီးပေးကြလော့၊ ဟုမိန့်တော်မူ၏။ ၃၃ အဲဂုတ္တုလူတို့ကလည်း၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြပြီ ဟုဆိုလျက်၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန် လွှတ်ခြင်းငှာ ကြပ်ကြပ်နှိုးဆော်ကြ၏။


အဲဂုတ္တုလူတို့၏ဥစ္စာများကို လုယူကြ

၃၄ ထိုလူတို့သည် တဆေးမရောသေးသော မုန့်စိမ်းကိုယူ၍၊ မုန့်နှယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွ ထုပ်၍ထမ်းကြ၏။ ၃၅ မောရှေစီရင်သည်အတိုင်း၊ ဣသရေလ အမျိုးသားတို့သည် ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာများကို အဲဂုတ္တုလူတို့၌ တောင်းကြ၏။ ၃၆ တောင်းသည်အတိုင်းလည်း၊ ပေးချင်သော စေတနာစိတ်ကို အဲဂုတ္တုလူတို့အား ထာဝရဘုရား ပေးတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ ဥစ္စာများကို လုယူကြ၏။


ဣသရေလအမျိုးသား ခြောက်သိန်း အဲဂုတ္တုပြည်မှထွက်

၃၇ ဣသရေလအမျိုးသား၊ မိန်းမနှင့်သူငယ်ကို မဆိုဘဲ၊ ယောက်ျား အရေအတွက်အားဖြင့် ​ခြောက်သိန်းခန့်မျှ ရှိသောသူတို့သည်၊ ရာမသက်မြို့မှထွက်၍ သုကုတ်အရပ်သို့ ခရီးသွားကြ၏။ ၃၈ အမျိုးမျိုးသော လူအများတို့သည်လည်း၊ သိုးနွားအစရှိသော များစွာသော တိရစ္ဆာန်တို့နှင့်တကွ လိုက်ကြ၏။ ၃၉ တဆေးမရောဘဲ အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော မုန့်စိမ်းကိုယူ၍၊ တဆေးမပါသော မုန့်ကိုဖုတ်ရကြ၏။ အကြောင်းမူကား၊ အဲဂုတ္တုပြည်၌ မနွဲ့မဖင့် အနှင်ခံရသောကြောင့်၊ ကိုယ်စားစရာကို မပြင်မှီကြ။

၄၀ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်၍၊ တည်နေကြသောကာလ နှစ်ပေါင်း လေးရာ့သုံးဆယ် ဖြစ်သတည်း။ ၄၁ အနှစ်လေးရာ့သုံးဆယ် စေ့သော နေ့ခြင်းတွင်၊ ထာဝရဘုရား၏ ဗိုလ်​ခြေအပေါင်းတို့သည်၊ အဲဂုတ္တုပြည်မှ ထွက်သွားကြ၏။ ၄၂ အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအတွက်ကြောင့်၊ ထိုနေ့ညကို အထူးသဖြင့် ထာဝရ ဘုရား၌ စောင့်စရာကောင်း၏။ ဣသရေလ အမျိုးသားတို့၏ အမျိုးအစဉ် အဆက်မပြတ် စောင့်ရသော ထာဝရဘုရား၏ညကား၊ ဤသည် ညပေတည်း။


ပသခါပွဲတရားဟူမူကား
CROSS REFERENCES





CROSS REFERENCES






၄၃ ပသခါပွဲတရားဟူမူကား၊ [B] တပါးအမျိုးသား မစားရ။ ၄၄ သို့ရာတွင် ငွေနှင့်ဝယ်သော​ ကျွန်သည် အရေဖျားလှီး မင်္ဂလာကို ခံပြီးလျှင် စားရ၏။ ၄၅ တ​ကျွန်းတနိုင်ငံသားဖြစ်စေ၊ အခစားသောကျွန်ဖြစ်စေ၊ မစားရ။ ၄၆ တစ်အိမ်တည်း၌ တစ်ကောင်ကို စားရ၏။ အသားကို အိမ်ပြင်သို့ ယူမသွားရ။ အရိုးကိုလည်း မချိုးရ။ ၄၇ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ထိုပွဲကိုခံရကြမည်။ ၄၈ သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသားသည်၊ ထာဝရဘုရားအဖို့ ပသခါပွဲ [C] ကို ခံခြင်းငှာ အလိုရှိလျှင်၊ သူ၌ရှိသော ယောကျ်ားအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံကြစေ။ သို့ပြီးမှ ထိုသူသည် ပြည်သားသကဲ့သို့ ဖြစ်သောကြောင့်၊ ချဉ်း၍ ထိုပွဲသို့ဝင်စေ။ အရေဖျားလှီး­­­­မင်္ဂလာကို မခံသောသူ မည်သည်ကား၊ ထိုပွဲ၌ ဝင်၍မစားရ။ ၄၉ အမျိုးသားချင်း ဖြစ်သောသူ၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ဖြစ်သောသူတို့သည်၊ တစ်ပါးတည်းသော တရားနှင့်ဆိုင်ကြ၏ ဟုထာဝရဘုရားသည် မောရှေနှင့်အာရုန်၌ ပညတ်ထားတော်မူ၏။ ၅၀ ထိုသို့ မောရှေနှင့်အာရုန်၌ ထာဝရဘုရား ပညတ်ထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ပြုကြ၏။ ၅၁ ထိုနေ့ခြင်းတွင် ထာဝရဘုရားသည်၊ ဣသရေလအမျိုးသား ဗိုလ်​ခြေတို့ကို အဲဂုတ္တုပြည်မှ ဆောင်သွားတော်မူပြီးလျှင်၊

_________________________
Footnotes


(a) အဗိဗလနှင့် နိသန်လသည် ဣသရေလအမျိုးသားများ၏ ပထမလဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.