၁ ဓမ္မရာဇဝင်
အခန်းကြီး ၁၈
ဒါဝိဒ်သည် မျက်နှာရ
၁ ထိုသို့လျှောက်ပြီးနောက်၊ ရှောလု၏သား ယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျက်ရှိ၍၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်လေ၏။ ၂ ထိုနေ့၌ ရှောလုသည် ဒါဝိဒ်ကို သိမ်းဆည်း၍၊ သူ့အဘ၏ အိမ်သို့နောက် တဖန် သွားနေရသောအခွင့်ကို ပေးတော်မမူ။ ၃ ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိဿဟာယဖွဲ့ပြီးလျှင်၊ ၄ မိမိဝတ်သော ဝတ်လုံကို ချွတ်၍ မိမိအဝတ် တန်ဆာများနှင့် ဓား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အား ပေးလေ၏။ ၅ ဒါဝိဒ်သည် ရှောလု စေခိုင်းသမျှကိုသွား၍ သတိပညာနှင့် ပြုမူသောကြောင့် စစ်သူရဲအုပ်အရာ၌ ခန့်ထားတော်မူသဖြင့်၊ ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ၍ လူအပေါင်းတို့တွင် မျက်နှာရ၏။
ရှောလု အထောင်ထောင် ဒါဝိဒ်အသောင်းသောင်း
၆ ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို့သည် ရှောလုမင်းကြီးကို ခရီးဦးကြို ပြုအံ့သောငှာ ရွှင်လန်းသော စိတ်နှင့် သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သာ အစရှိသည်တို့ကို တီးလျက်၊ ဣသရေလမြို့ ရွာများထံက ထွက်လာသဖြင့်၊ ၇ ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကား၊ ဟုအလှည့်လှည့် သီချင်းဆိုကြ၏။ ၈ ရှောလုက၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာ ပေးကြပြီ၊ နိုင်ငံတော်မှတပါး အဘယ်အရာကို ပေးနိုင်သနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။
ရှောလု ဒါဝိဒ်ကိုလှံနှင့်ထိုး
၉ ထိုနေ့မှစ၍ ဒါဝိဒ်ကို အစဉ် ချောင်းမြောင်းလျက်နေ၏။ ၁၀ နက်ဖြန်နေ့ ထာဝရဘုရား ထံတော်က၊ ဆိုးသော ဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သဖြင့်၊ [A]ရှောလုသည် နန်းတော်အလယ်၌ ပရောဖက် ပြုသောကြောင့်၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ၏။ ရှောလုသည် လှံတိုကိုကိုင်လျက် ရှိ၍၊ ၁၁ ဒါဝိဒ်ကို ထရံနားမှာ ထိုးမည်၊ ဟုအကြံရှိသည်အတိုင်း လှံတိုကို ထိုးပစ်သော်လည်း၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ် ရှောင်လွှဲလေ၏။ ၁၂ ထိုသို့ ထာဝရဘုရားသည် ရှောလုထံမှ ထွက်၍ ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့်၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့သဖြင့်၊ ၁၃ အထံတော်မှရွှေ့၍ လူတစ်ထောင်အုပ် အရာကို ပေး၏။ ဒါဝိဒ်သည် လူများရှေ့၌ ထွက်ဝင်ရ၏။ ၁၄ ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့် ပြုမူ၍ သူနှင့်အတူ ထာဝရဘုရား ရှိတော်မူ၏။ ၁၅ ထိုသို့ အလွန် သတိပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင်လျှင်သာ၍ ကြောက်ရွံ့လေ၏။ ၁၆ ဣသရေလ အမျိုး၊ ယုဒအမျိုးသား အပေါင်းတို့သည် ဒါဝိဒ်ကိုချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။
ရှောလုသည် ဒါဝိဒ်ကို သမီးကြီးပေးဖို့ ပြောသော်လည်းမပေး
