တောလည်ရာကျမ်း
အခန်းကြီး ၁၇
အာရုန် လှံတံအရွက်ထွက်ခြင်းဖြင့် သူ့အားဘိသိက်
၁ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ၂ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုပြီးမှ၊ ဘိုးဘ အဆွေအမျိုး အလိုက် ဣသရေလ ဆယ့်နှစ်မျိုး၌ မင်းပြုသောသူ အသီးအသီးပေးရသော လှံတံ ဆယ့်နှစ်ချောင်းတို့ကို ယူ၍၊ လူတိုင်း အမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့။ ၃ လေဝိအမျိုး၏ လှံတံပေါ်မှာ အာရုန်အမည်ကို ရေးထားလော့။ ဘိုးဘ အဆွေအမျိုးသူကြီးတစ်ဦးလျှင် လှံတံတစ်ချောင်းစီ ရှိရမည်။ ၄ ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာအရပ်၊ ပရိသတ် စည်းဝေးရာ တဲတော် အတွင်း၊ သက်သေခံချက် ရှေ့မှာ တင်ထားလော့။ ၅ ငါရွေးကောက်သောသူ၏ လှံတံသည် အပွင့်ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလ အမျိုးသားတို့သည် သင်၌ အပြစ်တင်၍ မြည်တမ်းခြင်းကို နောက်တဖန် ငါနားမငြီးရာ၊ ဟုမိန့်တော်မူသည်အတိုင်း၊ ၆ မောရှေသည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘ အဆွေအမျိုးအလိုက်၊ မင်းတစ်ဦးလျှင် လှံတံတစ်ချောင်းစီ လှံတံ ဆယ့်နှစ်ချောင်းတို့ကို ပေးကြ၏။ အာရုန်၏ လှံတံသည် လှံတံများ၌ ပါသတည်း။ ၇ မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက် တဲတော်အတွင်း၊ ထာဝရဘုရား ရှေ့တော်၌ တင်ထားလေ၏။ ၈ နက်ဖြန်နေ့၌ သက်သေခံချက် တဲတော်အတွင်းသို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့် ဆိုင်သော အာရုန်၏ လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လျက်၊ ဗာတံသီးကို သီးလျက်ရှိ၏။ ၉ မောရှေသည် လှံတံရှိသမျှတို့ကို ထာဝရဘုရား ထံတော်က ဣသရေလ အမျိုးသားတို့ရှေ့သို့ ထုတ်ဆောင်သဖြင့်၊ သူတို့သည် ကြည့်ရှု၍၊ လူတိုင်း မိမိလှံတံကို ယူပြန်လေ၏။ ၁၀ ထာဝရဘုရား ကလည်း၊ ပုန်ကန်သောသူတို့ တဘက်၌ သက်သေဖြစ်စေခြင်းငှာ၊ အာရုန်၏လှံတံကို သက်သေခံချက်ရှေ့၌ ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ သူတို့ အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာ၊ ဟု၁၁ မောရှေအား မှာထားတော်မူသည် အတိုင်း၊ မောရှေသည် ပြုလေ၏။ ၁၂ ဣသရေလ အမျိုးသား တို့ကလည်း၊ အကျွန်ုပ်တို့သည် သေကြေ ပျက်စီးကြပါ၏။ တစ်ယောက်မျှ မကြွင်း ပျက်စီးရကြပါ၏။ ၁၃ ထာဝရဘုရား၏ တဲတော်ကို ချဉ်းကပ်သောသူတိုင်း သေပါလိမ့်မည်။ အကျွန်ုပ်တို့ရှိသမျှသည် သေဘေးသင့်၍ ဆုံးရှုံးခြင်းသို့ ရောက်ရကြပါဦး မည်လော၊ ဟုမောရှေအား လျှောက်ဆိုကြ၏။