-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၂


ဟန္နကျေးဇူးတော်ချီးမွမ်း
CROSS REFERENCES






တဖန်ဟန္နသည် ပဌနာစကားကို မြွတ်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျက်၊ ထာဝရ ဘုရားကြောင့် ငါ့ဦးချို မြင့်လျက်ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါကြွားသော စကားကို ပြောရ၏။ ထာဝရဘုရား သန့်ရှင်းတော်မူသကဲ့သို့ အဘယ်သူမျှ မသန့်ရှင်း၊ ကိုယ်တော်မှတပါး အခြားသော ဘုရားမရှိ။ ငါတို့ဘုရားသခင် ကဲ့သို့သော ခိုလှုံစရာမရှိ။ ကိုယ့်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကို မပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား (သိသောဘုရား God of knowledge) ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညီညွတ်တော်မူ၏။ သူရဲတို့ကိုင်သော လေးများ ကျိုးလျက်၊ လဲတတ်သော သူတို့သည် ခွန်အားနှင့် ပြည့်စုံလျက် ရှိကြ၏။ ဝစွာစားသော သူတို့သည် စားစရာကို ရခြင်းငှာ၊ သူငှားလုပ်ရကြပြီ။ ငတ်မွတ်သောသူတို့မူကား၊ တဖန် ဝကြပြီ။ မြုံသောသူသည် ခုနစ်ကြိမ်တိုင်အောင် ဖွားမြင်ပြီ။ သားများသော သူမူကား တဖန် အားလျော့ပြီ။ ထာဝရဘုရားသည် သေစေသောအခွင့်၊ အသက်ရှင်စေသော အခွင့်၊ မရဏာနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်စေသော အခွင့် ရှိတော်မူ၏။ ဆင်းရဲစေခြင်းငှာ၎င်း၊ ရတတ်စေခြင်းငှာ၎င်း၊ ထာဝရဘုရားပြု၍ နှိမ့်ချသောအခွင့်၊ ချီးမြှောက်သောအခွင့် ရှိတော်မူ၏၊ ဆင်းရဲသောသူကို မြေမှုန့်ထဲက၎င်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက၎င်း ချီးမြှောက်၍၊ မင်းသားတို့နှင့် ထိုင်ရသောအခွင့်၊ ဘုန်းကြီးသော ပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်တို့ကို ထာဝရဘုရားပိုင်၍၊ ထိုတိုင်တို့အပေါ်မှာ လောကဓါတ်ကို တည်တော်မူပြီ။ မိမိသန့်ရှင်းသူတို့ [A] ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသော သူတို့သည် မှောင်မိုက်၌ တိတ်ဆိတ်စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းသတ္တိအားဖြင့် အဘယ်သူမျှ မနိုင်ရာ။ ၁၀ ထာဝရဘုရားသည် ရန်သူတို့ကို ချိုးဖဲ့တော်မူမည်။ သူတို့အပေါ်၌ မိုးကောင်းကင်မှ မိုးချုန်းစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် တရားစီရင်သဖြင့်၊ ခန့်ထားတော်မူသော ရှင်ဘုရင်ကို ခွန်အားနှင့် ပြည့်စုံစေ၍၊ အထံတော်၌ ဘိသိက်ခံသောသူကို ချီးမြှောက် တော်မူမည်၊ ဟုမြွတ်ဆို၏။ ၁၁ ထို့နောက်မှ၊ ဧလကာနသည် ရာမမြို့၌ ရှိသော မိမိအိမ်သို့သွား၍၊ သူငယ်သည် ယဇ်ပုရောဟိတ် ဧလိရှေ့တွင် အမှုတော်ကို ဆောင်ရွက်လေ၏။


