-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၄


ကောဟတ်သားများ တဲတော်တန်ဆာ ထမ်းရန်နည်း

တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊ လေဝိအမျိုး၊ ကောဟတ် အနွယ်သားတို့တွင်၊ အသက်သုံးဆယ် လွန်၍ ငါးဆယ်မမှီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှာ၊ အလုံးအရင်း ဝင်သောသူ အပေါင်းတို့ကို၊ ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူလော့။ အလွန်သန့်ရှင်းသော အရာတို့နှင့် ဆိုင်၍ ပရိသတ် စည်းဝေးရာ တဲတော်၌ ကောဟတ်သားများ စောင့်ရှောက်ရသော အမှု ဟူမူကား၊ တပ်ချီချိန် ရောက်သော အခါ၊ အာရုန်နှင့်သူ၏ သားတို့သည် လာ၍၊ အတွင်း ကုလားကာကို ချပြီးလျှင်၊ သက်သေခံချက် သေတ္တာကို အုပ်ရမည်။ ကုလားကာ အပေါ်မှာ တဟာရှ သားရေနှင့် အုပ်ပြန်၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကို ခင်းပြီးမှ၊ ထမ်းပိုးတို့ကို လျှိုထားရမည်။ ရှေ့တော်မုန့် စားပွဲပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ လင်ပန်း၊ ဇွန်း၊ လောင်းစရာ ဖလားများနှင့်တကွ၊ အမြဲထည့်ရသော မုန့်ကို တင်ပြီးမှ၊ ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တဖန် တဟာရှသားရေနှင့် အုပ်ပြန်၍ ထမ်းပိုးတို့ကို လျှိုထားရမည်။ မီးထွန်းရာမီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာခွက်၊ ဆီအိုးအစရှိသည်တို့ကို ပြာသောအထည်နှင့် အုပ်ပြီးမှ၊ ၁၀ ထိုတန်ဆာ ရှိသမျှတို့ကို၊ တဟာရှသားရေ အိတ်ထဲ၌ သွင်းထား၍၊ ထမ်းပိုးကို တပ်ရမည်။ ၁၁ ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသော အထည်ကို ခင်း၍၊ တဟာရှသားရေနှင့် အုပ်ပြီးလျှင်၊ ထမ်းပိုးတို့ကို လျှိုထားရမည်။ ၁၂ သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည် အိတ်ထဲ၌ သွင်းထား၍၊ တဟာရှသားရေဖြင့် အုပ်ပြီးမှ ထမ်းပိုးကို တပ်ရမည်။ ၁၃ ယဇ်ပလ္လင်မှ ပြာကိုပယ်ရှင်း၍၊ ပလ္လင်ပေါ်မှာ မောင်းသော အထည်ကို ခင်းပြီးလျှင်၊ ၁၄ ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသော လင်ပန်း၊ အမဲသားချိတ်၊ တူရွင်းပြား၊ အင်တုံအစရှိသော၊ ယဇ်ပလ္လင် တန်ဆာရှိသမျှတို့ကို တင်၍ တဟာရှသားရေနှင့် အုပ်ပြီးမှ ထမ်းပိုးတို့ကို လျှိုထားရမည်။ ၁၅ ထိုသို့ တပ်ချီချိန် ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည်၊ သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကို ဖုံးအုပ်သောနောက် ကောဟတ်သားတို့သည် ထမ်းခြင်းငှာ ချဉ်းကပ်ရကြမည်။ သို့ရာတွင် သူတို့သည် သေခြင်းနှင့် လွတ်မည်အကြောင်း သန့်ရှင်းသောအရာကို မကိုင်ရ။ ဤရွေ့ကား ပရိသတ် စည်းဝေးရာ တဲတော်၌ ကောဟတ်သားများ ဆောင်ရွက်သော အမှုပေတည်း။


