၁ ဓမ္မရာဇဝင်
အခန်းကြီး ၁၃
ရှောလုသည် ဖိလိတ္တိလူများနှင့် စစ်တိုက်ဖို့ဖြစ်
၁ ရှောလုသည် တစ်နှစ်ကျော် နှစ်နှစ်ခန့်လောက် ဣသရေလအမျိုး၌ မင်းပြုပြီးမှ၊
၂ ဣသရေလ အမျိုးသား သုံးထောင်တို့ကို ရွေးကောက်ပြီးလျှင်၊ ကိုယ်တိုင်နေသော မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်မှာ လူနှစ်ထောင်၊ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့၊ ယောနသန်ထံမှာ တစ်ထောင်ကို ထား၍၊ အခြားသော သူတို့ကို မိမိတို့ အသီးသီး နေရာအရပ်သို့ လွှတ်လိုက်လေ၏။
၃ ယောနသန်သည် ဂိဗာမြို့၌ ရှိသော ဖိလိတ္တိတပ်ကို လုပ်ကြံသဖြင့် ဖိလိတ္တိလူတို့သည် သတင်းကြားကြ၏။ ရှောလုကလည်း မြစ်တဘက်ကမ်း၌ နေသောသူတို့သည်ကြားသိစေ၊ ဟုတပြည်လုံး တံပိုးမှုတ်စေ၏။
၄ ရှောလုသည် ဖိလိတ္တိတပ်ကို လုပ်ကြံကြောင်းနှင့်၊ ဖိလိတ္တိလူတို့သည် ဣသရေလ လူတို့ကို ရွံရှာကြောင်းကို ဣသရေလ အမျိုးသား အပေါင်းတို့သည် ကြားသိ၍၊ လူများတို့သည် ရှောလုနောက် ဂိလဂါလ၌ စည်းဝေးကြ၏။
၅ ဖိလိတ္တိ လူတို့သည်လည်း၊ ဣသရေလ အမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ၊ ရထားသုံးထောင်နှင့် မြင်းခြောက်ထောင်ကို၎င်း၊ သမုဒ္ဒရာ သဲလုံးနှင့်အမျှ ရှိသော လူများကို၎င်း စုဝေးစေပြီးလျှင်၊ ဗေသဝင်မြို့အရှေ့၊
(a) မိတ်မတ်မြို့၌ တပ်ချကြ၏။
၆ ဣသရေလ အမျိုးသားတို့သည် အလွန်ဆင်းရဲခံရသဖြင့်၊ မိမိတို့ ကျဉ်းမြောင်းလျက် ရှိသည်ကို သိမြင်သောအခါ၊ ဥမင်၊ တောအုံ၊ ကျောက်ကြား၊ တောင်ထိပ်၊ မြေတွင်းတို့၌ ပုန်းရှောင်၍ နေကြ၏။
၇ ယော်ဒန်မြစ် တဘက်၌ နေသောသူ အချို့တို့သည် ကူးပြန်၍၊ ဂဒ်ပြည်၊ ဂိလဒ်ပြည်သို့ သွားကြ၏။ ရှောလုသည် ဂိလဂါလမြို့၌ နေသေး၍၊ လူအပေါင်းတို့သည် သူ့အနောက်၌ တုန်လှုပ်လျက် ရှိကြ၏။
ရှမွေလကို မစောင့်ဘဲ ရှောလုယဇ်ပူဇော်
၈ ရှမွေလ ချိန်းချက်သည် အတွင်း ရှောလုသည် ခုနစ်ရက် ငံ့လင့်၍၊ ရှမွေလသည် ဂိလဂါလမြို့သို့ မရောက်၊ [A] လူများတို့လည်း ထွက်ပြေးကြ၏။ ၉ ရှောလုကလည်း၊ မီးရှို့ရာယဇ်နှင့် မိဿဟာယ ပူဇော်သက္ကာတို့ကို ငါ့ထံသို့ ယူခဲ့ကြ၊ ဟုဆိုသဖြင့်၊ မီးရှို့ရာယဇ်ကို ပူဇော်လေ၏။ ၁၀ မီးရှို့ရာယဇ် ပူဇော်ခြင်းအမှုပြီးသည် အဆုံး၌ ရှမွေလသည် လာ၏။ ရှောလုသည် ကောင်းကြီးပေး၍ ခရီးဦးကြို ပြုခြင်းငှာ ထွက်သွားလျှင်၊ ၁၁ ရှမွေလက၊ သင်သည် အဘယ်သို့ ပြုသနည်း၊ ဟုမေးသော်၊ ရှောလုက၊ လူများတို့သည် အကျွန်ုပ်ထံမှ ထွက်ပြေးကြောင်း၊ ကိုယ်တော်သည် ချိန်းချက်သော အချိန်၌ မရောက်ကြောင်း၊ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့၌ စုဝေးကြောင်းများကို သိမြင်သောအခါ၊ ၁၂ ဖိလိတ္တိလူတို့သည် ငါရှိရာသို့ စစ်ချီကြလိမ့်မည်။ ထာဝရဘုရားကို ငါမတောင်းပန်သေး၊ ဟုအကျွန်ုပ် အောက်မေ့သဖြင့်၊ ကိုယ်ကို အနိုင်ပြု၍ မီးရှို့ရာယဇ်ကို ပူဇော်မိပြီ၊ ဟုပြန်ပြော၏။
