၁ ဓမ္မရာဇဝင်
အခန်းကြီး ၂၅
ရှမွေလသေ၍ ငိုကြွေးကြ
၁ ထိုနောက် ရှမွေလသေသော အခါ၊ [A] ဣသရေလ အမျိုးသား အပေါင်းတို့သည် စည်းဝေး၍ ငိုကြွေးမြည်တမ်းခြင်းကို ပြုသဖြင့်၊ ရာမမြို့တွင် သူ၏အိမ်၌ သင်္ဂြိုလ်ကြ၏။ ဒါဝိဒ်သည် ထ၍ ပါရန်တောသို့ သွားလေ၏။
ဒါဝိဒ်က သူ့ငယ်သားများ ချမ်းသာသော နာဗလထံသွားခိုင်း
၂ ထိုအခါ မောနအရပ်၌ နေ၍ ကရမေလမြို့၌ ဥစ္စာများသော သူတစ်ဦးရှိ၏။ ထိုသူသည် လူကြီးဖြစ်၍ သိုးသုံးထောင်၊ ဆိတ်တစ်ထောင်ကို ရတတ်၏။ ကရမေလမြို့မှာ သိုးမွှေးကို ညှပ်၍နေ၏၊ ၃ ထိုသူ၏ အမည်ကား နာဗလ၊ သူ၏ မယားအမည်ကား အဘိဂဲလတည်း။ ထိုမိန်းမသည် ဥာဏ်ကောင်း၍ အဆင်းလည်းလှ၏။ ယောကျ်ားမူကား ခက်ထန်သော သဘောရှိ၏။ ဆိုးသောအမှုကိုလည်း ပြုတတ်၏။ ကာလက် အဆွေအမျိုးဖြစ်၏။ ၄ နာဗလသည် သိုးမွှေးညှပ်၍ နေကြောင်းကို ဒါဝိဒ်သည်တော၌ ကြားလျှင် ၅ လုလင်တစ်ကျိပ်တို့ကို ခေါ်၍ နာဗလ ရှိရာ ကရမေလမြို့သို့ သွားကြလော့။ ၆ စည်းစိမ်ကြီးသော ထိုသူကို ငါ့ကိုယ်စား နှုတ်ဆက်၍ ပြောရမည်မှာ၊ ကိုယ်တော်မှစ၍ ကိုယ်တော်၏အိမ်၊ ကိုယ်တော်နှင့် ဆိုင်သမျှတို့၌ ချမ်းသာရှိပါစေသော်။ ၇ ကိုယ်တော်၌ သိုးမွှေးညှပ်သော သူများရှိကြောင်းကို အကျွန်ုပ်ကြားပါ၏။ အကျွန်ုပ်တို့ နှင့်အတူ နေသော ကိုယ်တော်၏ သိုးထိန်းတို့ကို အကျွန်ုပ်တို့သည် မပြစ်မှားပါ။ သူတို့သည် ကရမေလမြို့မှာ နေသော ကာလပတ်လုံး သူတို့ဥစ္စာ တစ်စုံတခုမျှ မပျောက်ပါ။ ၈ ကိုယ်တော်၏ လုလင်တို့ကို မေးမြန်းပါတော့၊ သူတို့သည် ပြောကြပါလိမ့်မည်။ ထိုကြောင့် အကျွန်ုပ်၏ လုလင်တို့သည် ရှေ့တော်၌ မျက်နှာရကြပါစေ၊ အကျွန်ုပ်တို့သည် မင်္ဂလာနေ့၌ ရောက်ပါ၏။ လက်တော်၌ ရှိသမျှကို ကိုယ်တော်ကျွန်များ၊ ကိုယ်တော်၏သား ဒါဝိဒ်အား သနားတော်မူပါ၊ ဟုနှုတ်ဆက် ရမည်အကြောင်း မှာထား၍ လွှတ်လိုက်၏။ ၉ ဒါဝိဒ်၏ လုလင်တို့သည် နာဗလထံသို့ ရောက်သောအခါ၊ ဒါဝိဒ် မှာထားသမျှသော စကားတို့ကို ပြန်ပြောပြီးလျှင် တိတ်ဆိတ်စွာ နေကြ၏။
နာဗလက ဂရုမစိုက်သောကြောင့် ဒါဝိဒ်အဖွဲ့ နာဗလထံသွား
၁၀ နာဗလကလည်း၊ ဒါဝိဒ်ကား အဘယ်သူနည်း။ ယေရှဲ၏သားကား အဘယ်သူနည်း။ ယခုကာလ သခင်ကို ပုန်ကန်သော ကျွန်များပါတကား။ ၁၁ ငါသည် ငါ့သိုးမွှေးကို ညှပ်သောသူတို့အဖို့ ပြင်ဆင်သော ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကိုယူ၍ ငါမသိသော လူတို့အား ပေးရမည်လော၊ ဟုဒါဝိဒ်၏ လုလင်တို့အား ပြောဆို၏။ ၁၂ ဒါဝိဒ်၏ လုလင်တို့သည် လှည့်သွား၍ ထိုစကား အလုံးစုံတို့ကို ဒါဝိဒ်အား ပြန်လျှောက်ကြ၏။ ၁၃ ဒါဝိဒ်ကလည်း၊ လူတိုင်း မိမိဓားကို ခါး၌ စည်းစေ၊ ဟုမိမိလူတို့အား ဆိုလျက် မိမိဓားကို စည်းလေ၏။ လူလေးရာတို့သည် ဒါဝိဒ်နောက်သို့ လိုက်ကြ၏။ နှစ်ရာတို့သည် ဥစ္စာပစ္စည်းများကို စောင့်၍ နေကြ၏။