အာရုန်သားဧလာဇာ၏တာဝန်

၁၆ ယဇ်ပုရောဟိတ် အာရုန်သား ဧလာဇာ၏ အရာနှင့်ဆိုင်သော အမှုဟူမူကား၊ မီးထွန်းစရာဆီ၊ မီးရှို့ရာ နံ့သာပေါင်းမွှေး၊ နေ့ရက်အစဉ်အတိုင်း ဆက်ကပ်ရသော ဘောဇဉ်ပူဇော်သက္ကာ၊ လိမ်းရန်ဆီအစရှိသော တဲတော်နှင့် တဲတော်တန်ဆာ ရှိသမျှတို့ကို၎င်း၊ သန့်ရှင်းရာဌာတော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကို၎င်း ကြည့်ရှုပြုစုရမည်။


ကောဟတ်သားတို့ တာဝန်အဆက်

၁၇ တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊ ၁၈ ကောဟတ် အဆွေအမျိုးအနွယ် သားတို့ကို လေဝိသားစုထဲက မပယ်မဖြတ်နှင့်။ ၁၉ သူတို့သည် အလွန်သန့်ရှင်းသော အရာတို့ကို ချဉ်းကပ်ကြသောအခါ သေဘေးလွတ်၍ အသက်ရှင်မည် အကြောင်း၊ အာရုန်နှင့် သူ၏သားတို့သည် အရင်ဝင်၍၊ လူအသီးအသီး စောင့်ရသောအမှု၊ ထမ်းရသော ဝန်တို့ကို ခွဲခန့်ရမည်။ ၂၀ သို့ရာတွင် သန့်ရှင်းသော အရာတို့ကို ဖုံးအုပ်စဉ်အခါ၊ ကောဟတ်သားတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ အထဲသို့ဝင်၍ မကြည့်ရ၊ ဟုမိန့်တော်မူ၏။


ဂေရရှုန်သားတို့ တာဝန်အဆက်

၂၁ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ၂၂ ဂေရရှုန် အနွယ်သားတို့တွင် အသက် သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ၂၃ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှာ အလုံးအရင်း ဝင်သောသူ အပေါင်းတို့ကို ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။ ၂၄ ဂေရရှုန် အဆွေအမျိုးတို့သည် စောင့်ရသောအမှု၊ ထမ်းရသော ဝန်ဟူမူကား၊ ၂၅ အတွင်းတဲတော် ကုလားကာ၊ ပရိသတ် စည်းဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တဟာရှသားရေ အဖုံး၊ ပရိသတ် စည်းဝေးရာ တဲတော် တံခါးဝ၌ ကာသော ကုလားကာ၊ ၂၆ တဲတော်နှင့် ယဇ်ပလ္လင် ပတ်လည်ဝင်း ကုလားကာ၊ ဝင်းတံခါးဝ၌ ကာသော ကုလားကာ၊ ကြိုးများ အစရှိသည်တို့ကို၎င်း၊ ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာ ရှိသမျှတို့ကို၎င်း၊ ထမ်းရွက်ရကြမည်။ ၂၇ ဂေရရှုန်သားများ အမှုစောင့်လေရာရာ၊ ဝန်ထမ်းလေရာရာ၌၊ အာရုန်နှင့်သူ၏သားတို့ ခွဲခန့်စီရင်သည်အတိုင်း ဆောင်ရွက်ရကြမည်။ ၂၈ ဤရွေ့ကား၊ ပရိသတ် စည်းဝေးရာ တဲတော်၌၊ ဂေရရှုန် အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။ ယဇ်ပုရောဟိတ် အာရုန်၏သား ဣသမာသည် သူတို့ကို အုပ်ရမည်။


