-
AA
+
🡀
|
🡂
၁ ဓမ္မရာဇဝင်
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ဓမ္မရာဇဝင်
အခန်းကြီး ၁၇


ဖိလိတ္တိစစ်ဗိုလ် ဂေါလျတ်နှင့် ဣသရေလလူများ စစ်တိုက်ဖို့ပြင်

ဖိလိတ္တိလူတို့သည် ဗိုလ်​ခြေများကို နှိုးဆော်၍ ယုဒခရိုင် ရှောခေါမြို့၌ စုဝေးသဖြင့်၊ ရှောခေါမြို့နှင့် အဇေကာမြို့ စပ်ကြား ဒမိမ်အရပ်မှာ တပ်ချကြ၏။ ရှောလုနှင့် ဣသရေလလူတို့သည် စုဝေး၍ ဧလာချိုင့်နားမှာ တပ်ချ၍ ဖိလိတ္တိလူတို့ကို တိုက်မည်၊ ဟုစစ်ခင်းကျင်းကြ၏။ ဖိလိတ္တိလူအချို့တို့သည် ချိုင့်တဘက်၌ တောင်ပေါ်မှာ ရပ်လျက်၊ ဣသရေလလူ အချို့တို့သည် ချိုင့်တဘက်၌ တောင်ပေါ်မှာ ရပ်လျက်ရှိကြ၏။ ​ခြောက်တောင်နှင့် တစ်ထွာ အရပ်မြင့်သော ဂါသမြို့သား ဂေါလျတ် အမည်ရှိသော သူရဲသည် ဖိလိတ္တိတပ်ထဲက ထွက်လာ၏။ သူသည် ခေါင်းပေါ်မှာ​ ကြေးဝါ ခမောက်လုံးကို ဆောင်း၍ အခွက်ငါးဆယ် အချိန်ရှိသော ကြေးဝါချပ်အင်္ကျီကို ဝတ်၏၊ ​ကြေးဝါ​ခြေစွပ်ကို စွပ်လျက် ပခုံးကြားမှာ ကြေးဝါ ကိဒုန်လက်နက်ကို ဆွဲလျက်ရှိ၏။ လှံရိုးကား ရက်ကန်းလက်လိပ် နှင့်အမျှ ကြီး၏။ လှံကိုယ်ကား သံ​ခြောက်ပိဿာ အချိန်ရှိ၏။ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သူ တစ်ယောက်သည် သွားရ၏။ ထိုသူရဲသည် ရပ်လျက် သင်တို့သည် စစ်ပြိုင်ခြင်းငှာ အဘယ့်ကြောင့် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူ၊ သင်တို့သည် ရှောလု၏ ကျွန်ဖြစ်ကြသည် မဟုတ်လော။ လူတစ်ယောက်ကို ရွေးကောက်၍ ငါနှင့်တိုက်ခြင်းငှာ လာပါစေ။ သူသည် ငါ့ကိုတိုက်၍ သတ်နိုင်လျှင် ငါတို့သည် သင်တို့၏ ကျွန်ခံမည်။ သို့မဟုတ် ထိုသူကို ငါနိုင်၍ သတ်လျှင်၊ သင်တို့သည် ငါတို့၏ ကျွန်ခံ၍ ငါတို့အမှုကို ဆောင်ရွက်ရကြမည်၊ ဟုဣသရေလ ဗိုလ်​ခြေတို့ကို ဟစ်၍ပြောဆို၏။ ၁၀ တဖန် ထိုဖိလိတ္တိလူက၊ ဣသရေလ ဗိုလ်​ခြေတို့ကို ယနေ့ငါကြိမ်းပ၏။ လူချင်းတိုက်စေခြင်းငှာ လူတစ်ယောက်ကို ပေးကြလော့၊ ဟုဆို၏။ ၁၁ ဖိလိတ္တိလူ ပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလ လူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက်၍ အလွန် ကြောက်ရွံ့ကြ၏။ [A]


