၁ ဓမ္မရာဇဝင်
အခန်းကြီး ၉
ဗင်္ယာမိန်အမျိုး ကိရှသားရှောလု
၁ ဗင်္ယာမိန်အမျိုးသား အာဖိ၊ ဗေခေါရတ်၊ ဇေရော်၊ အဗျေလမှ ဆင်းသက်၍ ကိရှအမည်ရှိသော ဗင်္ယာမိန်အမျိုးသား တစ်ယောက်ရှိ၏။ သူသည် အလွန် ခွန်အားကြီးသောသူ ဖြစ်၏။ ၂ ထိုသူ၌ ရှောလု အမည်ရှိသော သားတစ်ယောက်ရှိ၏။ ထိုသားသည် အဆင်းလှ၍ ထူးဆန်းသော သူဖြစ်၏။ ဣသရေလ အမျိုးသားတို့တွင်၊ ထိုသူထက်သာ၍ အဆင်းလှသောသူ တစ်ယောက်မျှမရှိ။ သူသည် အခြားသောသူထက် ပခုံးအထက်မှာ အရပ်သာ၍ မြင့်၏။
ရှောလုသည် မြည်းရှာခြင်းဖြင့် ရှမွေလထံ သွားဖို့ဖြစ်
၃ ရှောလုအဘ ကိရှ၏ မြည်းတို့သည် ပျောက်သောကြောင့် ကိရှက၊ သင်သည် ငယ်သားတစ်ယောက်ကို ခေါ်၍ မြည်းတို့ကို ရှာအံ့သောငှာ ထသွားလော့၊ ဟုမိမိသား ရှောလုအား ဆိုသည်အတိုင်း၊ ၄ သူတို့သည် ဧဖရိမ်တောင် အရပ်နှင့် ရှလိရှအရပ် တလျှောက်လုံး၌ ရှာ၍မတွေ့လျှင်၊ တဖန် ရှလိမ်အရပ်မှသည် ဗင်္ယာမိန် အရပ်များ တလျှောက်လုံး၌ ရှာ၍မတွေ့၊ ၅ ဇုဖအရပ်သို့ ရောက်သောအခါ ရှောလုက၊ ပြန်ကြစို့။ သို့မဟုတ် အဘသည် မြည်းတို့ကြောင့် မစိုးရိမ်၊ ငါတို့ကြောင့် စိုးရိမ်လိမ့်မည်၊ ဟုငယ်သားကို ပြောဆိုလျှင်၊ ၆ ငယ်သားက ဤမြို့၌ အသရေ ထင်ရှားသော ဘုရားသခင်၏လူ တစ်ယောက်ရှိ၏။ သူပြောသမျှသော စကားသည် ဧကန်အမှန် ပြည့်စုံတတ်၏။ သူ့ထံသို့သွားကြစို့။ ငါတို့သွားရသော လမ်းကို သူပြကောင်း ပြလိမ့်မည်၊ ဟုဆို၏။ ၇ ရှေလုကလည်း၊ သွားလျှင် အဘယ်အရာကို လှူရမည်နည်း။ ငါတို့၌ ပါသောမုန့် ကုန်ပြီ။ ဘုရားသခင်၏လူကို လှူစရာ တစ်စုံတခုမျှ မရှိ။ ငါတို့၌ တစ်စုံတခု ရှိသေးသလော၊ ဟုငယ်သားကို မေးသော်၊ ၈ ငယ်သားက၊ ကျွန်တော်လက်၌ ငွေတစ်မတ်ရှိပါ၏။ ငါတို့ကို လမ်းပြသည်အတွက် ဘုရားသခင်၏လူအား ပေးပါမည်၊ ဟုရှောလုအား ပြန်ပြော၏။ ၉ ရှေးကာလ၌ ဣသရေလ အမျိုးသားတို့သည် ဘုရားသခင်ကို မေးမြန်းခြင်းငှာ သွားမည်၊ ဟုအကြံရှိလျှင်၊ မြင်သောသူထံသို့ သွားကြစို့၊ ဟုဆိုတတ်ကြ၏။ ပရောဖက်ဟူ၍ ယခုခေါ်သောသူကို ရှေးကာလ၌ မြင်သောသူဟူ၍ ခေါ်ဝေါ်ကြသတည်း။
