-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၂၃


ဗာလမ်ယဇ်ပူဇော်၍ ထာ၀ရဘုရားကို တွေ့

ထိုအခါ ဗာလမ်က၊ ဤအရပ်၌ ငါ့အဖို့ ယဇ်ပလ္လင် ခုနစ်ခုကို တည်လော့။ နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကို ပြင်ဆင်လော့၊ ဟုဗာလက်မင်းအား ဆိုသည်အတိုင်း၊ ဗာလက်မင်းသည် ပြုပြီးလျှင်၊ ထိုသူနှစ်ပါးတို့သည် ယဇ်ပလ္လင် တခုခုပေါ်မှာ နွားတစ်ကောင်စီနှင့် သိုးတစ်ကောင်စီကို ပူဇော်ကြ၏။ ဗာလမ်ကလည်း မင်းကြီး ပူဇော်သော မီးရှို့ရာ ယဇ်နားမှာ ရပ်လော့။ ငါသည် အခြားတစ်ပါးသို့ သွားပါမည်။ ထာဝရဘုရားသည် င့ါကိုကြိုဆိုခြင်းငှာ ကြွလာကောင်း ကြွလာတော် မူလိမ့်မည်။ ငါ့အား ပြတော်မူသမျှကို မင်းကြီးအား ငါကြားပြောပါမည်၊ ဟုဗာလက်မင်းအား ဆိုပြီးမှ ကုန်းတခုပေါ်သို့ တက်သွား၏။ ဘုရားသခင်သည် ဗာလမ်ကို ကြိုဆိုတော်မူလျှင်၊ ဗာလမ်က ကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကို ပြင်ဆင်၍ ပလ္လင်တခုခု အပေါ်မှာ နွားထီးတစ်ကောင်စီနှင့် သိုးထီးတစ်ကောင်စီကို ပူဇော်ပါပြီ၊ ဟုလျှောက်လေ၏။ ထာဝရဘုရားသည် ဗာလမ်နှုတ်၌ စကားကို ထားလျက်၊ သင်သည် ဗာလက်မင်း ထံသို့ပြန်၍ ဤသို့ပြောလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘ မှူးမတ်အပေါင်းတို့နှင့် တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာ ရပ်နေ၏။


ဗာလမ်သည် ဣသရေလအမျိုးကို မကျိန်ဆဲနိုင်

ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆိုသည်ကား၊ မောဘရှင်ဘုရင် ဗာလက်က၊ လာပါ။ ငါ့အဖို့ ယာကုပ်အမျိုးကို ကျိန်ဆဲပါ။ လာပါ။ ဣသရေလ အမျိုးကို ပျက်စီးခြင်းသို့ အပ်လိုက်ပါ၊ ဟုခေါ်၍ ငါ့ကိုအာရံပြည် အရှေ့တောင်ရိုးမှ ဆောင်ခဲ့ပြီ။ ဘုရားသခင်က ကျိန်ဆဲတော် မမူသောသူကို အဘယ်သို့ ငါကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်သည် ပျက်စီးခြင်းသို့ အပ်တော် မမူသောသူကို အဘယ်သို့ ငါအပ်နိုင်မည်နည်း။ ကျောက်ပေါ်က သူ့ကို ငါမြင်၏။ တောင်ပေါ်က သူ့ကို ငါကြည့်ရှု၏။ ထိုလူမျိုးသည် တမျိုးတည်း နေ၍ အခြားတစ်ပါးသော လူမျိုးတို့နှင့် မရောနှောရ။ ၁၀ ယာကုပ်အမျိုး မြေမှုန့်ကို အဘယ်သူ ရေတွက်နိုင်သနည်း။ ဣသရေလ အမျိုးလေးစု တစ်စုကိုမျှ အဘယ်သူ ရေတွက်နိုင်သနည်း။ ​ဖြောင့်မတ်သောသူ သေသကဲ့သို့ ငါသေပါစေသော်။ ငါ့အဆုံးသည် သူ၏အဆုံးကဲ့သို့ ဖြစ်ပါစေသော်၊ ဟုမြွက်ဆို၏။


