-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၁၅


ထာ၀ရဘုရားက ရှောလုအား အာမလက်အမျိုး ဖျက်ဆီးခိုင်း

တဖန် ရှမွေလက၊ ထာဝရဘုရား၏လူ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှာ၊ သင့်ကို ဘိသိက်ပေးမည် အကြောင်း ငါ့ကို အထက်က စေလွှတ်တော်မူသည်ဖြစ်၍၊ ယခုမှာ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌၊ အာမလက်အမျိုး ပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။ ယခုသွား၍ ထိုအမျိုးကို လုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ၊ ရှင်းရှင်းဖျက်ဆီး၍ ယောကျာ်း၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍၊ သိုး၊ နွား၊ ကုလားအုပ်၊ မြည်းတို့ကို သတ်လော့၊ ဟုရှောလုအား ဆင့်ဆိုသည်အတိုင်း၊ ရှောလုသည် လူတို့ကို စုဝေးစေ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့်၊ ​ခြေသည်သူရဲ နှစ်သိန်း၊ ယုဒစစ်သူရဲ တစ်သောင်းရှိကြ၏၊ ရှောလုသည်လည်း အာမလက်မြို့သို့ စစ်ချီ၍ ချိုင့်၌ တပ်ချပြီးမှ ကေနိလူတို့ရှိရာသို့ စေလွှတ်လျက်၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်၊ ဟုစိုးရိမ်စရာရှိသောကြောင့်၊ သူတို့အထဲက ထွက်သွား၍ နေရာပြောင်းကြလော့၊ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သင်တို့သည် ကျေးဇူးပြုကြပြီ၊ ဟုမှာလိုက်သည်အတိုင်း၊ ကေနိလူတို့သည် အာမလက်လူတို့ အထဲက ထွက်သွားကြ၏။ ရှောလုသည် ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည် တဘက်တချက်၌ နေသော ရှုရမြို့တိုင်အောင် အာမလက်လူတို့ကို လုပ်ကြံလေ၏။ အာမလက် ရှင်ဘုရင် အာဂတ်ကို အရှင်ဖမ်းမိ၏။ လူအပေါင်းတို့ကို ဓားဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။ သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုးနွား အမြတ်အလတ်၊ ဆူသောသိုးသူငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်း မဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာသော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။


ရှောလု ထာ၀ရဘုရား စကားအားလုံး နားမထောင်

၁၀ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှမွေလသို့ ရောက်လာ၍၊ ၁၁ ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည် အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ပညတ်တို့ကို မကျင့် ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီ၊ ဟုမိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တစ်ညလုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊ ၁၂ နံနက်စောစောထ၍ ရှောလုကို ကြိုဆိုခြင်းငှာ သွားသောအခါ၊ ရှောလုသည် ကရမေလသို့ ရောက်၍ အောင်တိုင်ကို စိုက်ပြီးမှ၊ လှည့်လည်သဖြင့် ဂိလဂါလသို့ လွန်သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွားလေ၏။ ၁၃ ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းကြီး ပေးတော်မူပါစေသော်။ အကျွန်ုပ်သည် ထာဝရဘုရား အမိန့်တော်အတိုင်း ပြုပါပြီ၊ ဟုဆို၏။ ၁၄ ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်း၊ ဟုမေးသော်၊ ၁၅ ရှောလုက၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ။ လူများတို့သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်လိုသောငှာ၊ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော၍ ကြွင်းသောအရာ ရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီးပါပြီ၊ ဟုဆို၏။ ၁၆ ရှမွေလကလည်း၊ နေပါဦးလော့၊ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသော စကားကို ပြန်ပြောပါမည်၊ ဟုရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့၊ ဟုဆို၏။ ၁၇ ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူ ဖြစ်လျက်ပင်၊ ဣသရေလ အမျိုးတို့၏ အထွဋ်သို့ ရောက်၍၊ ဣသရေလ ရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက်ပေးတော်မူသည် မဟုတ်လော။ ၁၈ ထာဝရဘုရားက သွားလော့၊ အပြစ်များသော အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီးလော့။ မဖျက်ဆီးမှီ တိုင်အောင် စစ်တိုက်လော့၊ ဟုသင့်ကို ဝေးသောအရပ်သို့ စေလွတ်တော်မူ၏။၁၉ သို့ဖြစ်၍ သင်သည် ထာဝရ ဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ ဥစ္စာကို လုယူ၍ ထာဝရဘုရား ရှေ့တော်၌ ဤဒုစရိုက်ကို အဘယ့်ကြောင့် ပြုဘိသနည်း၊ ဟုပြောဆိုသော်၊ ၂၀ ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ၊ ထာဝရဘုရား စေခိုင်းတော်မူသော လမ်းသို့ လိုက်ပါပြီ၊ အာမလက် ရှင်ဘုရင်အာဂတ်ကို ဆောင်ခဲ့၍၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီးပါပြီ။ ၂၁ သို့ရာတွင် လူများတို့သည် ဂိလဂါလ၌ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်လိုသောငှာ လုယူသော သိုးနွား၊ ရှင်းရှင်း ဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူကြပါပြီ၊ ဟုပြောဆိုပြန်၏။