ရှောလုသည် ရှမွေလကိုရှာ
၁၀ ရှောလုကလည်း၊ ကောင်းပြီသွားကြစို့၊ ဟုငယ်သားအား ဆိုလျက်၊ ဘုရားသခင်၏လူ ရှိရာမြို့သို့ သွားကြ၏။ ၁၁ မြို့ပြင်ကုန်းပေါ်သို့ ရောက်သောအခါ၊ ရေခပ်လာသော မိန်းမတို့ကိုတွေ့၍၊ ဤအရပ်၌ မြင်သောသူရှိသလော၊ ဟုမေးသော်၊ ၁၂ ရှိပါ၏။ သင်တို့ရှေ့မှာ ရှိပါ၏။ အလျင်အမြန်သွားလော့။ မြင်သောသူသည် ဤမြို့သို့ ယနေ့လာပြီ။ လူများတို့သည် မြင့်သောအရပ်၌ ယနေ့ယဇ်ပွဲကို ဆောင်ကြ၏။ ၁၃ ဆရာသည် မြင့်သောအရပ်၌ ယဇ်သားကို စားအံ့သောငှာ မတက်မှီ သင်တို့သည် မြို့ထဲသို့ဝင်လျှင် ချက်ခြင်း တွေ့လိမ့်မည်။ သူမရောက်မှီ လူများတို့သည် မစားတတ်ကြ။ သူသည် ယဇ်ပွဲ၌ ဘုရားဝတ်ကို ပြုတတ်၏။ ဝတ်ပြုပြီးမှ ခေါ်ဖိတ်သော သူတို့သည် စားတတ်ကြ၏။ ယခုမှာ သွားလျှင် တွေ့ကြလိမ့်မည်၊ ဟုပြန်ပြောသည်နှင့်အညီ၊ ၁၄ သူတို့သည် မြို့ထဲသို့ဝင်၍ ရှမွေလသည် မြင့်သောအရပ်သို့ တက်သွားလျက် သူတို့ကိုဆီး၍ ကြိုလေ၏။
ရှောလုကို ဘုရားကရှမွေလထံပို့
၁၅ ရှောလုမရောက်မှီ မနေ့၌ ထာဝရဘုရားက၊ နက်ဖန်နေ့၊ ၁၆ ဤအချိန်၌ ဗင်္ယာမိန်ပြည်မှ လူတစ်ယောက်ကို သင်ရှိရာသို့ ငါစေလွှတ်မည်။ သင်သည် ထိုသူကို ငါ၏ဣသရေလအမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်းခြင်း ဘိသိက်ကို ပေးရမည်။ သူသည် ငါ၏လူတို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်ရလိမ့်မည်။ ငါသည် သူတို့ အော်ဟစ်သံကို ကြား၍၊ သူတို့ကို ကြည့်ရှုသည်၊ ဟုရှမွေလနား အပါး၌ မိန့်တော်မူနှင့်ပြီ။ ၁၇ ရှမွေလသည် ရှောလုကို မြင်သောအခါ၊ ထာဝရဘုရားက၊ ငါပြောသောသူကို ကြည့်လော့၊ ဤသူသည် ငါ၏လူတို့ကို အုပ်ချုပ် ရလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၈ ထိုအခါ ရှောလုသည် ရှမွေလရှိရာ တံခါးဝသို့ ချဉ်းကပ်လျှင်၊ မြင်သောသူ၏ အိမ်ကိုပြပါလော့၊ ဟုတောင်းပန်သော်၊ ၁၉ ရှမွေလက၊ ငါသည် မြင်သောသူဖြစ်၏။ ငါ့ရှေ့မှာ မြင့်သောအရပ်သို့ တက်သွားလော့။ ယနေ့ငါနှင့်အတူ စားရမည်။ နက်ဖြန်နေ့ ငါလွှတ်မည်။ သင့်စိတ်နှလုံးထဲမှာ ရှိသမျှကိုလည်း