ယေရှဲကသူ့သား ဒါဝိဒ်ကို စစ်မြေပြင်သို့လွှတ်

၁၂ ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သား ဖြစ်သော ဒါဝိဒ်၏ အဘယေရှဲ၌ သားရှစ်ယောက်ရှိ၏။ ရှောလုလက်ထက်၌ ထိုသူသည် အသက်ကြီးသောသူ၏ အရာရှိ၏။ ၁၃ ယေရှဲ၏သားတို့တွင် အသက်အကြီးဆုံးသောသူ သုံးယောက်တို့သည် စစ်မှုကိုထမ်း၍ ရှောလုနောက်သို့ လိုက်ကြ၏။ သူတို့အမည်ကား သားဦးဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသား ရှိမာတည်း။ ၁၄ ဒါဝိဒ်သည် အငယ်ဆုံးသောသား ဖြစ်၏။ သားကြီးသုံးယောက်တို့သည် ရှောလုနောက်တော်သို့ လိုက်ကြသော်လည်း၊၁၅ ဒါဝိဒ်သည် မလိုက်၊ ဗက်လက်မြို့မှာ မိမိအဘ၏ သိုးတို့ကို ထိန်းကျောင်းခြင်းငှာ ပြန်သွားလေ၏။ ၁၆ ဖိလိတ္တိလူသည် အရက်လေးဆယ် ပတ်လုံး၊ နံနက်တစ်ခါ၊ ညဦးတစ်ခါ ချဉ်းကပ်၍ ကိုယ်ကိုပြ၏။ ၁၇ ထိုအခါ ယေရှဲသည် မိမိသားဒါဝိဒ်ကို ခေါ်၍ သင့်အစ်ကိုတို့အဖို့ ဤပေါက်ပေါက် တစ်ဧဖာနှင့် ဤမုန့်ဆယ်လုံးတို့ကို ယူ၍ အစ်ကိုတို့ရှိရာ တပ်တော်သို့ ပြေးသွားလော့၊ ၁၈ ဤဒိန်ခဲ ဆယ်လုံးကိုလည်း ယူ၍ သူတို့တပ်မှူးအား ဆက်လော့။ သင့်အစ်ကိုတို့သည် ကျန်းမာခြင်းရှိသည် မရှိသည်ကို ကြည့်ရှုပြီးမှ၊ သူတို့ထံမှ သက်သေ တစ်စုံတခုကို ခံယူလော့၊ ဟုမှာလိုက်လေ၏။ ၁၉ ထိုကာလ၌ ရှောလုမှစ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလ လူအပေါင်းတို့သည် ဧလာချိုင့်မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်လျက် ရှိကြ၏။


ဂေါလျတ်သတ်နိုင်သူကို ဆုချမည့်အကြောင်း ဒါဝိဒ်ကြား
CROSS REFERENCES






၂၀ ဒါဝိဒ်သည် နံနက်စောစောထ၍ သိုးတို့ကို သိုးထိန်း၌ အပ်ပြီးလျှင်၊ အဘ မှာလိုက်သည်အတိုင်း စားစရာကို ယူသွား၍ ရိက္ခာလှည်းထားရာသို့ ရောက်သောအခါ ၂၁ ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိတပ်သားတို့သည် စစ်ခင်းကျင်း၍ စစ်တလင်းသို့ ချီလျက်၊ စစ်တိုက်မည်အသံနှင့် ကြွေးကြော်ကြ၏။ ၂၂ ဒါဝိဒ်သည် မိမိ၌ ပါသောအရာတို့ကို ရိက္ခာစောင့်လက်၌ အပ်ထားပြီးလျှင်၊ တပ်သားစုထဲသို့ပြေး၍ မိမိအစ်ကိုတို့ကို နှုတ်ဆက်၏။ ၂၃ သူတို့နှင့်ပြောစဉ်တွင် ဖိလိတ္တိလူ၊ ဂါသမြို့သား ဂေါလျတ် အမည်ရှိသော သူရဲသည် ဖိလိတ္တိတပ်ထဲက ထွက်လာ၍ ယမန်ကဲ့သို့ ပြောဆိုသည်ကို ဒါဝိဒ်သည် ကြားလေ၏။ ၂၄ ဣသရေလ လူအပေါင်းတို့သည် ထိုသူကိုမြင်သောအခါ အလွန်ကြောက်ရွံ၍ ပြေးကြ၏။ ၂၅ အချို့တို့ကလည်း၊ ထိုလူထွက်လာသည်ကို မြင်သလော၊ ဣသရေလ အမျိုးကို ကြိမ်းပလျက် ထွက်လာပါသည်တကား၊ သူ့ကိုသတ်သောသူအား ရှင်ဘုရင်သည် ကြီးသော စည်းစိမ်နှင့် ချီးမြှောက်၍ သမီးတော်ကိုလည်း ပေးစားတော်မူမည်။ ထိုသူ၏ အဆွေအမျိုးကိုလည်း ဣသရေလ နိုင်ငံတွင် မင်းမှုလွှတ်တော်မူမည်၊ ဟုပြောဆိုကြ၏။ ၂၆ ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကို သတ်၍ ဣသရေလ အမျိုး ခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသောသူသည် အဘယ်အကျိုးကို ရလိမ့်မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်​ခြေတို့ကို ကြိမ်းပရမည် အကြောင်း၊ အရေဖျားလှီးခြင်း [B]ကို မခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သောသူ ဖြစ်သနည်း၊ ဟုမိမိအနားမှာ ရှိသောသူတို့အား မေးမြန်းလျှင်၊ ၂၇ သူတို့က ထိုလူကို သတ်သောသူသည် ဤမည်သော အကျိုးကိုရလိမ့်မည်၊ ဟု ယမန်ကဲ့သို့ ပြန်ပြောကြ၏။