လုလင်တစ်ယောက်က နာဗလမယားထံ အသိပေး
၁၄ လုလင်တစ်ယောက်သည် နာဗလ မယားအဘိဂဲလ ထံသို့သွား၍၊ ဒါဝိဒ်သည် အကျွန်ုပ်တို့ သခင်ကို နှုတ်ဆက်အံ့သောငှာ တမန်တို့ကို တောမှစေလွှတ်၍၊ အကျွန်ုပ်တို့ သခင်သည် သူတို့ကိုဆဲပါ၏။ ၁၅ ထိုသူတို့သည် ကျွန်တော်တို့၌ အလွန်ကျေးဇူးပြုပါပြီ။ ကျွန်တော်တို့သည် တောမှာနေ၍ သူတို့နှင့် ပေါင်းဖော်သော ကာလပတ်လုံး အရှုံးမခံ၊ ဥစ္စာ တစ်စုံတခုမျှ မပျောက်ပါ။ ၁၆ ကျွန်တော်တို့သည် သိုးထိန်း၍ သူတို့နှင့် ပေါင်းဖေါ်သော ကာလပတ်လုံး၊ သူတို့သည် နေ့ညအစဉ် ကွယ်ကာလျက် နေကြပါ၏။ ၁၇ သို့ဖြစ်၍ သခင်မသည် အဘယ်သို့ ပြုသင့်သည်ကို ကြည့်ရှု ဆင်ခြင်ပါတော့။ အကျွန်ုပ်တို့ သခင်နှင့် အိမ်သူ အိမ်သားအပေါင်းတို့၌ ဘေးပြုမည်၊ ဟုစီရင်ပါပြီ။ သခင်သည် အဓမ္မလူ ဖြစ်သောကြောင့်၊ အဘယ်သူမျှ မပြောမလျှောက်ဝံ့ပါ၊ ဟုဆိုလေသော်၊
အဘိဂဲလက ဒါဝိဒ်ကိုကြို
၁၈ အဘိဂဲလသည် မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသော သိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက် အပြွတ်တစ်ရာ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန်ယူ၍ မြည်းတို့ အပေါ်၌ တင်ပြီးလျှင်၊ ၁၉ ငါ့ရှေ့မှာ သွားကြ။ ငါလိုက်မည်၊ ဟုကျွန်တို့အားဆို၏။ လင်နာဗလကို အလျှင်းမပြော။ ၂၀ မြည်းကိုစီးလျက် သွား၍ တောင်ခြေရင်း၌ ဆင်းလှည့်စဉ်တွင်၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တဘက်တချက် ဆင်းလာ၍ တစ်ယောက်နှင့် တစ်ယောက် တွေ့ ကြုံကြ၏။ ၂၁ ထိုသို့မတွေ့မှီ ဒါဝိဒ်က၊ အကယ်စင်စစ် ထိုသူ၏ဥစ္စာ တစ်စုံတခုကိုမျှ မပျောက်စေခြင်းငှာ၊ တော၌ သူပိုင်သမျှတို့ကို ငါသည် အချည်းနှီး စောင့်ပါပြီတကား။ ငါကောင်းသော အမှုအတွက်၊ မကောင်းသောအမှုကို သူပြုပါပြီတကား။ ၂၂ နက်ဖြန် မိုးလင်းသောအခါ၊ နာဗလနှင့် ဆိုင်သော သူအပေါင်းတို့တွင် ယောက်ျား တစ်စုံတစ်ယောက်ကို ငါချန်ထားလျှင်၊ ထိုမျှမက ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူတို့အား ပြုတော်မူစေသတည်း၊ ဟုဆိုနှင့်ပြီ။
အဘိဂဲလက ဒါဝိဒ်ထံတောင်းလျှောက်