ရှောလုကို ရှင်ဘုရင်အရာမှပယ်
CROSS REFERENCES





CROSS REFERENCES






၂၂ ရှမွေလကလည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူ သကဲ့သို့၊ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏။ [A] ၂၃ ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့် ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏ စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီ၊ ဟုဆို၏။ ၂၄ ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ၊ လူများကိုကြောက်၍ သူတို့စကားကို နားထောင်သောကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကို၎င်း၊ ကိုယ်တော်၏ စကားကို၎င်း၊ လွန်ကျူးပါပြီ။ ၂၅ အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါ၊ ဟုတောင်းပန်သော်လည်း၊ ၂၆ ရှမွေလက၊ သင်နှင့်အတူ ငါမပြန်၊ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီ၊ ဟုရှောလုအားဆိုပြီးမှ ၂၇ လှည့်သွားသောအခါ ရှောလုသည် ရှမွေလ၏ ဝတ်လုံစွန်းကို ကိုင်ဆွဲ၍ ဝတ်လုံစုတ်လေ၏။ ၂၈ ရှမွေလကလည်း၊ ယနေ့ ထာဝရဘုရားသည် ဣသရေလ နိုင်ငံကို သင်မှ ဆုတ်ယူ၍ သင့်ထက်ကောင်းသော သင်၏ အိမ်နီးချင်းအား ပေးတော်မူပြီ။ ၂၉ ထိုမှတပါး ဣသရေလ အမျိုး၏ အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသာသုံးခြင်း၊ နောင်တရခြင်းနှင့် ကင်းလွတ်တော်မူ၏။ နောင်တရအံ့သောငှာ လူဖြစ်တော် မမူဟုဆိုသော်၊ [B] ၃၀ ရှောလုက အကျွန်ုပ် ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ် အမျိုးသားချင်း အသက်ကြီးသူတို့ ရှေ့၌၎င်း၊ ဣသရေလအမျိုးရှေ့၌၎င်း၊ အကျွန်ုပ်၏ ဂုဏ်အသရေကို မဖျက်ပါနှင့်၊ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါ၊ ဟုတောင်းပန်သည်အတိုင်း၊ ၃၁ ရှမွေလသည် ရှောလုနောက်သို့ လိုက်၍ ရှောလုသည် ထာဝရဘုရားကို ကိုးကွယ်လေ၏။


အာမလက်ရှင်ဘုရင်အာဂတ်ကိုသတ်

၃၂ ထိုအခါ ရှမွေလက၊ အာမလက်ရှင်ဘုရင် အာဂတ်ကို ငါ့ထံသို့ခေါ်ခဲ့ကြ၊ ဟုဆိုသည်အတိုင်း၊ အာဂတ်က သေဘေးသည် စင်စစ်လွန်သွားပြီ၊ ဟုဆိုလျက် ရွှင်လန်းစွာလာ၏။ ၃၃ ရှမွေလက၊ မိန်းမများတို့သည် သင်၏ဓားကြောင့် သားဆုံးသကဲ့သို့၊ သင်၏အမိသည် သားဆုံးသောမိန်းမ ဖြစ်ရမည်၊ ဟုဆိုလျက်၊ ဂိလဂါလမြို့မှာ ထာဝရဘုရား ရှေ့တော်၌ အာဂတ်ကို အပိုင်းပိုင်း ဖြတ်စေ၏။ ၃၄ ထို့နောက် ရှမွေလသည် ရာမမြို့သို့သွား၍၊ ရှောလုသည် မိမိနေရာ ဂိဗာမြို့၊ နန်းတော်သို့ ပြန်သွားလေ၏။ ၃၅ ရှောလုအနိစ္စ မရောက်မှီ တိုင်အောင်၊ ရှမွေလသည် နောက်တဖန် အကြည့်အရှုမလာ၊ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာ ညည်းတွားလျက်နေ၏။ ထာဝရဘုရားသည် ရှောလုကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထားသောအမှုကို နောင်တရတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.