တောလည်ရာကျမ်း
အခန်းကြီး ၃၀
ယောက်ျားသစ္စာဂတိပြုလျှင်
၁ တဖန် ထာဝရဘုရား မိန့်တော်မူသော စကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုးနွယ်တို့၌ မင်းဖြစ်သော သူတို့အား ဆင့်ဆိုသည်ကား၊ ၂ လူယောက်ျားသည် ထာဝရဘုရားအား သစ္စာဂတိပြုသော်၎င်း၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်၍ ကျိန်ဆိုခြင်း ပြုသော်၎င်း၊ မိမိပြောသော စကားကို မဖျက်ဘဲ၊ မိမိနှုတ်ထွက် ရှိသည်အတိုင်း ပြုရမည်။
သမီးပြုသော သစ္စာဂတိ အဘဖျက်နိုင်
၃ မိန်းမသည် အဘအိမ်၌ အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာဂတိ ပြုသော်၎င်း၊ ကိုယ်၌ကိုယ် ချည်နှောင်သော်၎င်း၊ ၄ ထိုသစ္စာစကား၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင်သော စကားကို၊ အဘသည် ကြားလျက် တိတ်ဆိတ်စွာ နေလျှင် ထိုသစ္စာစကား ရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကား ဟူသမျှတို့သည် တည်ရကြမည်။ ၅ သို့မဟုတ် အဘသည် ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကား မည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကားမည်မျှ မတည်ရ။ အဘမြစ်တားသောကြောင့်၊ ထာဝရဘုရား လွှတ်တော်မူမည်။
မိန်းမပြုသော ဂတိသစ္စာကို ယောက်ျားဖျက်နိုင်
၆ မိန်းမသည် လင်ရှိလျက် သစ္စာဂတိပြု၍၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းငှာ နှုတ်မြွက်သောအခါ၊ ၇ လင်သည် ကြားလျှင် သော်၎င်း၊ ကြားသောနေ့၌ တိတ်ဆိတ်စွာ နေလျှင်၎င်း၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကားတည်ရမည်။ ၈ သို့မဟုတ် လင်သည် ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကားကို လင်သည် ပယ်၍၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
လင်သေသော မိန်းမဂတိသစ္စာပြုလျှင်
၉ လင်သေသောမိန်းမ၊ လင်နှင့်ကွာသော မိန်းမသည်၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော သစ္စာဂတိ အလုံးစုံတို့သည် တည်ရကြမည်။
လင်ရှိသော မိန်းမဂတိသစ္စာပြုလျှင်
၁၀ လင်အိမ်၌ ရှိစဉ်အခါ၊ သစ္စာဂတိပြုသော်၎င်း၊ ကျိန်ဆိုခြင်းအားဖြင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော်၎င်း၊ ၁၁ လင်သည် ကြားသော်လည်း မမြစ်တား တိတ်ဆိတ်စွာ နေလျှင်၊ ထိုသစ္စာဂတိ ရှိသမျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်း ရှိသမျှတို့သည် တည်ရကြမည်။ ၁၂ သို့မဟုတ် လင်သည် ကြားသောနေ့၌ ရှင်းရှင်းပယ်ဖူးလျှင်၊ သစ္စာဂတိနှင့်၎င်း၊ စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းနှင့်၎င်း၊ ဆိုင်သော စကားမည်မျှ မတည်ရ။ လင်သည် ပယ်သောကြောင့်၊ ထာဝရဘုရားသည် လွှတ်တော်မူမည်။
လင်နှင့်ဖခင်တည် စေဖျက်နိုင်သောအခွင့်
၁၃ ခပ်သိမ်းသော သစ္စာဂတိ၊ ခြိုးခြံစွာ ကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင် ကျိန်ဆိုခြင်းတို့ကို၊ လင်သည် တည်စေပိုင်သော အခွင့်၊ ပယ်ပိုင်သော အခွင့်ရှိ၏။ ၁၄ လင်သည် တစ်နေ့ထက် တစ်နေ့ တိတ်ဆိတ်စွာ နေလျှင်၊ မယားပြုသော သစ္စာဂတိ ရှိသမျှတို့နှင့် မယား၌ ချည်နှောင်ခြင်း ရှိသမျှတို့ကို တည်စေ၏။ ကြားသောနေ့၌ တိတ်ဆိတ်စွာ နေသောကြောင့် တည်စေပြီ။ ၁၅ ထိုစကားကို ကြားသောနေ့ နောက်မှ၊ လင်သည် ပယ်ရှင်းသောငှာ ပြုလျှင် မယားအပြစ်ကို ကိုယ်တိုင်ခံရမည်။ ၁၆ ဤရွေ့ကား၊ မယားနှင့် လင်စပ်ကြား၌၎င်း၊ အဘအိမ်မှာ အသက်နုငယ်သော သမီးနှင့် အဘ စပ်ကြား၌၎င်း၊ မောရှေအားဖြင့် ထာဝရဘုရား ထားတော်မူသော ပညတ်တရား ဖြစ်သတည်း။