၂၃ အဘိဂဲလသည် ဒါဝိဒ်ကို မြင်သောအခါ၊ မြည်းပေါ်က အလျင်အမြန် ဆင်းပြီးလျှင် ဒါဝိဒ်ရှေ့တွင် မြေပေါ်မှာ ဦးညွတ်ချ၍၊ ၂၄ သူ၏ခြေရင်း၌ ဝပ်တွားလျက်၊ ကျွန်မသခင်၊ အပြစ်ရှိသမျှကို ကျွန်မခံပါမည်။ ကိုယ်တော်၏ ကျွန်မသည် နားတော် လျှောက်ရသောအခွင့်ကို ပေးတော်မူပါ။ ၂၅ ကိုယ်တော်၏ ကျွန်မစကားကို နားညောင်းတော်မူပါ။ ထိုအဓမ္မလူ နာဗလကို ကျွန်မသခင် မှတ်တော်မမူပါနှင့်။ သူ၏ အမည်သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ၏အမည်ကား နာဗလ၊ သူ၏ သဘောကား မိုက်ခြင်းဖြစ်သတည်း။ သခင် စေလွှတ်တော်မူသော လုလင်တို့ကို၊ ကိုယ်တော်ကျွန်မသည် မမြင်ရပါ။ ၂၆ ယခုမှာ ကျွန်မသခင်၊ ကိုယ်တော်သည် လူအသက်ကို သတ်ခြင်းငှာ မသွားမည်အကြောင်း၊ ကိုယ်လက်နှင့် ကိုယ်မှုကို စောင့်၍ အပြစ်မပေးမည်အကြောင်း၊ ထာဝရဘုရား ဆီးတားတော်မူသည်ဖြစ်၍၊ ထာဝရဘုရား အသက်တော်၊ ကိုယ်တော် အသက်လည်း ရှင်တော်မူသည်အတိုင်း၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော်၏ ရန်သူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော်။ ၂၇ ယခုမှာ ကိုယ်တော်၏ကျွန်မသည် သခင့်ထံသို့ ဆောင်ခဲ့သော လက်ဆောင်ကို ကျွန်မသခင် နောက်တော်သို့ လိုက်သော လုလင်တို့အား ပေးစေတော်မူပါ။ ၂၈ ကိုယ်တော်၏ ကျွန်မအပြစ်ကို သည်းခံတော်မူပါ။ ကျွန်မသခင်သည် ထာဝရဘုရား ဘက်မှာ စစ်တိုက်သောကြောင့်၎င်း၊ တစ်သက်လုံး ကိုယ်တော်၌ အပြစ်တင်စရာ အခွင့်မရှိသော ကြောင့်၎င်း၊ ထာဝရဘုရားသည် ကျွန်မသခင်အဖို့ ခိုင်ခံ့မြဲမြံသော အိမ်ကို တည်ဆောက် တော်မူလိမ့်မည်။ ၂၉ ကိုယ်တော်၏ အသက်ကို သတ်အံ့သောငှာ လူအချို့တို့သည် ထ၍ရှာသော်လည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကျွန်မသခင်၏ အသက်ကို အသက်ထုပ်၌ နှောင်ဖွဲ့တော်မူလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့ အသက်ကိုမူကား၊ လောက်လွှဲထဲက ပစ်သကဲ့သို့ ပစ်တော်မူလိမ့်မည်။ ၃၀ ထာဝရဘုရား ကတိ ထားတော်မူသည်အတိုင်း၊ ကိုယ်တော်၌ ကျေးဇူးပြု၍ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှာ ခန့်ထားတော်မူသောအခါ၊ ၃၁ ကျွန်မ၏ သခင် ကိုယ်တော်သည် အကြောင်းမရှိဘဲ လူအသက်ကို သတ်မိသောကြောင့်၎င်း၊ ကိုယ်အမှုကို စောင့်၍ အပြစ်ဒဏ် ပေးမိသောကြောင့်၎င်း၊ ကျွန်မ၏ သခင်ကိုယ်တော်သည် စိတ်ညှိုးငယ်ခြင်း၊ ကိုယ်တိုင်ကိုယ် အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော်။ ထာဝရဘုရားသည် ကျွန်မ၏ သခင်၌ ကျေးဇူးပြုတော်မူပြီးမှ၊ ကိုယ်တော်၏ ကျွန်မကို အောက်မေ့တော်မူပါ၊ ဟုလျှောက်လေ၏။
အဘိဂဲလ၏ တောင်းလျှောက်သံကို ဒါဝိဒ်နားထောင်
