-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၁၄


အဲဂုတ္တုပြည်သို့ ပြန်လှည့်ဖို့ ကြံစည်ကြ

ထိုအခါ ပရိသတ် အပေါင်းတို့သည် အသံကိုလွှင့်၍ မြည်တမ်းသဖြင့်၊ တစ်ညလုံး ငိုကြွေးကြ၏။ ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သော စကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌ မသေပါလေ။ ငါတို့သည် ဓားဖြင့်သေ၍ သားမယားတို့သည် ရန်သူလက်သို့ ရောက်စေခြင်းငှာ၊ ထာဝရဘုရားသည် အဘယ်ကြောင့် ငါတို့ကို ဤအရပ်သို့ ဆောင်ခဲ့တော်မူသနည်း။ အဲဂုတ္တုပြည်သို့ ပြန်ကောင်းသည် မဟုတ်လော၊ ဟုမောရှေနှင့် အာရုန်အား ဆိုပြီးမှ၊ တဖန် လူတစ်စုံတစ်ယောက်ကို ချီးမြှောက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကြစို့၊ ဟုတစ်ယောက်ကို တစ်ယောက် ဆိုကြ၏။ မောရှေနှင့် အာရုန်တို့သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက် နေကြ၏။


ယောရှုနှင့်ကာလက်က မကြောက်ဖို့ပြော
CROSS REFERENCES






ခါနာန်ပြည်ကို စူးစမ်းသော လူစုထဲက နုန်၏သားယောရှု၊ ယေဖုန္နာ၏သား ကာလက်တို့သည် မိမိတို့အဝတ်ကို ဆုတ်၍၊ ဣသရေလ အမျိုးသား အပေါင်းတို့အား ခေါ်လျက်၊ ငါတို့လျှောက်သွား၍ စူးစမ်းသောပြည်သည် အလွန်တရာ ကောင်းသော ပြည်ဖြစ်ပါ၏။ ထာဝရဘုရားသည် ငါတို့ကို နှစ်သက်လျှင်၊ နို့နှင့်ပျားရည်စီးသောထိုပြည် [A]သို့ ငါတို့ကို ဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။ ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူ ပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့ စားစရာဖို့ ဖြစ်ကြ၏။ သူတို့၌ အမှီတကဲမရှိ။ ထာဝရဘုရားသည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကို မကြောက်ကြနှင့်၊ ဟုပြောဆိုကြလေသော်။ ၁၀ ပရိသတ်အပေါင်းတို့သည်၊ ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့် ပစ်စေခြင်းငှာ စီရင်ကြ၏။ ထိုအခါ ထာဝရဘုရား၏ ဘုန်းတော်သည်၊ ဣသရေလ အမျိုးသား အပေါင်းတို့ရှေ့မှာ၊ ပရိသတ် စည်းဝေးရာ တဲတော်၌ ထင်ရှားလေ၏။


ထာ၀ရဘုရား အမျက်ထွက်

၁၁ ထာဝရဘုရား ကလည်း၊ ဤလူမျိုးသည် အဘယ်မျှ ကာလပတ်လုံး ငါ့ကို မရိုသေပြုကြ လိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့သမျှသော နိမိတ်လက္ခဏာတို့ကို မြင်ရသော်လည်း၊ အဘယ်မျှ ကာလပတ်လုံး ငါ့ကိုမယုံဘဲ နေကြလိမ့်မည်နည်း။ ၁၂ သူတို့ကို ကာလနာဘေးဖြင့် ငါသည် ဒဏ်ခတ်၍ သား၏အရာကို နှုတ်မည်။ သူတို့ထက် သင့်ကို သာ၍ စည်ပင်သောအမျိုး၊ သာ၍ တန်ခိုးကြီးသော အမျိုး ဖြစ်စေမည်၊ ဟုမောရှေအား မိန့်တော်မူ၏။


