၁ ဓမ္မရာဇဝင်
အခန်းကြီး ၇
သေတ္တာတော်သည် ကိရယတ်ယာရိမ်မြို့၌ အနှစ်နှစ်ဆယ်ရှိ
၁ ကိရယတ်ယာရိမ် မြို့သားတို့သည် လာ၍ ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်သွားသဖြင့်၊ တောင်ပေါ်မှာရှိသော အမိနဒပ်အိမ်၌ ထား၍ သေတ္တာတော်ကို စောင့်စေခြင်းငှာ၊ သူ၏သား ဧလာဇာကို သန့်ရှင်းစေကြ၏။ ၂ သေတ္တာတော်သည် အနှစ် နှစ်ဆယ်ပတ်လုံး ကြာမြင့်စွာ ကိရယတ်ယာရိမ်မြို့၌ ရှိစဉ်အခါ၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် ထာဝရ ဘုရားသခင်ကို အောက်မေ့၍ မြည်တမ်းကြ၏။
ဣသရေလများ အခြားဘုရားများကို စွန့်ကြ
၃ တဖန်ရှမွေလက၊ သင်တို့သည် အခြားတစ်ပါးသော ဘုရားတည်းဟူသော ဗလဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ်၍ ထာဝရဘုရားအဖို့ သင်တို့စိတ်နှလုံးကို ပြင်ဆင်လျက်၊ ထာဝရဘုရား ထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ ပြန်လာသဖြင့်၊ ထိုဘုရားကိုသာ ဝတ်ပြုကြလျှင်၊ ဖိလိတ္တိလူတို့ လက်မှ ကယ်တင်တော်မူမည်၊ ဟုဣသရလ အမျိုးသား အပေါင်းတို့အား ဆုံးမသည်အတိုင်း၊ ၄ ဣသရလ မျိုးသားတို့သည် ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြ၏၊ ၅ ရှမွေလကလည်း ဣသရေလ အမျိုးသား အပေါင်းတို့ကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားကို ငါဆုတောင်းမည်၊ ဟုမှာခဲ့သည်အတိုင်း၊ ၆ သူတို့သည် မိဇပါမြို့၌ စည်းဝေးသဖြင့်၊ ရေကိုခပ်၍ ထာဝဘုရား ရှေ့တော်၌ သွန်းလောင်းခြင်း၊ အစာ ရှောင်ခြင်း အကျင့်တို့ကို ကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားပါပြီ၊ ဟုဝန်ခံကြ၏။ ရှမွေလသည် မိဇပါမြို့၌ ဣသရေလ အမျိုးသား တရားမှုတို့ကို စစ်ကြောစီရင်လေ၏။
ဖိလိတ္တိလူများက စစ်ချီကြ
၇ ဣသရေလ အမျိုးသားတို့သည် မိဇပါမြို့၌ စည်းဝေးကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဖိလိတ္တိမင်းတို့သည် ဣသရေလ အမျိုးရှိရာသို့ စစ်ချီကြ၏။ ထိုသတင်းကို ဣသရေလ လူတို့သည် ကြားလျှင်၊ ဖိလိတ္တိလူတို့ကို ကြောက်၍၊ ၈ ရှမွေလအား၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ဖိလိတ္တိလူတို့ လက်မှ ကယ်တင်တော်မည် အကြောင်း၊ အကျွန်ုပ်တို့အဖို့ အစဉ်မပြတ် ဆုတောင်းပါလော့၊ ဟုဆိုကြ၏။ ၉ ရှမွေလသည်လည်း၊ နို့စို့သိုးငယ်ကိုယူ၍ ထာဝရဘုရားအား တစ်ကောင်လုံး မီးရှို့၍ ရာယဇ် ပူဇော်လျက်၊ ဣသရေလ အမျိုးအဖို့ ဆုတောင်း၍ ထာဝရဘုရား နားထောင်တော်မူ၏။
ထာ၀ရဘုရားက ဣသရေလ လူများအတွက် စစ်တိုက်ပေး
၁၀ ရှမွေလသည် မီးရှို့ရာယဇ်ကို ပူဇော်စဉ်အခါ၊ ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို တိုက်ခြင်းငှာ ချဉ်းလာကြ၏။ ထာဝရ ဘုရားသည်လည်း၊ ထိုနေ့၌ ဖိလိတ္တိ လူတို့အပေါ်မှာ ပြင်းစွာ မိုးချုန်းစေ၍၊ သူတို့တပ်ကို ဖျက်တော်မူသဖြင့်၊ ဣသရေလ အမျိုးရှေ့မှာ ရှုံးကြ၏။ ၁၁ ဣသရေလ လူတို့သည် မိဇပါမြို့မှ ထွက်၍ ဖိလိတ္တိလူတို့ကို လုပ်ကြံလျက်၊ ဗက်ကာမြို့ တိုင်အောင် လိုက်ကြ၏။ ၁၂ ထိုအခါ ရှမွေလသည် ကျောက်ကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့စပ်ကြားမှာ ထူထောင်သဖြင့်၊ ထာဝရဘုရားသည် ငါတို့ကို ယခုတိုင်အောင် မစတော်မူပြီ၊ ဟုဆိုလျက်၊ ထိုကျောက်ကို ဧဗနဇောအမည်ဖြင့် မှည့်လေ၏။ ၁၃ ထိုသို ဖိလိတ္တိလူတို့သည် ရှုံးသဖြင့်၊ နောက်တဖန် ဣသရေလအမျိုး နေရာအရပ်သို့ မလာကြ၊ ရှမွေလလက်ထက် ကာလပတ်လုံး ထာဝရဘုရား၏ လက်တော်သည် ဖိလိတ္တိ လူတို့ကို ဆီးတားတော်မူ၏။ ၁၄ ဖိလိတ္တိ လူတို့သည် သိမ်းယူသော ဣသရေလ မြို့ရွာတို့ကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် ပြန်ပေးရကြ၏။ မြို့နယ်တို့ကိုလည်း ဣသရေလ လူတို့သည် ဖိလိတ္တိ လူတို့လက်မှ နှုတ်ယူကြ၏။ ဣသရေလလူနှင့် အာမောရိ လူတို့သည်လည်း စစ်မရှိ၊ အသင့်တင့် နေကြ၏။
ရှမွေလသည် ဣသရေလအမျိုး၌ စီရင်
၁၅ ရှမွေလသည် တစ်သက်လုံး ဣသရေလ အမျိုးကို အုပ်စိုးလေ၏ ၁၆ ဗေသလမြို့၊ ဂိလဂါလ၊ မိဇပါမြို့တို့ကို နှစ်တိုင်း လှည့်ပတ်၍ အရပ်ရပ်တွင် ဣသရေလ အမျိုး၌ စီရင်ရန်အမှုတို့ကို စစ်ကြော စီရင်လေ့ရှိ၏။ ၁၇ ပြန်လာသောအခါ၊ မိမိအိမ်ရှိသော ရာမမြို့သို့ ပြန်လာ၍ ထိုမြို့မှာလည်း ဣသရေလအမျိုး၌ စီရင်ရန် အမှုတို့ကို စစ်ကြောစီရင်လျက်၊ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လျက်နေလေ၏။