ဒါဝိဒ်ကို အစ်ကိုကြီး ဧလျာဘက ဆူ

၂၈ ထိုသူတို့နှင့် ဒါဝိဒ်ပြောသည်ကို အစ်ကိုအကြီး ဧလျာဘကြားလျှင်၊ ဒါဝိဒ်ကို အမျက်ထွက်၍ သင်သည် အဘယ့်ကြောင့် ဤအရပ်သို့ လာသနည်း။ ထိုနည်းသော သိုးတို့ကို တောတွင် အဘယ်သူလက်၌ အပ်ခဲ့သနည်း။ သင့်မာနကြီးခြင်း၊ သင့်စိတ်နှလုံး ဆိုးညစ်ခြင်းကို ငါသိ၏။ စစ်ပွဲကို ကြည့်ရှုခြင်းငှာသာ လာပြီ၊ ဟုဆို၏။ ၂၉ ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုမိသနည်း။ ယခုပြောစရာ အကြောင်းမရှိလော၊ ဟုဆိုသောနောက်၊ ၃၀ အခြားသော သူတို့ထံသို့ လှည့်၍ ယမန်ကဲ့သို့ မေးမြန်းလျှင်၊ သူတို့သည် ရှေ့အတူ ပြန်ပြောကြ၏။


ဒါဝိဒ်က ဂေါလျတ်ကို သူတိုက်မည်ဟုဆို

၃၁ ထိုသို့ ဒါဝိဒ်ပြောသော စကားကို ကြားသောသူတို့သည် ရှောလုထံတော်၌ ကြားလျှောက်သော်၊ ဒါဝိဒ်ကို ခေါ်တော်မူ၏။ ၃၂ ဒါဝိဒ်ကလည်း ထိုလူကြောင့် အဘယ်သူမျှ စိတ်မပျက်ပါစေနှင့်။ ကိုယ်တော်ကျွန် သွား၍ ထိုဖိလိတ္တိလူကို တိုက်ပါမည်၊ ဟုရှောလုအား လျှောက်လျှင်၊ ၃၃ ရှောလုက သင်သည် ထိုဖိလိတ္တိလူကို သွား၍ မတိုက်နိုင်။ သင်သည် နုပျိုသောသူ ဖြစ်၏။ ထိုသူသည် ပျိုသောအရွယ်မှစ၍ စစ်သူရဲဖြစ်ခဲ့ပြီ၊ ဟုဒါဝိဒ်အားဆိုသော်၊ ၃၄ ဒါဝိဒ်က ကိုယ်တော်ကျွန်သည် အဘ၏သိုးတို့ကို ထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့်ဝံသည် လာ၍ သိုးသူငယ်ကို သိုးစုထဲက ကိုက်ချီပါ၏။ ၃၅ ကျွန်တော်လိုက်၍ သတ်သဖြင့် သိုးသူငယ်ကို သူ့ပါးစပ်ထဲက နှုတ်ပါ၏။ ဝံသည် ကျွန်တော်ကိုပြန်၍ ကိုက်သောအခါ၊ ဝံ၏ မုတ်ဆိတ်ကို ကိုင်၍ ရိုက်သတ်ပါ၏။ ၃၆ ကိုယ်တော်ကျွန်သည် ခြင်္သေ့နှင့် ဝံနှစ်ကောင်လုံးကို သတ်ပါ၏။ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်​ခြေတို့ကို ကြိမ်းပသောကြောင့်၊ ထိုအကောင် တစ်ကောင်ကဲ့သို့ ဖြစ်ပါလိမ့်မည်။ ၃၇ ခြင်္သေ့လက်၊ ဝံလက်မှ ကျွန်တော်ကို ကယ်နှုတ်တော်မူသော ထာဝရဘုရားသည်၊ ထိုဖိလိတ္တိ လူလက်မှ ကယ်နှုတ်တော်မူလိမ့်မည်၊ ဟုရှောလုအား လျှောက်လေသော်၊ ရှောလုက သွားလော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူပါစေသော်၊ ဟုဒါဝိဒ်အား ဆိုလေ၏။