မောရှေက ဘုရားထံခွင့်လွှတ်ဖို့ တောင်းလျှောက်ပေး

၁၃ မောရှေကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကို တန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့ အထဲက နှုတ်ဆောင်ခဲ့တော်မူသည် ဖြစ်၍၊ နောက်တဖန် ဤသတင်းကို အဲဂုတ္တုလူတို့သည် ကြားပြန်လျှင်၊ ၁၄ ဤပြည်၌ နေသော သူတို့အား သတင်းပြောကြလိမ့်မည်။ ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုး၌ ရှိတော်မူကြောင်းကို၎င်း၊ ထာဝရဘုရား၊ ကိုယ်တော်သည် ထင်ရှားတော် မူကြောင်းကို၎င်း၊ မိုးတိမ်တော်သည် သူတို့ကို လွှမ်းမိုးကြောင်းကို၎င်း၊ ကိုယ်တော်သည် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ဖြင့် သူတို့ရှေ့က ကြွတော်မူကြောင်းကို၎င်း ကြားရပြီ။ ၁၅ ယခုမှာ၊ ဤလူမျိုးကို လူတစ်ယောက်ကဲ့သို့ မှတ်၍ သုတ်သင် ပယ်ရှင်းတော်မူလျှင်၊ သတင်းတော်ကို ကြားဖူးသော လူအမျိုးမျိုးတို့က၊ ၁၆ ထာဝရဘုရားသည် ထိုလူတို့အား ဤမည်သော ပြည်ကို ငါပေးမည်၊ ဟုကျိန်ဆိုသော်လည်း၊ ထိုပြည်သို့ သူတို့ကို ဆောင်သွင်းခြင်းငှာ မတတ်နိုင်သောကြောင့်၊ တော၌ သုတ်သင်ပယ် ရှင်းပြီ၊ ဟုပြောဆိုကြပါလိမ့်မည်။ ၁၇ ကိုယ်တော်က၊ ထာဝရဘုရားသည် သည်းခံသော သဘော၊ သနားသော သဘောနှင့် ပြည့်စုံတော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း အပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီး သက်သက်ဖြေ လွှတ်တော် မမူထသော၊ လူအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ ၁၈ အဘတို့၏ အပြစ်ကိုသားတို့၌ ဆပ်ပေး စီရင်တော်မူသော ဘုရားသခင်ဖြစ်၏၊ ဟုမိန့်တော်မူသည်အတိုင်း၊ အ​ကျွန်ုပ်တို့၏ ဘုရားရှင် တန်ခိုးတော်သည် ကြီးပါစေသော်။ ၁၉ အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုးတို့၏အပြစ်ကို လွှတ်တော်မူသည် နည်းတူ၊ ကရုဏာတော် များပြားသည်နှင့် အညီ၊ ယခုလွှတ်တော်မူပါ၊ အ​ကျွန်ုပ် တောင်းပန်ပါ၏၊ ဟုထာဝရဘုရားအား လျှောက်ဆိုလျှင်၊