မေရာရိသားတို့ တာဝန်အဆက်

၂၉ မေရာရိသား တို့တွင်လည်း၊ အသက်သုံး ဆယ်လွန်၍ ငါးဆယ်မမှီ၊ ၃၀ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှာ၊ အလုံးအရင်း ဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူလော့။ ၃၁ သူတို့သည် ပရိသတ် စည်းဝေးရာ တဲတော်၌ စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊ တဲတော်ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ​ခြေစွပ်၊ ၃၂ ဝင်းတိုင်၊ ​ခြေစွပ်၊ တံသင်၊ ကြိုးများတို့ကို၎င်း၊ ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှ တို့ကို၎င်း၊ ထမ်းရွက်ရကြမည်။ သူတို့ ထမ်းရွက်ရသော တန်ဆာတို့ကို အမည်မှတ်၍ ရေတွက်ရမည်။ ၃၃ ဤရွေ့ကား ယဇ်ပုရောဟိတ် အာရုန်၏သား ဣသမာအုပ်၍၊ ပရိသတ် စည်းဝေးရာ တဲတော်၌ မေရာရိ အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။


ကောဟတ်သား ၂,၇၅၀ ယောက်

၃၄ မောရှေနှင့် အာရုန်အစရှိသော ပရိသတ်သူကြီးတို့သည် ကောဟတ်သားတို့တွင် အသက်သုံးဆယ် လွန်၍ ငါးဆယ်မမှီ၊ ၃၅ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှာ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို၊ ၃၆ ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်းသော လူပေါင်းကား၊ နှစ်ထောင် ခုနစ်ရာ့ ငါးဆယ်ရှိသတည်း။ ၃၇ ဤသူတို့သည် မောရှေ၌ ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ မောရှေနှင့် အာရုန်သည် ရေတွက်၍ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရသော ကောဟတ်အဆွေ အမျိုးသား ပေတည်း။


ဂေရရှုန်သား ၂,၆၃၀ ယောက်

၃၈ ဂေရရှုန်သားတို့တွင် အသက်သုံး ဆယ်လွန်၍ ငါးဆယ်မမှီ၊ ၃၉ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှာ၊ ၄၀ အလုံးအရင်း ဝင်သော သူအပေါင်းတို့ကို၊ ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်းသော လူပေါင်းကား၊ နှစ်ထောင် ​ခြောက်ရာ့ သုံးဆယ်ရှိသတည်း။ ၄၁ ဤသူတို့သည်၊ ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ မောရှေနှင့် အာရုန်သည် ရေတွက်၍ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရသော ဂေရရှုန် အဆွေအမျိုးသား ပေတည်း။


မေရာရိသား ၃,၂၀၀ ယောက်

၄၂ မေရာရိသား တို့တွင် အသက် သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ၄၃ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှာ၊ အလုံးအရင်း ဝင်သောသူ အပေါင်းတို့သည် ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ ၄၄ စာရင်းသွင်းသော သူပေါင်းကား၊ သုံးထောင့်နှစ်ရာ ရှိသတည်း။ ၄၅ ဤသူတို့သည် မောရှေ၌ ထာဝရဘုရား မှာတော်မူသည် အတိုင်း၊ မောရှေနှင့် အာရုန်သည် ရေတွက်သော မေရာရိ အဆွေအမျိုးသား ပေးတည်း။


လေဝိသားအားလုံး ၈,၅၈၀ ယောက်

၄၆ ထိုသို့နှင့်အညီ၊ လေဝိသားတို့တွင် အသက် သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ၄၇ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို စောင့်၍ ဝန်များကို ထမ်းခြင်းငှာ ဝင်သောသူ အပေါင်းတို့ကို ၄၈ ဘိုးဘ အဆွေအမျိုးအလိုက် မောရှေနှင့် အာရုန်အစရှိသော ဣသရေလ သူကြီးတို့သည် ရေတွက်၍ စာရင်းသွင်းသော လူပေါင်းကား၊ ရှစ်ထောင် ငါးရာ့ ရှစ်ဆယ်ရှိသတည်း။ ၄၉ မောရှေ၌ ထာဝရဘုရား ထားတော်မူသော ပညတ်တော်အတိုင်း၊ လူအသီးအသီး စောင့်ရသောအမှု၊ အသီးအသီး ထမ်းရသောဝန်တို့ကို ထောက်၍ မောရှေ ရေတွက်သတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.