ဒါဝိဒ်နှင့် ဂေါလျတ် တစ်ယောက်နှင့် တစ်ယောက်ကြိမ်းပ

၃၈ ရှောလုသည်လည်း ဒါဝိဒ်ကို မိမိအဝတ်နှင့် ဝတ်စေသဖြင့်၊ သူ၏ ခေါင်းပေါ်မှာ​ ကြေးဝါ ခမောက်လုံးကို တင်၍၊ သံချပ်အင်္ကျီကိုလည်း ဝတ်စေ၏။ ၃၉ ဒါဝိဒ်သည် ဓားတော်ကို အဝတ်ပေါ်မှာ စည်း၍ သွားမည်ဟု အားထုတ်သော်လည်း၊ ထိုလက်နက်များကို မစုံစမ်းသေး။ သို့ဖြစ်၍ ဒါဝိဒ်က ဤလက်နက်တို့နှင့် ကျွန်တော် မသွားနိုင်ပါ၊ မစုံစမ်းပါသေး၊ ဟုရှောလုအား လျှောက်၍ ချွတ်ပြန်လေ၏။ ၄၀ တဖန် မိမိတောင်ဝှေးကို ကိုင်လျက်၊ ချောသော ကျောက်ငါးလုံးကို ချောင်းထဲကရွေး၍၊ သိုးထိန်း တန်ဆာတည်းဟူသော လွယ်အိတ်၌ ထည့်ပြီးမှ လောက်လွှဲကိုလည်း ကိုင်၍ ဖိလိတ္တိလူ ရှိရာသို့ ချဉ်းလေ၏။ ၄၁ ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို့ချဉ်း၍ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သောသူလည်း သွား၏။ ၄၂ ဖိလိတ္တိလူသည် ကြည့်၍ ဒါဝိဒ်ကို မြင်သောအခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည် နုပျိုသောသူ၊ ဆံပင်နီ၍ မျက်နှာလှသောသူ ဖြစ်၏။ ၄၃ ဖိလိတ္တိလူက၊ သင်သည် တောင်ဝှေးနှင့် ငါ့ထံသို့ လာရမည့်အကြောင်း၊ ငါသည် ခွေးဖြစ်သလော၊ ဟုမေးလျက်၊ မိမိဘုရားတို့ကို တိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲလေ၏။ ၄၄ တဖန် ဖိလိတ္တိလူက လာခဲ့၊ သင့်အသားကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ငါပေးမည်၊ ဟုဒါဝိဒ်ကိုဆို၏။ ၄၅ ဒါဝိဒ်က သင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလ ဗိုလ်​ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိရာသို့ လာ၏။ ၄၆ ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့အပ်တော်မူသဖြင့်၊ သင့်ကိုငါသတ်၍ လည်ပင်းကို ဖြတ်မည်။ ဖိလိတ္တိ ဗိုလ်​ခြေ အသေကောင်များကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင် ရှိတော်မူသည်ကို မြေကြီးသား အပေါင်းတို့သည် သိရကြလိမ့်မည်။ ၄၇ ထာဝရဘုရားသည် ဓား၊ လှံအားဖြင့် ကယ်တင်တော် မမူကြောင်းကို၊ ဤပရိသတ် အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကိုပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော်မူမည်၊ ဟုဖိလိတ္တိလူအား ဆို၏။