ဘုရားက ခွင့်လွှတ်သော်လည်း ခါနန်ပြည်ဝင်ခွင့်မပေး

၂၀ ထာဝရဘုရားက၊ သင်တောင်းပန်သည် အတိုင်း ငါလွှတ်၏။ ၂၁ ငါအသက်ရှင်သည် ဖြစ်၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် မြေတပြင်လုံး၌ နှံ့ပြားလိမ့်မည်။ ၂၂ ငါ့ဘုန်းတော်ကို၎င်း၊ အဲဂုတ္တုပြည်မှစ၍ ဤတော၌ ထူးဆန်းသော တန်ခိုးတော်ကို၎င်း၊ မြင်ရသော လူအပေါင်းတို့သည်၊ ငါ့စကားကို နားမထောင်၊ ဆယ်ကြိမ်တိုင်အောင် ငါ့ကို စုံစမ်းသောကြောင့်၊ ၂၃ သူတို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသော ပြည်ကို အကယ်စင်စစ် သူတို့သည် မမြင်ရကြ။ ငါ့ကို မရိုမသေ ပြုသောသူ တစ်စုံတစ်ယောက်မျှ မမြင်ရ။ ၂၄ ငါ့​ကျွန် ကာလက်မူကား ထူးခြားသော သဘောရှိ၍၊ ငါ့နောက်သို့ လုံးလုံးလိုက်သောကြောင့်၊ သူသွားခဲ့ပြီးသော ပြည်သို့ သူ့ကို ငါဆောင်သွင်းသဖြင့်၊ သူ၏ သားမြေးတို့သည် အမွေခံရကြလိမ့်မည်။ ၂၅ အာမလက် အမျိုးသားနှင့် ခါနာန်အမျိုးသား တို့သည် ချိုင့်မှာနေကြသည်ဖြစ်၍၊ သင်တို့သည် နက်ဖြန်နေ့၌ လှည့်လည်၍ ပင်လယ်နီ(a) လမ်းဖြင့် တောသို့ သွားကြလော့၊ ဟုမိန့်တော်မူ၏။


ယောရှုနှင့် ကာလက် သာလျှင် ခါနာန်ပြည်ဝင်မည်

၂၆ တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊ ၂၇ ငါ့ကိုအပြစ်တင်၍ မြည်တမ်းသော ဤပရိသတ်ဆိုးတို့ကို အဘယ်မျှ ကာလပတ်လုံး ငါသည် သည်းခံရအံ့နည်း။ ဣသရေလ အမျိုးသားတို့သည် ငါ့ကိုအပြစ်တင်၍ မြည်တမ်းသောစကားကို ငါကြားရပြီ။ ၂၈ သင်သည် သူတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားက၊ ငါအသက်ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ကိုကြားစေခြင်းငှာ ပြောကြသော စကားအတိုင်း သင်တို့ကို ငါပြုမည်။ ၂၉ သင်တို့ကို ရေတွက်၍ စာရင်းယူသည်အတိုင်း၊ အသက် နှစ်ဆယ်လွန်သောသူ၊ ငါ့ကိုအပြစ်တင်၍ မြည်တမ်းသော သူအပေါင်းတို့သည် သေ၍၊ ဤတော၌ အသေကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည်။ ၃၀ ငါသည် ဤမည်သော ပြည်၌ သင်တို့ကို နေရာချမည်၊ ဟုငါကျိန်ဆို၏။ ထိုပြည်သို့ ယေဖုန္နာ၏ သားကာလက်၊ နုန်၏သား ယောရှု မှတပါး အဘယ်သူမျှ မရောက်ရ။ ၃၁ ရန်သူ လုယူရာ ဖြစ်လိမ့်မည်၊ ဟုသင်တို့ဆိုသော သူငယ်တို့ကို ငါဆောင်သွင်း၍ သင်တို့ပယ်သော ပြည်ကို သူတို့သည် သိရကြလိမ့်မည်။ ၃၂ သင်တို့မူကား၊ ဤတော၌ သေ၍ အသေကောင်ဖြစ်လျက် နေရစ်ရကြလိမ့်မည်။ ၃၃ ဤတော၌ သင်တို့ အသေကောင်များ ပျောက်ပျက်သည်တိုင်အောင်၊ ကိုယ်သားသမီးတို့သည် မိဘမှားယွင်းခြင်း အပြစ်များကို ဆောင်၍၊ ဤတော၌ အနှစ် လေးဆယ်ပတ်လုံး လှည့်လည်ရ ကြလိမ့်မည်။ ၃၄ ထိုပြည်ကို စူးစမ်းရာ နေ့ရက်ပေါင်း အရက်လေးဆယ်နှင့် အညီ၊ တစ်ရက်ကို တစ်နှစ်ထား၍ [B] အနှစ် လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကို ဆောင်လျက်၊ ငါစွန့်ပြစ်ခြင်းကို သိရကြလိမ့်မည်။ ၃၅ အကယ်စင်စစ် ငါ့တဘက်၌ စည်းဝေးသော ဤပရိသတ်ဆိုး အပေါင်းတို့ကို ထိုသို့ငါပြု၍ သူတို့သည် ဤတော၌ သေကျေ ပျောက်ပျက် ကြလိမ့်မည်၊ ဟုငါထာဝရဘုရား မိန့်တော်မူ၏။


