၁ ဓမ္မရာဇဝင်
အခန်းကြီး ၈
ရှမွေလသားများ တံစိုးစား၍တရားဖျက်
၁ ရှမွေလသည် အသက်ကြီးသောအခါ၊ မိမိသားတို့ကို ဣသရေလ အမျိုး၌ အုပ်စိုးရသော အခွင့်နှင့် ခန့်ထား၏။ ၂ သားဦးအမည်ကား ယောလ၊ ဒုတိယသား အမည်ကား အဘိရတည်း။ ထိုသူတို့သည် ဗေရရှေဗမြို့၌ တရားသူကြီး လုပ်ကြ၏။ ၃ သို့ရာတွင် အဘလမ်းသို့ မလိုက်။ ငွေကို တပ်မက်သောစိတ်နှင့် လွဲသွား၍၊ တံစိုးစားလျက် တရားကို ဖျက်ကြ၏။
ရှင်ဘုရင်ပေးဖို့တောင်း
၄ ထိုအခါ ဣသရေလ အမျိုး အသက်ကြီးသူ အပေါင်းတို့သည် စည်းဝေး၍၊ ရှမွေလရှိရာ အရပ် ရာမမြို့သို့ လာပြီးလျှင်၊ ၅ ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏ သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ။ လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ချီးမြှောက်ပါလော့၊ ဟုလျှောက်ကြလေ၏။ ၆ ထိုသို့ အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ပေးပါလော့၊ ဟုလျှောက်သော အမှုကို ရှမွေလသည် မနှစ်သက်သောကြောင့် ထာဝရဘုရားအား ဆုတောင်းလေ၏။
ရှင်ဘုရင်တောင်းခြင်းသည် ဘုရားကိုပယ်ခြင်းဖြစ်
၇ ထာဝရဘုရားကလည်း သင့်အားလူများတို့ ပြောဆိုသမျှသော စကားကို နားထောင်လော့။ သူတို့သည် သင့်ကိုသာ မပယ်၊ ငါသည်သူတို့ကို မအုပ်စိုးစေခြင်းငှာ ငါ့ကိုလည်း ပယ်ကြပြီ။ [A] ၈ သူတို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့သော နေ့မှစ၍၊ ယနေ့တိုင်အောင်၊ ငါ့ကိုစွန့်၍ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုသဖြင့်၊ ကျင့်မိသမျှသော အကျင့်အတိုင်း သင်၌လည်း ပြုကြ၏။ ၉ ယခုမှာ သူတို့စကားကို နားထောင်လော့။ သို့ရာတွင် သတိပေး၍ သူတို့ကို အုပ်စိုးသော ရှင်ဘုရင်၏ ထုံးစံကို ပြလော့၊ ဟုမိန့်တော်မူ၏။
ရှမွေလက ရှင်ဘုရင်က လုပ်မည့်အရာများရှင်းပြ
၁၀ ရှမွေလသည်လည်း၊ ရှင်ဘုရင်ကို တောင်းသောသူတို့အား ထာဝရဘုရား အမိန့်တော်ရှိသမျှကို ပြန်ပြော၍၊ ၁၁ သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်၏ ထုံးစံဟူမူကား၊ သင်တို့သားများကို ယူ၍ မိမိရထားထိန်း၊ မြင်းထိန်းအရာ၌ ခန့်ထား၍၊ အချို့တို့သည်လည်း သူ၏ရထားရှေ့မှာ ပြေးရကြမည်။ ၁၂ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် အရာခန့်ထား၍၊ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်း၊ စစ်တိုက်တန်ဆာ၊ ရထားတန်ဆာကို လုပ်ခြင်း အမှုများကို ဝေဖန်လိမ့်မည်။ ၁၃ သင်တို့ သမီးများကိုလည်း ယူ၍၊ ခဲဘွယ် စားဘွယ်တို့ကို ပြင်ဆင်စေခြင်းငှာ၎င်း၊ စားတော်ကဲ၊ မုန့်သည် ဖြစ်စေခြင်းငှာ၎င်း၊ ခန့်ထားလိမ့်မည်။ ၁၄ သင်တို့လယ်ကွက်၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ် အကောင်းဆုံးတို့ကို ယူ၍၊ မိမိကျွန်တို့အား ပေးလိမ့်မည်။ ၁၅ သင်တို့မျိုးစေ့၊ စပျစ်သီး ဆယ်ဘို့တစ်ဘို့ကို ယူ၍၊ သူ၏ အရာရှိ အမှုထမ်းတို့အား ပေးလိမ့်မည်။ ၁၆ သင်တို့ကျွန်၊ ကျွန်မ၊ အကောင်းဆုံးသော လုလင်၊ မြည်းများကို ယူ၍ သူ၏အမှုကို လုပ်ကိုင်စေလိမ့်မည်။ ၁၇ သင်တို့ သိုးစု ဆယ်ဘို့တစ်ဘို့ကိုလည်း ယူ၍ သင်တို့သည် သူ၏ ကျွန်ခံရကြမည်။ ၁၈ သင်တို့ရွေးယူသော ရှင်ဘုရင်ကြောင့်၊ ထိုနေ့၌ သင်တို့ အော်ဟစ်သော်လည်း၊ ထာဝရဘုရားသည် နားထောင်တော်မမူ၊ ဟုသတိပေးလေ၏။
ဣသရေလများ တပါးအမျိုးသားများနှင့် တူချင်
၁၉ သို့သော်လည်း လူများတို့က၊ မဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင်ကို လိုချင်ပါ၏။ ၂၀ အကျွန်ုပ်တို့သည် တပါးအမျိုးသား အပေါင်းတို့နှင့် တူမည်အကြောင်း၊ အကျွန်ုပ်တို့ကို အုပ်စိုးသော ရှင်ဘုရင်ရှိရမည်။ အကျွန်ုပ်တို့ ရှေ့မှာ ထွက်ကြွ၍ စစ်တိုက်ရမည်ဟု၊ [B] ရှမွေလ၏ စကားကို နားမထောင်ဘဲ ဆိုကြ၏။ ၂၁ ထိုသူတို့၏ စကားများကို ရှမွေလသည် ကြားလျှင်၊ ထာဝရရှေ့တော်၌ လျှောက်လေ၏။ ၂၂ ထာဝရဘုရားကလည်း၊ သူတို့စကားကို နားထောင်၍ သူတို့အဖို့ ရှင်ဘုရင်ကို ချီးမြှောက်လော့၊ ဟုမိန့်တော်မူသဖြင့်၊ ရှမွေလက၊ သင်တို့ အသီးအသီး နေရာမြို့ရွာသို့ ပြန်သွားကြလော့၊ ဟုဣသရေလ လူတို့အား ပြောဆိုလေ၏။