ဒါဝိဒ်ဂေါလျတ်ကို သတ်နိုင်

၄၈ ဖိလိတ္တိလူသည် ထ၍ ဒါဝိဒ်နှင့် တွေ့ခြင်းငှာ ချဉ်းလာသောအခါ၊ ဒါဝိဒ်သည်လည်း ဖိလိတ္တိလူနှင့် တွေ့ခြင်းငှာ ဗိုလ်​ခြေရှိရာသို့ အလျင်အမြန် ပြေးပြီးမှ၊ ၄၉ လွယ်အိတ်ထဲက ကျောက်တစ်လုံးကို နှိုက်ယူ၍ လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကိုမှန်၍ နဖူးပေါက်သဖြင့် သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။ ၅၀ ထိုသို့ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တစ်လုံး အားဖြင့် နိုင်လျက် ထိခိုက်၍ သတ်လေ၏။ ၅၁ ထိုအခါ ဒါဝိဒ်သည် ဓားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ဓားကို ဓားအိမ်မှ နှုတ်ဆွဲပြီးလျှင် လည်ပင်းကို ဖြတ်၍ အပြီးသတ်လေ၏။ ဖိလိတ္တိလူတို့သည် သူတို့၏ သူရဲသေကြောင်းကို မြင်သောအခါ ပြေးကြ၏။၅၂ ထိုအခါ ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် ထ၍ ကြွေးကြော်လျက် ချိုင့်တိုင်အောင်၎င်း၊ ဧကြုန်မြို့တံခါး တိုင်အောင်၎င်း၊ ဖိလိတ္တိလူတို့ကို လိုက်ကြ၏။ ထိခိုက်သော ဖိလိတ္တိလူတို့သည် ရှာရိမ်မြို့ လမ်းနားမှစ၍ ဂါသမြို့၊ ဧကြုန်မြို့တိုင်အောင် လဲကြ၏။ ၅၃ ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာ၍ သူတို့တဲများကို လုယူကြ၏။ ၅၄ ဒါဝိဒ်သည် ဖိလိတ္တိလူ၏ ဦးခေါင်းကိုယူ၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။ သူ၏ လက်နက်များကို မိမိတဲ၌ ထား၏။


ဒါဝိဒ်ကို ရှောလုမင်းက မသိ

၅၅ ဒါဝိဒ်သည် ဖိလိတ္တိလူကို တိုက်ခြင်းငှာ ထွက်သွားသည်ကို ရှောလုသည်မြင်လျှင်၊ ထိုလုလင်ကား အဘယ်သူ၏ သားဖြစ်သနည်း၊ ဟုဗိုလ်ချုပ်မင်း အာဗနာကို မေး၏။ အာဗနာကလည်း၊ အရှင်မင်းကြီး အသက်တော် ရှင်သည်အတိုင်း ကျွန်တော်မသိပါ၊ ဟုလျှောက်လျှင်၊ ၅၆ ရှင်ဘုရင်က၊ ထိုလုလင်သည် အဘယ်သူ၏သား ဖြစ်လိမ့်မည်ကို မေးစစ်လော့၊ ဟုမိန့်တော်မူ၏။ ၅၇ ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ သူ၏ဦးခေါင်းကို ကိုင်လျက် ပြန်လာသောအခါ၊ အာဗနာသည် ခေါ်၍ ရှောလုထံသို့ ဆောင်သွားပြီးလျှင်၊ ၅၈ ရှောလုက၊ အချင်းလုလင်၊ သင်သည် အဘယ်သူ၏သား ဖြစ်သနည်း၊ ဟုမေးတော်မူ၏။ ဒါဝိဒ်ကလည်း၊ ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ဗက်လင်မြို့သား ယေရှဲ၏သား ဖြစ်ပါသည်၊ ဟုလျှောက်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.