၁ ဓမ္မရာဇဝင်
အခန်းကြီး ၃၀
အာမလက်လူများက ဒါဝိဒ်၏ လူများသိမ်းသွား
၁ သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် ဇိကလက်မြို့သို့ ရောက်သောအခါ၊ အာမလက်လူတို့သည် တောင်ပြည်နှင့် ဇိကလက်မြို့ကို တိုက်သဖြင့်၊ ဇိကလက်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။ ၂ မြို့၌ရှိသော မိန်းမအကြီးအငယ် တစ်ယောက်ကိုမျှ မသတ်၊ ရှိသမျှတို့ကို သိမ်းသွားနှင့် ကြပြီ။ ၃ သို့ဖြစ်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် မြို့သို့ရောက်သောအခါ၊ မြို့ကိုမီးရှို့၍ မယားသားသမီးများကို သိမ်းသွားကြောင်းကို တွေ့သဖြင့်၊၄ ငိုသံကိုလွှင့်၍ အားကုန်သည် တိုင်အောင် ငိုကြွေးကြ၏။ ၅ ဒါဝိဒ်မယား နှစ်ယောက် ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလမယား၊ ရေမေလမြို့သူ အဘိဂဲလတို့သည်လည်း ပါသွားကြပြီ။
ဒါဝိဒ်သည် သင်တိုင်းတော်အားဖြင့် ဘုရားကိုမေး
၆ ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင် ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်ကြမည်၊ ဟုဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊၇ သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့၊ ဟုအဟိမလက်၏ သားအဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။၈ ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မှီနိုင်ပါမည်လော၊ ဟုထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မှီ၍ အလုံးစုံတို့ကို ရပြန်မည်၊ ဟုမိန့်တော်မူသည်အတိုင်း၊ ၉ ဒါဝိဒ်နှင့်သူ၌ ပါသော လူခြောက်ရာတို့သည် သွား၍ ဗေသော်ချောင်းသို့ ရောက်သောအခါ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ၏။
ဖျားနာသော အဲဂုတ္တုလူကို လမ်းပြခိုင်း
၁၀ ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။ ၁၁ လွင်ပြင်၌ အဲဂုတ္တု လူတစ်ယောက်ကို တွေ့၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့်၊ မုန့်ကိုပေး၍ ထိုသူသည်စား၏။ ရေကိုလည်း သောက်စေကြ၏။၁၂ သင်္ဘောသဖန်းသီး ပျဉ်တစ်ဖဲ့၊ စပျစ်သီး နှစ်ပြွတ်ကိုလည်း ပေး၍ သူသည်စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ။၁၃ ဒါဝိဒ်ကလည်း၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်း၊ ဟုမေးလျှင်၊ ကျွန်တော်သည် အာမလက်လူထံ၌ ကျွန်ခံရသော အဲဂုတ္တု လူကလေးဖြစ်ပါ၏။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။၁၄ ခေရသိ ပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည် တောင်ပိုင်းကိုတိုက်၍ ဇိကလက်မြို့ကို မီးရှို့ပါပြီ၊ ဟုပြောဆို၏။၁၅ ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်းရှိရာသို့ လမ်းပြနိုင်သလော၊ ဟုမေးလျှင်သူက၊ ကိုယ်တော်သည် ကျွန်တော့်ကိုမသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုပါတော့။ သို့ဖြစ်လျှင် ထိုအလုံး အရင်းရှိရာသို့ လမ်းပြပါမည်၊ ဟုဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။၁၆ လူကလေးသည် လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲက သိမ်းယူသောဥစ္စာ ပစ္စည်းများအပေါင်းတို့ကြောင့် စားသောက်လျက်၊ ကခုန်လျက် မြေတစ်ပြင်လုံး၌ အနှံ့အပြားရှိကြ၏။
ဒါဝိဒ်နှင့်အဖွဲ့ အာမလက်များကိုနိုင်၍ သိမ်းသွားသမျှပြန်ရ
၁၇ ဒါဝိဒ်သည်လည်း ညဦးမှစ၍ နက်ဖြန် ညဦးတိုင်အောင် သူတို့ကိုလုပ်ကြံသဖြင့်၊ ကုလားအုပ်ကိုစီး၍ ပြေးသော လုလင်လေးရာ မှတပါး လူတစ်ယောက်မှ မလွတ်။ ၁၈ အာမလက်လူတို့သည် သိမ်းသွားသမျှတို့ကို ဒါဝိဒ်သည် ရပြန်၍၊ မိမိ မယားနှစ်ယောက်ကိုလည်း ကယ်နှုတ်လေ၏။၁၉ လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို့တွင် တစ်စုံတခုမျှ မကျန်၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ၏။၂၀ ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာ ဖြစ်သည်၊ ဟုဆို၏။၂၁ မော၍ ဒါဝိဒ်နောက်သို့ မလိုက်နိုင်၊ ဗေသော်ချောင်းနားမှာ နေရစ်သော လူနှစ်ရာရှိရာသို့ ဒါဝိဒ်ရောက်၍၊ သူတို့သည် ဒါဝိဒ်နှင့်သူ့၌ ပါသော လူတို့ကို ခရီးဦးကြိုပြုလိုသောငှာ ထွက်လာသဖြင့်၊ ဒါဝိဒ်သည် အနီးသို့ရောက်သောအခါ သူတို့ကို နှုတ်ဆက်လေ၏။
စစ်တိုက်သူနှင့် ဥစ္စာစောင့်သူ အညီအမျှရစေ
၂၂ ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့် မလိုက်သောကြောင့်၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယား မှတပါး အခြားသော ဥစ္စာကိုသူတို့အား မပေးရ။ ကိုယ်သားမယားကိုယူ၍ ထွက်သွားကြစေ၊ ဟုဆိုကြ၏။၂၃ ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကို တိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရား ပေးသနားတော်မူသော ဥစ္စာကို ထိုသို့မပြုရ။၂၄ ဤအမှု၌ သင်တို့စကားကို အဘယ်သူ နားထောင်လိမ့်မည်နည်း။ စစ်တိုက်သွားသောသူ ရသည်အတိုင်း၊ ဥစ္စာကိုစောင့်လျက် နေရစ်သောသူ ရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှ ခံစေ၊ ဟုစီရင်၏။၂၅ ထိုနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလအမျိုး၌ ထိုသို့သော ထုံးစံဖြစ်စေခြင်းငှာ စီရင်ထုံးဖွဲ့သတည်း။
ဒါဝိဒ်ကအမျိုးများကို လက်ဆောင်ပေး
၂၆ ဒါဝိဒ်သည် ဇိကလက်မြို့ သို့ရောက်သောအခါ၊ လက်ရဥစ္စာအချို့ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက်၍၊ ထာဝရဘုရား၏ ရန်သူလက်မှ ရခဲ့သော ဥစ္စာထဲက သင်တို့အဖို့ လက်ဆောင်ကို ကြည့်လော့၊ ဟုမှာလိုက်၏။ ၂၇ ဗေသလမြို့၊ တောင်ရာမုတ်မြို့၊ ၂၈ အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊၂၉ ရာခလမြို့၊ ယေရမေလလူ နေရာမြို့များ၊ ကေနိလူနေရာမြို့များ၊၃၀ ဟောမာမြို့များ၊ ခေါရာရှန်မြို့၊ အာသက်မြို့၊ ၃၁ ဟေဗြုန်မြို့မှစ၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ်သို့ ပေးလိုက်သတည်း။