၁ ဓမ္မရာဇဝင်
အခန်းကြီး ၂၇
ဒါဝိဒ်နှင့်အဖွဲ့ ဖိလိတ္တိပြည်ဇိကလက်မြို့၌ခိုလှုံ
၁ တဖန်ဒါဝိဒ်က၊ ငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသော အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း၏။ သည်ထက် ကောင်းသော အရာမရှိ။ သို့ပြုလျှင် ရှောလုသည် ဣသရေလ ပြည်နယ်တွင် ငါ့ကိုရှာ၍ မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့၍ သူ့လက်မှ ငါလွတ်လိမ့်မည်၊ ဟုအကြံရှိသည်အတိုင်း၊ ၂ မိမိ၌ ပါသော လူခြောက်ရာ နှင့်တကွ ထ၍ ဂါသမင်း မောခသား အာခိတ်ထံသို့ ကူးသွားကြ၏။ ၃ ဒါဝိဒ်နှင့်သူ၏ လူများတို့သည် အသီးအသီး မိမိသားမယား ပါလျက် ဂါသမြို့၊ အာခိတ်မင်းထံမှာ နေကြ၏။ ဒါဝိဒ်မယား နှစ်ယောက်၊ ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား၊ ကရမေလမြို့သူ အဘိဂဲလ ပါသတည်း။ ၄ ဒါဝိဒ်သည် ဂါသမြို့သို့ ပြေးသွားကြောင်းကို ရှောလုသည် ကြား၍ နောက်တဖန် မလိုက်မရှာဘဲ နေ၏။ ၅ ဒါဝိဒ်သည် အာခိတ်မင်းထံသို့ ဝင်၍၊ ကျွန်တော်သည် ရှေ့တော်၌ မျက်နှာရသည် မှန်လျှင် ကျွန်တော် နေစရာတော ရွာတစ်ရွာကို သနားတော်မူပါ။ ကိုယ်တော်ကျွန်သည် မြို့တော်၌ ကိုယ်တော်နှင့်အတူ အဘယ်ကြောင့် နေရပါသနည်း၊ ဟုလျှောက်လေသော်၊ ၆ ထိုနေ့၌ အာခိတ်မင်းသည် ဇိကလက်မြို့ကိုပေး၏။ ထိုကြောင့် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်တို့သည် ဇိကလက်မြို့ကို ပိုင်ကြ၏။ ၇ ဒါဝိဒ်သည် ဖိလိတ္တိပြည်၌ နေသော နေ့ရက်ပေါင်းကား တစ်နှစ်နှင့် လေးလစေ့သတည်း။
ဒါဝိဒ်သည် အာခိတ်မင်းကို လှည့်စား
၈ တရံရောအခါ ဒါဝိဒ်နှင့် သူ၏လူတို့သည် သွား၍ ဂေရှုရိလူ၊ ဂေရဇိလူ၊ အာမလက်လူတို့ကို တိုက်ကြ၏။ ထိုလူမျိုးတို့သည် ရှေးကာလ၌ ရှုရမြို့လမ်းမှစ၍ အဲဂုတ္တု ပြည်တိုင်အောင် အမြဲနေသောသူ ဖြစ်တည်း။ ၉ ထိုပြည်ကို ဒါဝိဒ်သည် လုပ်ကြံ၍ ယောက်ျား မိန်းမ တစ်စုံတစ်ယောက်ကိုမျှ အသက်ချမ်းသာမပေး။ သိုး၊ နွား၊ မြည်း၊ ကုလားအုပ်၊ အဝတ်တန်ဆာတို့ကို သိမ်းယူ၍ အာခိတ်မင်းထံသို့ ပြန်သွားလေ၏။ ၁၀ အာခိတ်မင်းက၊ သင်တို့သည်၊ ယနေ့ အဘယ်အရပ်သို့ သွား၍ တိုက်သနည်း၊ ဟုမေးသော်၊ ဒါဝိဒ်က၊ ယုဒပြည်တောင်ဘက်၊ ယေရမေလပြည် တောင်ဘက်၊ ကေနိပြည် တောင်ဘက်သို့ သွား၍ တိုက်ပါသည်၊ ဟုလျှောက်၏။ ၁၁ ထိုသို့ ဒါဝိဒ်ပြုပြီ၊ ဟုဂါသမြို့သို့လာ၍ သတင်းကြားပြောမည့်သူ မရှိစေခြင်းငှာ ယောက်ျား မိန်းမ တစ်စုံတစ်ယောက်ကိုမျှ အသက်ချမ်းသာမပေး။ ဒါဝိဒ်သည် ဖိလိတ္တိပြည်၌ နေသော ကာလပတ်လုံး ထိုသို့ပြုလေ့ရှိ၏။ ၁၂ အာခိတ်မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိလူမျိုး အလွန် စက်ဆုပ်ရွံရှာသည် တိုင်အောင်ပြုပြီ။ သို့ဖြစ်၍ င့ါထံ၌ အစဉ် ကျွန်ခံလိမ့်မည်၊ ဟုဒါဝိဒ်စကားကို ယုံလျက်ဆို၏။