ဧလိသားများ အဓမ္မလူဖြစ်ကြ

၁၂ ဧလိ၏သားတို့သည် ထာဝရဘုရားကို မသိ၊ အဓမ္မလူ ဖြစ်ကြ၏။ ၁၃ လူများတို့တွင် ယဇ်ပုရောဟိတ် ပြုသော ထုံးစံဟူမူကား၊ ယဇ်ပူဇော်၍ အမဲသားကို ပြုတ်စဉ်အခါ၊ ယဇ်ပုရောဟိတ်၏ အစေအပါး တစ်ယောက်သည် လာ၍၊ သုံးချောင်းရှိသော အမဲချိတ်ကို ကိုင်လျက်၊ ၁၄ အိုးအစရှိသည်တို့ကို ထိုးခပ်၍၊ အမဲချိတ်တွင် ပါသမျှကို ယဇ်ပုရောဟိတ်သည် သိမ်းယူတတ်၏။ ရှိလောသို့ ရောက်လာသော ဣသရေလ လူအပေါင်းတို့အား ထိုသို့ပြုကြ၏။ ၁၅ ဆီဥကို မီးမရှို့မှီ၊ ယဇ်ပုရောဟိတ်၏ အစေအပါးသည် လာ၍၊ ယဇ်ပုရောဟိတ်ဖို့ ကင်စရာ အမဲသားကို ပေးပါ၊ ပြုတ်သော အမဲသားကိုမယူ၊ စိမ်းသော အမဲသားကိုသာ ယူမည်၊ ဟုယဇ်ပူဇော်သောသူအား ဆိုတတ်၏။ ၁၆ ထိုသူကဆီဥကို အရင်မီးရှို့ပါရစေ။ နောက်မှ ယူချင်တိုင်း ယူပါဟုဆိုလျှင်၊ မဟုတ်ဘူး ယခုပေးရမည်။ သို့မဟုတ် အနိုင်ယူမည်၊ ဟုပြောဆိုတတ်၏။ ၁၇ ထိုယဇ်ပုရောဟိတ်ပျို တို့သည်၊ ထာဝရဘုရားဝတ်ကို လူများရွံ့စရာ ပြုသောကြောင့်၊ ရှေ့တော်၌ အလွန်အပြစ်ကြီးသောသူ ဖြစ်ကြ၏။


ရှာမွေလသည် ဘုရားရှေ့၌ ကြီးပွား

၁၈ သူငယ် ရှမွေလသည် ပိတ်သင်တိုင်းကို ဝတ်စည်းလျက်၊ ထာဝရဘုရားရှေ့၌ အမှုတော်ကို ဆောင်ရွက်လေ၏။ ၁၉ နှစ်စဉ်ပြုရသော ယဇ်ကိုပူဇော်ခြင်းငှာ၊ သူ၏မိဘသည် ရောက်လာသောအခါ၊ အမိသည် တစ်နှစ်မပြတ်၊ သားအဖို့ အင်္ကျီငယ်ကို ချုပ်၍ ဆောင်ခဲ့တတ်၏။ ၂၀ တရံရောအခါ၊ ဧလိက၊ သင်သည် ထာဝရဘုရား၌ ငှားထားသောသား အတွက်၊ ဤမိန်းမတွင် အမျိုးအနွယ်ကို ပေးတော်မူပါစေသော်၊ ဟုဧလကာန လင်မယားကို ကောင်းကြီးပေး၏။ ထိုသူတို့သည် နေရာအိမ်သို့ ပြန်သွားသောနောက်၊ ၂၁ ထာဝရဘုရားသည် ဟန္နကို အကြည့်အရှု ကြွတော်မူသဖြင့် သူသည် ပဋိသန္ဓေယူ၍၊ သားသုံးယောက်၊ သမီးနှစ်ယောက်တို့ကို ဖွားမြင်လေ၏။ သူငယ်ရှမွေလသည် ထာဝရဘုရား ရှေ့တော်၌ ကြီးပွားသတည်း။


ဧလိသားများသည် ဆိုးသွမ်းကြ

၂၂ ဧလိသည် အသက်အရွယ် လွန်သောအခါ၊ သူ၏သားတို့သည် ဣသရေလ လူအပေါင်းတို့၌ ပြုသမျှကို၎င်း၊ ပရိသတ် စည်းဝေးရာ တဲတော် တံခါးနားမှာ စည်းဝေးသော မိန်းမနှင့် မှားယွင်းကြောင်းကို၎င်း ကြားသိလျှင်၊ ၂၃ သင်တို့သည် အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ သင်တို့ပြုသော ဒုစရိုက်တို့ကို လူအပေါင်းတို့သည် ပြော၍ ငါကြားရ၏။ ၂၄ မကောင်းဘူး ငါ့သားတို့၊ ငါကြားသော သတင်းသည် ကောင်းသော သတင်းမဟုတ်။ ထာဝရဘုရား၏ လူတို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည်တကား၊ ၂၅ လူချင်းတစ်ယောက်ကို တစ်ယောက်ပြစ်မှားလျှင်၊ တရားသူကြီး စစ်ကြောစီရင်ရ၏။ လူသည် ထာဝရဘုရားကို ပြစ်မှားလျှင်၊ သူ့အတွက် အဘယ်သူ တောင်းပန်လိမ့်မည်နည်း၊ ဟုဆုံးမသော်လည်း၊ သူတို့သည် အဘ၏စကားကို နားမထောင်ကြ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ကွပ်မျက်ခြင်းငှာ အလိုရှိတော်မူ၏။ ၂၆ သူငယ်ရှမွေလသည် ကြီးပွား၍ ထာဝရ ဘုရားရှေ့၊ လူတို့ရှေ့ မျက်နှာရလေ၏။