၃၂ ဒါဝိဒ်ကလည်း၊ ယနေ့ငါနှင့် တွေ့စေခြင်းငှာ၊ သင့်ကို စေလွှတ်တော်မူသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိ တော်မူစေသတည်း။ ၃၃ သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း။ ယနေ့ငါသည် လူအသက်ကို သတ်အံ့သောငှာ၊ မသွားရမည် အကြောင်း၊ ကိုယ်လက်နှင့် ကိုယ်အမှုကိုစောင့်၍ အပြစ်ဒဏ် မပေးရမည်အကြောင်း ဆီးတားသော သင်သည်လည်း မင်္ဂလာရှိစေသတည်း။ ၃၄ အကယ်စင်စစ် သင့်ကို ငါမညှဉ်းဆဲရမည်အကြောင်း၊ ဆီးတားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်း၊ သင်သည် ငါနှင့်တွေ့ခြင်းငှာ အလျင်အမြန် မလာလျှင်၊ အကယ်စင်စစ် နက်ဖြန်မိုးလင်းသောအခါ၊ နာဗလ၏ လူယောက်ျား တစ်စုံတစ်ယောက်ကိုမျှ ငါချန်၍မထား၊ ဟုအဘိဂဲလအား ပြောဆိုလျက်၊ ၃၅ သူဆောင်ခဲ့သော လက်ဆောင်ကိုသူ၏ လက်မှခံယူ၍၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏ စကားကို ငါနားထောင်ပြီ။ သင်၏မျက်နှာကိုလည်း ထောက်၍နေမည်၊ ဟုဆိုလေ၏။
နာဗလသေ
၃၆ အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား၍၊ သူသည် ရှင်ဘုရင်၏ ပွဲကဲ့သို့ ပွဲကို မိမိအိမ်၌ ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွှင်လန်းလျက် နေသောကြောင့်၊ မိုးမလင်းမှီ မယားသည် အလျှင်းမပြော။ ၃၇ မိုးလင်း၍ နာဗလသောက်သော စပျစ်ရည်အရှိန် ကုန်သောအခါ၊ ထိုအမှုများကို မယားပြောသဖြင့် သူသည် နှလုံးသေ၍ ကျောက်ကဲ့သို့ဖြစ်၏။ ၃၈ ဆယ်ရက်လောက်လွန်မှ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။ ၃၉ နာဗလသေကြောင်းကို ဒါဝိဒ်ကြားသောအခါ၊ ငါခံရသော ကဲ့ရဲ့ခြင်းအမှုကို စောင့်၍ နာဗလလက်မှ နှုတ်တော်မူ၍၊ ကိုယ်တော်ကျွန်ကို ဒုစရိုက်နှင့် ကင်းလွတ်စေတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူ စေသတည်း။ ထာဝရဘုရားသည် နာဗလပြုသော ဒုစရိုက်ကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေတော်မူပြီ၊ ဟုဆို၏။ တဖန် လူကိုစေလွှတ်၍ အဘိဂဲလနှင့် လက်ထပ်ခြင်းငှာ နှုတ်ဆက်လေ၏။
ဒါဝိဒ်သည် အဘိဂဲလကို လက်ထပ်
၄၀ ဒါဝိဒ်၏ ကျွန်တို့သည် အဘိဂဲလရှိရာ ကရမေလသို့ ရောက်သောအခါ၊ ဒါဝိဒ်သည် သခင်မနှင့် လက်ထပ်ခြင်းငှာ ကျွန်တော်တို့ကို စေလွှတ်ပါပြီ၊ ဟုပြောဆိုလျှင်၊ ၄၁ အဘိဂဲလသည် ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက်၊ ကျွန်မသည် ကျွန်မသခင်၏ ကျွန်တို့ခြေကို ဆေးသော ကျွန်မိန်းမဖြစ်ပါစေ၊ ဟုဆိုပြီးမှ၊ ၄၂ အလျင်အမြန်ထ၍ မိမိနောက်လိုက် ကျွန်မ ငါးယောက်ပါလျက် မြည်းစီးသဖြင့်၊ ဒါဝိဒ်စေလွှတ်သော လူတို့နှင့်တကွ လိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ်လေ၏။ ၄၃ ဒါဝိဒ်သည် ယေဇရေလမြို့သူ အဟိနောင်ကိုလည်း သိမ်း၍ ထိုမိန်းမ နှစ်ယောက်တို့သည် သူ၏ခင်ပွန်း ဖြစ်ကြ၏။ ၄၄ ရှောလုသည် မိမိသမီးဖြစ်သော ဒါဝိဒ်၏မယား မိခါလကို၊ ဂလ္လိမ်မြို့သားဖြစ်သော လဲရှ၏သား ဖာလတိအား ပေးစားနှင့်ပြီ။