ငါဖော်ပြမည်။ ၂၀ တမြန်နေ့က ပျောက်သော သင်၏မြည်းတို့ကို မအောက်မေ့နှင့်၊ တွေ့လျက်ရှိပြီ။ ဣသရေလ အမျိုးသည် အဘယ်သူကို အလိုရှိသနည်း။ သင်နှင့်သင်၏ ဆွေမျိုးအပေါင်းကို အလိုရှိသည် မဟုတ်လော၊ ဟုရှောလုအား ပြောဆို၏။ ၂၁ ရှောလုကလည်း၊ အကျွန်ုပ်သည် ဣသရေလ အမျိုးတို့တွင် အငယ်ဆုံးသော အမျိုး၊ ဗင်္ယာမိန် အမျိုးသား ဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ် အဆွေအမျိုးသည် ဗင်္ယာမိန် အဆွေအမျိုး အပေါင်းတို့တွင် အငယ်ဆုံး ဖြစ်ပါသည် မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အား အဘယ်ကြောင့် ဤသို့ပြောပါသနည်း၊ ဟုလျှောက်လေ၏။ ၂၂ ထိုအခါ ရှမွေလသည် ရှောလုနှင့် သူ၏ငယ်သားကို ခေါ်၍ အိမ်ခန်းထဲသို့ သွင်းပြီးလျှင်၊ ခေါ်ဖိတ်သောသူ သုံးဆယ်တို့တွင် အမြတ်ဆုံးသော အရပ်၌ ထိုင်စေ၏။ ၂၃ ပွဲသူကြီးကိုလည်း ခေါ်ပြီးလျှင်၊ သင်၌ ငါအပ်ပေး၍ အခြားစီ ထားစေခြင်းငှာ၊ ငါမှာခဲ့သော အဖို့ကိုယူခဲ့တော့၊ ဟုဆိုသည်အတိုင်း၊ ၂၄ ပွဲသူကြီးသည် ပခုံးနှင့် ပခုံးပေါ်မှာ ခင်းသောအရာကို ယူ၍ ရှောလုရှေ့မှာ ထားလေ၏။ ရှမွေလကလည်း၊ ချန်ထားသော အရာကို ယူ၍ စားတော့။ ခေါ်ဖိတ်သောသူတို့အား ပြောနှင့်သည်အတိုင်း သင့်အဖို့ ယခုတိုင်အောင် သိုထားလျက်ရှိပြီ၊ ဟုဆို၍၊ ထိုနေ့၌ ရှောလုသည် ရှမွေလနှင့်အတူ စားသောက်လေ၏။
ရှမွေလကရှောလုကို သီးခြားစကားပြော
၂၅ ထိုသူတို့သည် မြင့်သောအရပ်မှ ဆင်း၍ မြို့ထဲသို့ ဝင်ပြီးလျှင်၊ ရှမွေလနှင့် ရှောလုတို့သည် အိမ်မိုးပေါ်မှာ စကားပြောလျက် နေကြ၏။ ၂၆ နံနက်စောစောထ၍ မိုးလင်းသောအခါ ရှမွေလက၊ ထလော့။ သင့်ကို ငါလွှတ်လိုက်မည်၊ ဟုရှောလုကို အိမ်မိုးပေါ်မှာ ခေါ်ပြီးလျှင်၊ ရှောလုသည်ထ၍ ထိုသူနှစ်ယောက်တို့သည် ထွက်သွားကြ၏။ ၂၇ မြို့စွန်းသို့ ရောက်သောအခါ ရှမွေလက၊ သင်၏ငယ်သားကို ရှေ့သို့သွားစေခြင်းငှာ ပြောတော့၊ ဟုရှောလုအား ဆိုသဖြင့်၊ ငယ်သားသည် ရှေ့သို့သွားလေ၏။ ရှမွေလကလည်း ရပ်နေတော့။ ဘုရားသခင်၏ အမိန့်တော်ကို ငါပြန်မည်၊ ဟုဆိုလျက်၊