ဘုရားသခင်က ဧလိသားများ သေစေမည်
CROSS REFERENCES





CROSS REFERENCES






၂၇ ဘုရားသခင်၏ လူတစ်ယောက်သည် [B] ဧလိထံသို့ လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည် ဖာရောဘုရင်ထံ၌ နေရသော သင့်အဘ၏ အမျိုးအား ငါထင်ရှားသည် မဟုတ်လော။ ၂၈ ငါ၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ့ရှေ့မှာ သင်တိုင်းကို ဝတ်ခြင်းအမှုကို စောင့်ရသော ငါ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှာ၊ သူ့ကို ဣသရေလ အမျိုးအပေါင်းတို့ အထဲက ငါရွေးကောက်သည် မဟုတ်လော။ ဣသရေလ အမျိုးသားတို့သည် မီးဖြင့်ပြုသော ပူဇော်သက္ကာ ရှိသမျှတို့ကို၊ သင့်အဘ၏ အမျိုးအား ငါပေးသည် မဟုတ်လော။ ၂၉ ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ပူဇော်သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန်သနည်း။ ငါ၏လူ၊ ဣသရေလ အမျိုးသား တင်လှူသော ပူဇော်သက္ကာ ရှိသမျှတို့တွင်၊ အမြတ်ဆုံးသော အရာကို ဝစွာစားစေ၍၊ သင်၏သားတို့ကို င့ါအပေါ်မှာ အဘယ်ကြောင့် ချီးမြှောက်သနည်း။ ၃၀ ထိုသို့ပြုသောကြောင့်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သင့်အမျိုး၊ သင့်အဘ၏ အမျိုးသည် ငါရှေ့မှာ အစဉ်သွားလာရလိမ့်မည်၊ ဟုငါဆိုမိသော်လည်း၊ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကတိသည် ငါနှင့်ဝေးပါစေ။ ငါ့ကိုချီးမြှောက်သောသူတို့ကို ငါချီးမြှောက်မည်။ င့ါကိုမထီမဲ့မြင် ပြုသောသူတို့သည် ဂုဏ်အသရေ ပျက်ရကြလိမ့်မည်။ [C] ၃၁ သင်၏အမျိုးတွင် အိုသောသူ တစ်ယောက်မျှ မရှိစေခြင်းငှာ၊ သင်၏လက်ရုံးနှင့် သင့်အဆွေအမျိုး၏ လက်ရုံးကို ငါဖြတ်သော အချိန်ကာလ ရောက်လိမ့်မည်။ ၃၂ ဣသရေလ အမျိုးအား ငါပေးသော စည်းစိမ်ရှိရာ အိမ်ပေါ်မှာ ဘေးဥပဒ် ရောက်ကြောင်းကို သင်မြင်ရလိမ့်မည်။ သင်၏ အမျိုးတွင် အိုသောသူ တစ်ယောက်မျှ အစဉ်မရှိရ။ ၃၃ ငါ၏ယဇ်ပလ္လင်မှ ငါမပယ်မဖြတ်သော သင်၏အမျိုးသားသည်၊ သင့်မျက်စိပျက်၍ စိတ်ကြင်နာဖို့ရာ ဖြစ်လိမ့်မည်။ သင်၏ သားစဉ်မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေရကြလိမ့်မည်။ ၃၄ သင်၏သား ဟောဖိနိနှင့် ဖိနဟတ်နှစ်ယောက်တို့၌ ဖြစ်စေ၍၊ သင့်အားငါပေးသော ပုပ္ပနိမိတ်ဟူမူကား၊ ထိုသူနှစ်ယောက်တို့သည် တစ်နေ့ခြင်းတွင် သေလိမ့်မည်။ ၃၅ တဖန် ငါ့စိတ်နှလုံးအလို သို့လိုက်၍၊ သစ္စာစောင့်သော ယဇ်ပုရောဟိတ်ကို ငါပေါ်ထွန်းစေမည်။ မြဲသောအိမ်ကို သူ့အဖို့ ငါဆောက်ပေးသဖြင့်၊ သူသည် ငါ့ထံ၌ ဘိသိက်ခံသောသူရှေ့မှာ အစဉ်သွား လာရလိမ့်မည်။ ၃၆ သင်၏အမျိုး၌ ကျန်ကြွင်းသော သူတိုင်း၊ သူ့ထံသို့လာ၍၊ ကျွန်တော်သည် မုန့်အနည်းငယ်ကို စားရမည်အကြောင်း၊ ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သောအမှု တစ်စုံတခု၌၊ ကျွန်တော်ကို စေခိုင်းပါလော့၊ ဟုငွေစ၊ မုန့်စကိုရလိုသောငှာ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်၊ ဟုအမိန့်တော်ကို ပြန်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.