ရှောလုဘုရား၏ ပညတ် မစောင့်သောကြောင့် အာဏာ မတည်ရ
၁၃ ရှမွေလကလည်း သင်သည်မှားပြီ။ သင်၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော ပညတ်တရားကို မစောင့်ပါတကား။ စောင့်မိလျှင်၊ ထာဝရဘုရားသည် ဣသရေလ အမျိုး၌ သင်၏ အာဏာကို ယခုမှစ၍ အစဉ်အမြဲ တည်စေတော်မူပြီ။ ၁၄ ယခုမူကား သင်၏ အာဏာမတည်ရ။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာ မင်းဖြစ်စေခြင်းငှာ ထာဝရဘုရား မိန့်တော်မူပြီ။ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မကျင့်၊ ဟုရှောလုအား ဆိုပြီးလျှင်၊
ရှောလုနှင့်သား ယောနသန်၌သာ လက်နက်ရှိ
၁၅ ထ၍ ဂိလဂါလမြို့မှ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့သို့ သွား၏။ ရှောလုသည် မိမိ၌ ရှိသောလူတို့ကို ရေတွက်၍ ခြောက်ရာခန့်မျှ ရှိ၏။ ၁၆ သူနှင့်သားတော် ယောနသန်၊ သူတို့၌ ရှိသော လူအပေါင်းတို့သည် ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့တွင် နေကြ၏ ဖိလိတ္တိလူတို့သည် မိတ်မတ်မြို့တွင် တပ်ချကြ၏။ ၁၇ လုယူသော တပ်သုံးတပ်တို့သည်၊ ဖိလိတ္တိ တပ်မထဲကထွက်၍ တစ်တပ်သည် ရွာလပြည် ဩဖရမြို့လမ်းသို့ လိုက်၏။ ၁၈ တစ်တပ်သည် ဗေသောရုန်မြို့လမ်းသို့ လိုက်၏။ တစ်တပ်သည် တောဘက်မှာ ဇေတိုင်ချိုင့်ကို မျက်နှာပြုသော ပြည်စွန်းလမ်းသို့ လိုက်၏။ ၁၉ ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့သည် ဓား၊လှံတို့ကို မလုပ်စေနှင့်၊ ဟုစီရင်မြဲ ရှိသောကြောင့်၊ ဣသရေလပြည် တလျှောက်လုံးတွင် ပန်းပဲတစ်ယောက်မျှ မရှိ။ ၂၀ ဣသရေလ လူအပေါင်းတို့သည် ထွန်သွား၊ ပေါက်တူး၊ ပုဆိန်၊ တူးရွင်းကို ထက်စေခြင်းငှာ၊ ဖိလိတ္တိလူတို့ရှိရာသို့ သွားရကြ၏။ ၂၁ နောက်တဖန် ထွန်သွား၊ ပေါက်တူး၊ သုံးခွခက်ရင်း၊ ပုဆိန်၊ ထိုးတံချွန်တုံးလျက် ရှိကြ၏။ ၂၂ သို့ဖြစ်၍ စစ်တိုက်ရာ ကာလ ရှောလုနှင့် သားတော် ယောနသန်မှတပါး၊ အဘယ်သူ၌မျှ ဓားလှံမရှိ။ ၂၃ တဖန် ဖိလိတ္တိ တပ်သားတို့သည်၊ မိတ်မက်မြို့ လမ်းဝသို့ ထွက်၍ နေကြစဉ်တွင်၊
_________________________
Footnotes
၅ (a) မြန်မာကျမ်းစာအုပ်၌ "စစ်ချီ" ဟူသောစကားလုံး အပိုပါနေသည်။ စစ်ချီဗေသဝင်မြို့ မဟုတ်ပါ။ ဗေသဝင်မြို့ သာလျှင်ဖြစ်သည်။