၁ ဓမ္မရာဇဝင်
အခန်းကြီး ၂၁
ဒါဝိဒ်ရှောလု ရန်ရှောင်၍ နောဗမြို့သို့သွား
၁ ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာ နောဗမြို့သို့ရောက်၍၊ အဟိမလက်သည် ဒါဝိဒ်နှင့် တွေ့သောအခါ ကြောက်၍၊ သင်သည် လူတစ်ယောက်မျှ မပါဘဲ အဘယ်ကြောင့် တစ်ကိုယ်တည်းလာ သနည်း၊ ဟုမေးသော်၊ ၂ ဒါဝိဒ်က၊ ရှင်ဘုရင် အမှုတော် တစ်ခုကို အပ်၍၊ ငါစေခိုင်း မှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်၊ ဟုမိန့်တော်မူသောကြောင့်၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှာ အရင်စေလွှတ်လေပြီ။ ၃ သို့ဖြစ်၍ ကိုယ်တော်လက်၌ ရှိသော မုန့်ငါးလုံးကိုသော်၎င်း၊ တွေ့သမျှကိုသော်၎င်း၊ ကျွန်ုပ်လက်သို့ အပ်ပေးပါ၊ ဟုယဇ်ပုရောဟိတ် အဟိမလက်အား တောင်း၏။ ၄ ယဇ်ပုရောဟိတ်က၊ ငါ့လက်၌ လူတိုင်းစားရသော မုန့်မရှိ၊ လုလင်တို့သည် မိန်းမကိုသာ ရှောင်လျှင်၊ [A] သန့်ရှင်းသော မုန့်ရှိသည်၊ ဟုဒါဝိဒ်အားဆို၏။ ၅ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့်မပေါင်းဖော်၊ လုလင်တန်ဆာတို့သည် သန့်ရှင်းပါ၏။ ထိုမုန့်သည် လူတိုင်း စားရသော မုန့်ကဲ့သို့ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်းသော မုန့်သစ်ကို တင်ထားလျက်ရှိပါ၏၊ ဟုယဇ်ပုရောဟိတ်အား ပြန်ပြောသော်၊ ၆ ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့် မှတပါး အခြားသောမုန့် မရှိသောကြောင့် သန့်ရှင်းသော မုန့်ကိုပေး၏။ [B] ထိုရှေ့တော်မုန့် အစား၌ မုန့်သစ်ကို တင်ထားအံ့သောငှာ ထာဝရဘုရား ရှေ့တော်မှ နှုတ်ပယ်နှင့်ပြီ။ ၇ ထိုနေ့၌ အမှုတော်ထမ်းအဝင်၊ သိုးတော်ထိန်းအုပ် ဧဒုံအမျိုးသား ဒေါဂအမည် ရှိသောသူသည်၊ ထာဝရဘုရား ရှေ့တော်၌ စောင့်နေရ၏။ ၈ ဒါဝိဒ်ကလည်း၊ ကိုယ်တော်၌ ဓားလှံရှိသလော။ အမှုတော်ကို အလျင်အမြန် ဆောင်ရသောကြောင့်၊ ဓားအစရှိသော လက်နက် တစ်စုံတခုမျှ မပါ၊ ဟုအဟိမလက်အား ပြောလေသော်၊ ၉ ယဇ်ပုရောဟိတ်က၊ ဧလာချိုင့်၌ သင်လုပ်ကြံခဲ့သော ဖိလိတ္တိလူ ဂေါလျတ်၏ ဓားသည်၊ အဝတ်နှင့်ထုပ်ရစ်လျက် သင်တိုင်းတော် နောက်မှာ ရှိ၏။ ယူချင်လျှင် ယူတော့။ အခြားသော ဓားမရှိ၊ ဟုဆိုလျှင်၊ ဒါဝိဒ်က ထိုဓားနှင့်တူသော ဓားမရှိ၊ ပေးပါတော့၊ ဟုဆို၏။
ဒါဝိဒ် ဂါသမင်းထံခိုလှုံ၍ အရူးပြန်ဟန်ဆောင်
၁၀ ထိုနေ့၌ ဒါဝိဒ်သည် ရှောလုကို ကြောက်သောကြောင့် ထ၍၊ ဂါသမင်းကြီး အာခိတ်ထံသို့ ပြေးသွား၏။ ၁၁ အာခိန်မင်း၏ ကျွန်ုပ်တို့က၊ ဤဒါဝိဒ်သည် ဣသရေလ ရှင်ဘုရင်ဖြစ်သည် မဟုတ်လော။ ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကား၊ ဟုဤသူရှေ့မှာ အလှည့်လှည့် ကလျက် သီချင်းဆိုကြသည် မဟုတ်လော၊ ဟုလျှောက်ကြ၏။ ၁၂ ထိုစကားကို ဒါဝိဒ်သည်မှတ်မိ၍၊ ဂသမင်းကြီး အာခိတ်ကို အလွန်ကြောက်သောကြောင့်၊ ၁၃ ရူးသွပ် ဟန်ဆောင်၍ သူတို့ရှေ့မှာ အရူးကဲ့သို့ပြုလျက်၊ တံခါးရွက်ပေါ်၌ ရေးသား၍ မိမိတံထွေးကို မုတ်ဆိတ်တွင် ယိုစေ၏။ ၁၄ အာခိတ်မင်းကလည်း ကြည့်ကြလော့၊ ဤသူသည် အရူးဖြစ်၏။ အဘယ်ကြောင့် ငါ့ထံသို့ သွင်းကြသနည်း၊ ၁၅ အရူးကို ငါအသုံးလိုသည်၊ ဟုသင်တို့သည် ထင်လျက် ငါ့ရှေ့မှာ အရူးလုပ်စေခြင်းငှာ ဤသူကို သွင်းကြသလော။ ဤသူသည် နန်းတော်ထဲသို့ ဝင်ရမည်လော၊ ဟုကျွန်တို့အားဆို၏။