ဗာလက်မင်းက ဗာလမ်ကို အခြားနေရာသို့ခေါ်

၁၁ ဗာလက်မင်းကလည်း၊ သင်သည် ငါ၌ အဘယ်သို့ပြုသနည်း။ ငါ၏ ရန်သူတို့ကို ကျိန်ဆဲစေခြင်းငှာ သင့်ကို ငါခေါ်ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံး ကောင်းကြီး ပေးလေပြီတကား၊ ဟုဗာလမ်အားဆိုလျှင်၊ ၁၂ ဗာလမ်က၊ ထာဝရဘုရားသည် ငါ့နှုတ်၌ ထားတော်မူသော စကားကို ပြောရအောင် ငါ သတိ မပြုရသလော၊ ဟုပြန်ဆို၏။ ၁၃ ဗာလက်မင်းကလည်း၊ ဣသရေလ အမျိုးသား အပေါင်းတို့ကို တပြိုင်နက် မမြင်ရဘဲ တစ်ပိုင်းကိုမျှသာ ကြည့်မြင်ရာ၊ အခြားသော အရပ်သို့ ငါနှင့်အတူ လိုက်ပါလော့။ ထိုအရပ်၌ သူတို့ကို ငါ့အဖို့ ကျိန်ဆဲပါ၊ ဟုဆိုလျက်၊ ၁၄ ပိသဂါတောင်ပေါ်၊ ဇောဖိမ်လယ်ပြင်သို့ ဆောင်သွား၍ ယဇ်ပလ္လင်ခုနစ်ခုကို တည်ပြီးမှ၊ ပလ္လင်တခု တခုအပေါ်မှာ နွားတစ်ကောင်စီနှင့် သိုးတစ်ကောင်စီကို ပူဇော်လေ၏။ ၁၅ ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ရာယဇ် နားမှာရပ်လော့။ ငါသည် ထာဝရဘုရားကို ခရီး ဦးကြိုပြုခြင်းငှာ အခြားတစ်ပါးသို့ သွားပါမည်၊ ဟုဗာလက်မင်းအား ဆို၏။


