၁ ဓမ္မရာဇဝင်
အခန်းကြီး ၆
သေတ္တာတော်ကို ပြန်ပို့ဖို့ စီစဉ်ကြ
၁ ထာဝရဘုရား၏ သေတ္တာတော်သည် ဖိလိတ္တိပြည်၌ ခုနစ်လနေပြီးမှ၊ ၂ ဖိလိတ္တိလူတို့သည် ယဇ်ပုရောဟိတ်များ၊ ပရောဖက် လုပ်သူများတို့ကို ခေါ်၍၊ ထာဝရဘုရား၏ သေတ္တာတော်ကို အဘယ်သို့ ပြုရပါမည်နည်း၊ သူနေရင်း အရပ်သို့ အဘယ်သို့သော ပူဇော်သက္ကာနှင့် လွှတ်လိုက်ရပါမည်နည်း၊ ဟုမေးမြန်းကြ၏။ ၃ သူတို့ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို လွှတ်လိုက်လျှင် ကိုယ်ချည်း မလွှတ်လိုက်ကြနှင့်၊ ဒုစရိုက် ပူဇော်သက္ကာကို ဆက်ဆက် ပေးလိုက်ရမည်။ သို့ပြုလျှင် ရောဂါငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက်တော် မရွေ့သေးသည်ကို သိကြလိမ့်မည်၊ ဟုဆိုကြ၏ ၄ အဘယ်အရာကို ဒုစရိုက်ဖြေရာ ပူဇော်သက္ကာဘို့ ပြန်ပေး လိုက်ရပါမည်နည်း၊ ဟုမေးလျှင်၊ ဖိလိတ္တိမင်း အရေအတွက်အတိုင်း ရွှေမြင်းသရိုက်ပုံ ငါးခုနှင့် ရွှေကြွက်ငါးကောင်ကို ပေးလိုက်ရမည်။ သင်တို့နှင့် သင်တို့မင်းများ၌ ရောဂါတစ်ပါးတည်း စွဲလျက်ရှိ၏။ ၅ ထို့ကြောင့် မြင်းသရိုက်ပုံ၊ မြေကို ဖျက်တတ်သော ကြွက်ပုံတို့ကို လုပ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ဂုဏ်တော်ကို ချီးမွမ်းရကြမည်။ လက်တော်သည် သင်တို့နှင့် သင်တို့ဘုရားအပေါ်၊ သင်တို့မြေပေါ်မှာ ပေါ့ကောင်း ပေါ့လိမ့်မည်။ ၆ သို့ဖြစ်၍ ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့သည် ခိုင်မာသော စိတ်နှလုံး ရှိသကဲ့သို့ အဘယ့်ကြောင့် ခိုင်မာသော စိတ်နှလုံး ရှိကြသနည်း။ သူတို့တွင် အထူးသဖြင့် ပြုတော်မူသောအခါ၊ သူတို့ သည် လွှတ်လိုက်၍ ဣသရေလ လူတို့သည် သွားကြ၏။ ၇ ယခုမှာ လှည်းသစ်ကို လုပ်ပြီးမှ ထမ်းပိုးမတင်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသူငယ်တို့ကို သူ့နေရာသို့ ပို့ကြလော့။ ၈ ထာဝရဘုရားသခင်၏ သေတ္တာတော်ကို၊ လှည်းပေါ်မှာတင်၍ ပြန်ပေးလိုက်သော ဒုစရိုက်ဖြေရာ ပူဇော်သက္ကာတည်းဟူသော ရွှေတန်ဆာတို့ကို သေတ္တာတော်နားမှာ အခြားသော သေတ္တာတော်၌ ထားပြီးလျှင် လွှတ်လိုက်၍ သွားပါလေစေ။ ၉ သေတ္တာတော်သည် မိမိပြည်သို့ သွားသောလမ်း ဗက်ရှေမက်မြို့သို့ လိုက်လျှင်၊ ထိုဘုရားသခင်သည် ဤဘေးကြီးကို ငါတို့၌ ဖြစ်စေပြီ။ သို့မဟုတ် ဒဏ်ခတ် တော်မူသောကြောင့် ငါတို့မခံ၊ အလိုလိုခံရသည်ကို သိရကြမည်၊ ဟုစီရင်သည်အတိုင်း၊ ၁၀ လူများတို့သည် ပြုသဖြင့်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသူငယ်တို့ကို သူ့နေရာ၌ ချုပ်ထားကြ၏။ ၁၁ ထာဝရဘုရားသခင်၏ သေတ္တာတော် နှင့်တကွ ရေကြွက်များ၊ မြင်းသရိုက်ပုံများ ပါသော သတ္တာတော်ကို လှည်းပေါ်မှာ တင်ကြ၏။