ခါနာန်ပြည်စူးစမ်းသောသူတို့ သေကြ

၃၆ မောရှေ စေလွှတ်သော အခွင့်နှင့် ခါနာန်ပြည်ကို စူးစမ်း၍ ပြန်လာသောအခါ၊ ထိုပြည်ကို ကဲ့ရဲ့သဖြင့် ပရိသတ်အပေါင်း မြည်တမ်းစေခြင်းငှာ တိုက်တွန်းသောသူ၊ ၃၇ ခါနာန်ပြည်ကို မကောင်းသော သတင်းကြား ပြောသောသူတို့သည်၊ ထာဝရဘုရား ရှေ့တော်၌ ကာလနာဘေးနှင့် သေကြလေ၏။ ၃၈ ထိုပြည်ကို စူးစမ်း၍ သွားသော လူတို့တွင် နုန်၏သား ယောရှုနှင့် ယေဖုန္နာ၏သား ကာလက်တို့သာ အသက်ချမ်းသာရကြ၏။ ၃၉ မောရှေသည် ဣသရေလ အမျိုးသား အပေါင်းတို့အား စကားတော်များကို ဆင့်ဆိုသောအခါ၊ လူများတို့သည် အလွန်ညည်းတွားလျက် နေကြ၏။


ဘုရားမပါ နားမထောင်ဘဲ သွားကြ
CROSS REFERENCES






၄၀ နံနက် စောစောထ၍ တောင်ထိပ်ပေါ်သို့ တက်ပြီးလျှင်၊ ငါတို့သည် ပြစ်မှားပြီ။ သို့သော်လည်း ယခုအသင့်ရှိပါ၏။ ထာဝရဘုရား ကတိထားတော် မူသောပြည်သို့ သွားပါမည်၊ ဟုဆိုကြသော်၊ ၄၁ မောရှေက၊ ထာဝရဘုရား၏ အမိန့်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့ အကြံ မထမြောက်ရ။ ၄၂ မသွားကြနှင့်၊ ထာဝရဘုရားသည် သင်တို့ဘက်၌ ရှိတော်မမူ။ [C] သွားလျှင် ရန်သူရှေ့မှာ ရှုံးရကြလိမ့်မည်။ ၄၃ အာမလက် အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် သင်တို့ မရောက်မှီ ရောက်နှင့်သည် ဖြစ်၍၊ သင်တို့သည် ဓားဖြင့် ဆုံးကြလိမ့်မည်။ ထာဝရဘုရား ထံတော်မှ လွှဲသွားသောကြောင့်၊ ထာဝရဘုရားသည် သင်တို့ဘက်၌ နေတော်မမူ၊ ဟုဆိုသော်လည်း၊ ၄၄ သူတို့သည် ခိုင်ခံ့သောစိတ်နှင့် တောင်ထိပ်ထက်သို့ တဖန် တက်ကြ၏။ သို့ရာတွင်၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်နှင့် တကွ၊ မောရှေသည် တပ်ပြင်သို့ မထွက်မသွားဘဲ နေလေ၏။ ၄၅ ထိုအခါ တောင်ပေါ်မှာရှိသော အာမလက် အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ဆင်းလာလျက်၊ ဣသရေလ အမျိုးသားတို့ကို တိုက်၍အောင်ဖြင့်၊ ဟောမာမြို့ တိုင်အောင်လိုက် ကြလေ၏။

_________________________
Footnotes


၂၅ (a) မြန်မာကျမ်းစာအုပ်၌ "ဧဒုံပင်လယ်" ဟုရေးထားသည်။ မူရင်းဟေဗြဲကျမ်း၌ ס֖וּף יַם־ "ပင်လယ်နီ" ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.