ဗာလမ် ကဣသရေလအမျိုးကို ဘုရားက ကောင်းကြီးပေးဟုဆို
CROSS REFERENCES






၁၆ ထာဝရဘုရားသည် ဗာလမ်ကို ကြိုဆို၍ သူ၏နှုတ်၌ စကားကို ထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ ပြန်၍ ဤသို့ပြောလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ ၁၇ ဗာလမ်ပြန်သောအခါ၊ ဗာလက်မင်းသည် မောဘ မှူးမတ်တို့နှင့်တကွ၊ မိမိပူဇော်သော မီးရှို့ရာယဇ်နားမှာ ရပ်နေလျက်၊ ထာဝရဘုရားသည် အဘယ်သို့ မိန့်တော်မူသနည်း၊ ဟုမေးလေ၏။ ၁၈ ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆိုသည်ကား၊ အိုဇိဖော်သား ဗာလက်မင်း၊ ထလော့။ ငါ့စကားကို စေ့စေ့ နားထောင်လော့။ ၁၉ ဘုရားသခင်သည် မုသာစကားကို ပြောအံ့သောငှာ လူဖြစ်တော်မူသည် မဟုတ်။ [A] နောင်တရအံ့သောငှာ လူသားဖြစ်တော်မူသည်မဟုတ်။ မိန့်တော်မူပြီးမှ၊ စကားတော်အတိုင်း မပြုဘဲ နေတော်မူမည်လော။ ဂတိထားတော်မူပြီးမှ၊ ဂတိတော် မတည်ဘဲ နေတော်မူမည်လော။ ၂၀ ကောင်းကြီး ပေးရမည်အကြောင်း အမိန့်တော်ကို ငါခံရပြီ။ ဘုရားသခင်က ကောင်းကြီး ပေးတော်မူပြီ။ ထိုကောင်းကြီးကို ငါမဖျက်နိုင်။ ၂၁ ယာကုပ် အမျိုးကို ညှဉ်းဆဲသောအမှု၊ ဣသရေလ အမျိုးတဘက်၌ ပြုသော နှောင့်ယှက်ခြင်းအမှုကို ဘုရားသခင်သည် ကြည့်ရှု၍ နေတော်မမူ။ သူတို့ဘုရားသခင် ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။ ရှင်ဘုရင် ကြွေးကြော်ခြင်း အသံကို သူတို့တွင် ကြားရ၏။ ၂၂ ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့အား ကြီးသကဲ့သို့ အားကြီး၏။ ၂၃ အကယ်စင်စစ် ယာကုပ်အမျိုးကို ထူးဆန်းသော အတတ်အားဖြင့် မနိုင်ရာ။ ဣသရေလ အမျိုးကို အဘယ်သူမျှ မပြုစားရာ။ ဘုရားသခင်သည် အဘယ်သို့ ပြုတော်မူပြီတကား၊ ဟုယခုကာလကို ထောက်၍ ယာကုပ်အမျိုး၊ ဣသရေလ အမျိုးကို ရည်ဆောင်လျက် ဆိုလေ့ရှိလိမ့်မည်။ ၂၄ ဤလူမျိုးသည် ခြင်္သေ့ကဲ့သို့ ထလိမ့်မည်။ ခြင်္သေ့ပျိုကဲ့သို့ ထလိမ့်မည်။ ဖမ်းမိသော အကောင်ကို မစားမှီ၊ သတ်အံ့သော တိရစ္ဆာန် အသွေးကို မသောက်မှီ တိုင်အောင် ငြိမ်ဝပ်စွာမနေ၊ ဟုမြွက်ဆို၏။


ဗာလမ်ကို အခြားအရပ်သို့ ခေါ်သွား

၂၅ ဗာလက်မင်းကလည်း၊ သူတို့ကို အလျှင်း မကျိန်ဆဲပါနှင့်။ ကောင်းကြီးကိုလည်း အလျှင်း မပေးပါနှင့်၊ ဟုဗာလမ်အားဆိုလျှင်၊ ၂၆ ဗာလမ်က၊ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း ငါပြုရပါမည်၊ ဟုမင်းကြီးအား အရင်ပြောနှင့်ပြီ မဟုတ်လော၊ ဟုဗာလက်မင်းအား ပြန်ပြော၏။ ၂၇ တဖန် ဗာလက်မင်းက၊ လာပါတော့။ အခြားသော အရပ်သို့ ဆောင်သွားပါမည်။ ထိုအရပ်၌ သူတို့ကို ငါ့အဖို့ ကျိန်ဆဲစေခြင်းငှာ ဘုရားသခင် အလိုတော်ရှိ ကောင်းရှိတော်မူလိမ့်မည်၊ ဟုဗာလမ်အားဆိုလျက်၊ ၂၈ ယေရှိမုန်မြို့ကို မျက်နှာပြုသော ပေဂုရတောင်ထိပ်သို့ ဆောင်သွားလေ၏။ ၂၉ ဗာလမ်ကလည်း၊ ဤအရပ်၌ ငါ့အဖို့ ယဇ်ပလ္လင် ခုနစ်ခုကို တည်လော့။ နွားထီး ခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်တို့ကို ပြင်ဆင်လော့၊ ဟုဗာလက်မင်းအား ဆိုသည်အတိုင်း၊ ၃၀ ဗာလက်မင်းသည် ပြု၍၊ ယဇ်ပလ္လင် တခုတခုအပေါ်မှာ နွားတစ်ကောင်စီနှင့် သိုးတစ်ကောင်စီကို ပူဇော်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.