၁ ဓမ္မရာဇဝင်
အခန်းကြီး ၅
ထာ၀ရဘုရား၏ သေတ္တာတော်ရှေ့မှာ ဒါဂုန်ဘုရားပြပ်ဝပ်
၁ ဖိလိတ္တိလူတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယူ၍၊ ဧဗနဇောမြို့မှ အာဇုတ်မြို့သို့ ဆောင်သွားကြ၏။ ၂ ဘုရားသခင်၏ သေတ္တာတော်ကို ဒါဂုန် ကျောင်းထဲသို့ သွင်း၍ ဒါဂုန်အနားမှာ ထားကြ၏။ ၃ အာဇုတ်မြို့သားတို့သည် နံနက် စောစော ထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၊ မြေပေါ်မှာလဲ၍ ပြပ်ဝပ်လျက် ရှိသည်ကို တွေ့ရသဖြင့်၊ သူ့ကိုယူ၍ သူ၏ နေရာ၌ တင်ထားပြန်ကြ၏။ ၄ တဖန် နက်ဖြန် နံနက်စောစော ထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာလှဲ၍ ပြပ်ဝပ်လျက်၊ ခေါင်းနှင့် လက်ဝါးနှစ်ဘက်ပြတ်၍ တံခါးခုံပေါ်မှာ တင်လျက်၊ ဒါဂုန်၌ ကိုယ်တိတိ ရှိသည်ကို တွေ့ကြ၏။ ၅ ထို့ကြောင့် ဒါဂုန်၏ ယဇ်ပုရောဟိတ်များ၊ ဒါဂုန် ကျောင်းသို့ဝင်သော သူများတို့သည်၊ အာဇုတ်မြို့၌ ရှိသော ဒါဂုန်ကျောင်းတံခါး ခုံကို ယနေ့တိုင်အောင် ကျော်နင်းလေ့မရှိကြ။
သေတ္တာတော်ရောက်သည့် မြို့တိုင်းဒဏ်ခတ်
၆ အာဇုတ်မြို့နှင့် မြို့နယ်၌ နေသောသူတို့အပေါ်မှာ၊ ထာဝရဘုရားသည် လေးသော လက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက် အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။ ၇ အာဇုတ်မြို့သားတို့သည် ထိုအမှုကို မြင်လျှင်၊ ဣသရေလ အမျိုး၏ ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရား ဒါဂုန်အပေါ်မှာ လေးသော လက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏ သေတ္တာတော်ကို ငါတို့တွင် မရှိစေရ၊ ဟုဆိုလျက်၊ ၈ လူကိုစေလွှတ်၍ ဖိလိတ္တိ မင်းအပေါင်းတို့ကို စုဝေးစေပြီလျှင်၊ ဣသရေလ အမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ ပြုရပါမည်နည်း၊ ဟုမေးကြ၏။ မင်းများကလည်း၊ ဣသရေလ အမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို ဂါသမြို့သို့ဆောင် သွားစေ၊ ဟုစီရင်သည်အတိုင်း ဆောင်သွားကြ၏။ ၉ ထိုမြို့သို့ ဆောင်သွားသောနောက်၊ ထာဝရဘုရား၏ လက်တော်သည် ထိုမြို့ ၌ ကြီးစွာသော ဖျက်ဆီးခြင်းကို ပြု၍၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ ကိုယ်အတွင်း၌ မြင်းသရိုက်အနာကို ခံရကြ၏။ ၁၀ တဖန်ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ရောက်သောအခါ၊ မြို့သူမြို့သားတို့ က၊ ငါတို့နှင့် ငါတို့လူများကို သတ်စေခြင်းငှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကား၊ ဟုဟစ်ကြော်လျက်၊ ၁၁ လူကိုစေလွှတ်၍ ဖိလိတ္တိမင်း အပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလ အမျိုး၏ ဘုရားသခင့် သေတ္တာတော်သည်၊ ငါတို့နှင့် ငါတို့လူများကို မသတ်စေခြင်းငှာ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်း အရပ်သို့ သွားပါလေစေ၊ ဟုဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တစ်မြို့လုံး သေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။ ၁၂ သေဘေးနှင့် လွတ်သော်လည်း၊ မြင်းသရိုက်နာဖြင့် ဒဏ်ခတ်ခြင်းကို ခံရ၍၊ ထိုမြို့အော်ဟစ်သော အသံသည် မိုးကောင်းကင်သို့ တက်လေ၏။