သေတ္တာတော်ကို ဗက်ရှေမက်မြို့သားတို့ လက်ခံ
၁၂ နွားမတို့သည် ဗက်ရှေမက်လမ်းသို့ တည့်တည့်လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာဘက် လက်ဝဲဘက်သို့ မလွှဲ လမ်းမသို့သာ လိုက်ကြ၏။ ဖိလိတ္တိမင်းတို့သည် ဗက်ရှေမက် မြို့နယ်တိုင်အောင် လိုက်ကြ၏။ ၁၃ ဗက်ရှေမက် မြို့သားတို့သည် ချိုင့်၌ ဂျုံစပါးကို ရိတ်လျက် မျှော်ကြည့်၍၊ သေတ္တာတော်ကို မြင်သောအခါ ဝမ်းမြောက်ကြ၏။ ၁၄ လှည်းသည် ဗက်ရှေမက် မြို့သား ယောရှု၏ လယ်ကွက်ထဲသို့ ဝင်၍ ကျောက်ကြီးအနားမှာ ရပ်နေ၏။ ထိုသူတို့သည် လှည်းကို ချိုးခွဲပြီးလျှင် နွားမတို့ကို ထာဝရဘုရားအား မီးရှို့၍ ယစ်ပူဇော်ကြ၏။ ၁၅ ထိုအခါ လေဝိသားတို့သည် ထာဝရဘုရား၏ သေတ္တာတော်နှင့် ရွှေတန်ဆာပါသော သေတ္တာကိုချ၍ ကျောက်ကြီးပေါ်မှာ တင်ထားပြီးလျှင်၊ ဗက်ရှေမက် မြို့သားတို့သည် ထိုနေ့ခြင်းတွင် မီးရှို့ရာယဇ်မှစ၍၊ ယဇ်မျိုးကို ထာဝရဘုရားအား ပူဇော်ကြ၏။ ၁၆ ထိုအမှုကို ဖိလိတ္တိမင်း ငါးယောက်တို့သည် မြင်ပြီးမှ၊ ထိုနေ့ခြင်းတွင် ဧကြုန်မြို့သို့ ပြန်သွားကြ၏။ ၁၇ ထာဝရဘုရားအား ပြန်ပေးသော ဒုစရိုက်ဖြေရာ ပူဇော်သက္ကာ တည်းဟူသော ရွှေမြင်းသရိုက်ပုံတို့ကား၊ အာဇုတ်မြို့ဖို့ တခု၊ ဂါဇမြို့ဖို့ တခု၊ အာရှကေလုန်မြို့ဖို့ တခု၊ ဂါသမြို့ဖို့ တခု၊ ဧကြုန်မြို့ဖို့ တခု ဖြစ်သတည်း။ ၁၈ ရွှေကြွက်တို့ကား၊ ထာဝရ ဘုရား၏ သေတ္တာတော်ကို တင်ထားသော ကျောက်ကြီးတိုင်အောင် ခိုင်ခံသောမြို့ဖြစ်စေ၊ တောရွာဖြစ်စေ၊ ဖိလိတ္တိမင်း ငါးပါး ဆိုင်သမျှသော မြို့ရွာအရေအတွက်တိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့တိုင်အောင် ဗက်ရှေမက် မြို့သား ယောရှု၏ လယ်ကွက်၌ ရှိ၏။
ဗက်ရှေ့မက်မြို့သားများ သေတ္တာတော်ထဲကြည့်၍ သေကြ
၁၉ ဗက်ရှေ့မက် မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူငါးသောင်း ခုနစ်ဆယ်တို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေး မြည်တမ်းကြ၏။ ၂၀ ဗက်ရှေမက် မြို့သားတို့က၊ သန့်ရှင်းတော်မူသော ဤဘုရားသခင်၊ ထာဝရဘုရား ရှေ့တော်၌ အဘယ်သူ ရပ်နေနိုင်သနည်း။ ငါတို့အရပ်က၊ အဘယ်သူရှိရာသို့ ကြွသွား တော်မူမည်နည်း၊ ဟုဆိုသဖြင့်၊ ၂၁ ကိရယတ် ယာရိပ်မြို့သား တို့ထံသို့ လူကို စေလွှတ်၍၊ ဖိလိတ္တိလူတို့သည် ထာဝရဘုရား၏ သေတ္တာတော်ကို တဖန်ပို့ကြပြီ၊ သင်တို့လာ၍ ဆောင်သွား ကြပါတော့၊ ဟုမှာလိုက်ကြ၏။