၁၇ တဖန်ရှောလုသည် ဒါဝိဒ်ကိုခေါ်၍ ငါ့သမီးကြီး မေရပ်ကို သင့်အား ငါပေးစားမည်။ သင်သည် ငါ့အဖို့ ရဲရင့်၍ ထာဝရဘုရားအဖို့ စစ်တိုက်ခြင်းကိုသာ ပြုလော့၊ ဟုမိန့်တော်မူ၏။ အကြောင်းမူကား၊ ငါ့လက်သည် သူ့အပေါ်သို့ မရောက်စေနှင့်။ ဖိလိတ္တိလူတို့ လက်သည် ရောက်ပါစေသော်၊ ဟုရှောလုအကြံရှိ၏။ ၁၈ ဒါဝိဒ်ကလည်း၊ ကျွန်တော်သည် ရှင်ဘုရင်၏ သမက်တော် ဖြစ်ရပါမည် အကြောင်း အဘယ်သို့သောသူ ဖြစ်ပါသနည်း။ ကျွန်တော်အသက်နှင့် ကျွန်တော် အဆွေအမျိုးသည်၊ ဣသရေလနိုင်ငံ၌ မြတ်ပါသနည်း၊ ဟုရှောလုအား လျှောက်၏။ ၁၉ သို့ရာတွင်၊ ရှောလု၏ သမီးမေရပ်ကို ဒါဝိဒ်အား ပေးစားရသော အချိန်ရောက်သောအခါ၊ မေဟောလသိ အမျိုး အဒြေလအား ပေးစားလေ၏။
ရှောလုသည် ဒါဝိဒ်အား သမီး မိခါလအားဖြင့် ကျော့မိဖို့ကြံ
၂၀ တဖန် ရှောလုသမီး မိခါလသည် ဒါဝိဒ်ကို ချစ်၏။ ထိုအကြောင်းကို လျှောက်သောအခါ၊ ရှောလုသည် အားရလျက်၊၂၁ ငါ့သမီးသည် ဒါဝိဒ်ကို ကျော့မိ၍ ဖိလိတ္တိလူတို့ လက်သို့ ရောက်စေခြင်းငှာ ပေးစားမည်၊ ဟုအကြံရှိ၏။ ၂၂ နန်းတော်သား အချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ်နှင့် တိတ်ဆိတ်စွာ စကားပြောရမည်မှာ၊ ရှင်ဘုရင်သည် သင့်ကိုစုံမက်၍၊ ရှင်ဘုရင်၏ ကျွန်အပေါင်းတို့ သည်လည်း ချစ်ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင်၏ သမက်တော် ဖြစ်ကောင်းပါ၏၊ ဟုမှာထားသည်အတိုင်း၊ ၂၃ ရှောလု၏ ကျွန်တို့သည် ဒါဝိဒ်အားပြောကြ၏။ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် အသရေမရှိသော ဆင်းရဲသား ဖြစ်လျက်နှင့် ရှင်ဘုရင်၏ သမက်တော် လုပ်ရသောအမှုသည် သာမညအမှု ထင်သလော၊ ဟုပြောဆို၏။ ၂၄ ရှောလုကျွန်တို့ကလည်း၊ ဒါဝိဒ်သည် ဤသို့ပြောဆိုပါသည်၊ ဟုလျှောက်လျှင်၊ ၂၅ သင်တို့သည် တဖန်ပြောရမည်မှာ၊ ရှင်ဘုရင်သည် ရန်သူတို့၌ စိတ်တော်ပြေမည် အကြောင်း။ ဖိလိတ္တိလူတို့၏ အရေဖျား တစ်ရာမှတပါး အခြားသော လက်ဖွဲ့ရာကို အလိုတော်မရှိ၊ ဟုမှာထား၏။ သို့ရာတွင် ဒါဝိဒ်ကို ဖိလိတ္တိ လူတို့လက်ဖြင့် ဆုံးစေမည်၊ ဟုရှောလုအကြံရှိ၏။ ၂၆ ရှောလုကျွန်တို့သည် ထိုစကားကို ဒါဝိဒ်အား ပြန်ပြောသောအခါ၊ ဒါဝိဒ်သည် ရှင်ဘုရင်၏ သမက်တော် ဖြစ်ခြင်းငှာ အလိုရှိ၏။ ထို့ကြောင့် ချိန်းချက်သော အချိန်မစေ့မှီထ၍၊ ၂၇ မိမိလူတို့နှင့် အတူသွားသဖြင့်၊ ဖိလိတ္တိ လူနှစ်ရာတို့ကို သတ်ပြီးမှာ၊ ရှင်ဘုရင်၏ သမက်တော် ဖြစ်လိုသောငှာ၊ သူတို့၏ အရေဖျားများကို ယူခဲ့၍၊ စုံလင်သော အရေအတွက်အားဖြင့် ရှင်ဘုရင်အား ဆက်လေ၏။ ရှောလုသည်လည်း သမီးတော်မိခါလကို ပေးစားရ၏။ ၂၈ ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ရှိတော်မူကြောင်းကို၎င်း၊ မိမိသမီးသည် ချစ်ကြောင်းကို၎င်း၊ ရှောလုသည်မြင်၍၊ ၂၉ ကြောက်ရွံ့သော စိတ်စွဲလမ်းလျက် အစဉ်အမြဲ ရန်ငြိုးဖွဲ့လေ၏။ ၃၀ တဖန် ဖိလိတ္တိမင်းတို့သည် ချီသွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ်သည် ရှောလု၏ ကျွန်အပေါင်းတို့ထက် သာ၍ သတိပညာနှင့် ပြုမူသဖြင့် အလွန်ဂုဏ်အသရေနှင့် ပြည့်စုံ၏။