-
AA
+
🡀
|
🡂
တောလည်ရာကျမ်း
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တောလည်ရာကျမ်း
အခန်းကြီး ၁၀

တံပိုးမှုတ်သည့်အတိုင်း စည်းဝေးစစ်ချီ

တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ သင်သည် ပရိသတ် စည်းဝေးစေခြင်းငှာ၎င်း၊ တပ်တို့ကို ချီစေခြင်းငှာ၎င်း၊ မှုတ်ရသော ငွေတံပိုးနှစ်လုံးကို၊ တလုံးလျှင် ငွေတစ်တုံးစီဖြင့် မဆက်ဘဲ လုပ်ရမည်။ တံပိုးမှုတ်သောအခါ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ် စည်းဝေးရာ တဲတော်တံခါးရှေ့၊ သင့်ထံ၌ စည်းဝေးရကြမည်။ တံပိုးတလုံးတည်းကို မှုတ်လျှင်၊ ဣသရေလအမျိုး၌ လူတစ်ထောင်အုပ်သော မင်းတို့သည် သင့်ထံ၌ စည်းဝေးရကြမည်။ နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အရှေ့တပ်တို့သည် ချီသွားရကြမည်။ ဒုတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ တောင်တပ်တို့သည် ချီသွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်း ချီသွားစေခြင်းငှာ နှိုးဆော်သံနှင့် မှုတ်ရမည်။ ပရိသတ် စည်းဝေးစေခြင်းငှာ နှိုးဆော်သံကို မပြုဘဲ တံပိုးမှုတ်ရမည်။ အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။ သင်တို့သည် ကိုယ်ပြည်၌ နေသောအခါ၊ တိုက်လာသော ရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုးမှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို အောက်မေ့၍၊ ရန်သူလက်မှ ကယ်တင်တော်မူမည်။ ၁၀ သင်တို့သည် ရွှင်လန်းခြင်းကို ပြုသောနေ့၊ ပွဲသဘင်နေ့၊ လဆန်းနေ့တို့၌ သင်တို့ဘုရားသခင် အောက်မေ့တော်မူဖို့ရာ၊ သင်တို့မီးရှို့ရာယဇ်၊ မိဿဟာယယဇ် ပူဇော်သက္ကာများ အပေါ်မှာ တံပိုးမှုတ်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်၊ ဟုမိန့်တော်မူ၏။


သိနာတောင်မှ အစဉ်အတိုင်း ချီသွားကြ

၁၁ ဒုတိယနှစ်၊ ဒုတိယလ အရက် နှစ်ဆယ်မြောက်သော နေ့ရက်၌၊ မိုးတိမ်သည် သက်သေခံချက် တဲတော်မှ ကွာမြောက်သည် ဖြစ်၍၊ ၁၂ ဣသရေလ အမျိုးသားတို့သည် သိနာတောင်မှ ခရီးသွားကြ၏။ နောက်တဖန် မိုးတိမ်သည် ပါရန်တော၌ တည်နေ၏။ ၁၃ ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ပထမခရီးသွားခြင်းကို ပြုကြ၏။ ၁၄ ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာ ချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သား နာရှုန်အုပ်ရ၏။ ၁၅ ဣသခါတပ်ကို၊ ဇုအာသား နာသနေလအုပ်ရ၏။ ၁၆ ဇာဗုလုန်တပ်ကို၊ ဟေလုန်သား ဧလျာဘအုပ်ရ၏။ ၁၇ တဲတော်ကို ဖြုတ်ချ၍၊ ဂေရရှုန်သား၊ မေရာရိသားတို့သည် တဲတော်ကို ထမ်းလျက် ချီသွားကြ၏။ ၁၈ ရုဗင်တပ် အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ရုဗင်တပ်ကို ရှေဒုရသား ဧလိဇုရအုပ်ရ၏။ ၁၉ ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသား ရှေလုမျေလ အုပ်ရ၏။ ၂၀ ဂဒ်တပ်ကို ဒွေလသား ဧလျာသပ် အုပ်ရ၏။ ၂၁ ကောဟတ်သားတို့သည် သန့်ရှင်းရာဌာန တန်ဆာတို့ကို ထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မှီ အရင်သွားသော သူတို့သည် တဲတော်ကို ထူထောင်ရကြ၏။ ၂၂ ဧဖရိမ်တပ် အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဧဖရိမ်တပ်ကို အမိဟုဒ်သား ဧလိရှမာ အုပ်ရ၏။ ၂၃ မနာရှေတပ်ကို ပေဒါဇုရသား ဂါမလျေလ အုပ်ရ၏။ ၂၄ ဗင်္ယာမိန်တပ်ကို ဂိဒေါနိသား အဘိဒန် အုပ်ရ၏။ ၂၅ နောက်ဆုံးတပ် တည်းဟူသော ဒန်တပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဒန်တပ်ကို အမိရှဒ္ဒဲသား အဟဇော အုပ်ရ၏။ ၂၆ အာရှာတပ်ကို ဩကရန်သား ပါဂျေလအုပ်ရ၏။ ၂၇ နဿလိတပ်ကို ဧနန်သား အဟိရ အုပ်ရ၏။ ၂၈ ထိုသို့ ဣသရေလ အမျိုးသားတို့သည် ချီသွားသောအခါ၊ တပ်များအစဉ်အတိုင်း ချီ၍ ခရီးသွားကြ၏။


မောရှေကယောက္ခမ လိုက်ဖို့ခေါ်

၂၉ မောရှေကလည်း၊ ထာဝရဘုရား၏ ဂတိတော်အတိုင်း ငါတို့အား ပေးတော်မူမည် အရပ်သို့ ငါတို့သည် ယခုခရီးသွားကြ၏။ ငါတို့နှင့်အတူ လိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ကတိရှိပါ၏၊ ဟုမိမိယောက္ခမ မိဒျန်အမျိုး၊ ရွေလသား ဟောဗပ်အားဆိုလျှင်၊ ၃၀ ဟောဗပ်က ငါမလိုက်မသွားပါ၊ ငါ့နေရင်းပြည်၊ ငါ့အဆွေ အမျိုးရှိရာသို့ ပြန်သွားပါမည်၊ ဟုမောရှေအားဆို၏။ ၃၁ မောရှေကလည်း၊ ငါတို့ကို စွန့်ပစ်၍ မသွားပါနှင့်။ သင်သိသည်အတိုင်း ငါတို့သည် တော၌ စခန်းချရမည်။ သင်သည် ငါတို့မျက်စိ ဖြစ်ရပါ၏။ ၃၂ ငါတို့နှင့်အတူ လိုက်လျှင် ထာဝရဘုရား ပြုတော်မူသော ကျေးဇူးတော်ကို ငါတို့သည် ခံရသည်အတိုင်း၊ သင်၌ ကျေးဇူးပြုပါမည်၊ ဟုဆိုလေ၏။


ပဋိညာဉ်သေတ္တာတော်က ဦးဆောင်

၃၃ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှ ထွက်၍၊ သုံးရက်ကွာသော ခရီးကို သွားကြ၏။ ထိုသုံးရက်ကွာသော ခရီးကိုသွားကြစဉ်၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာသည် သူတို့အဖို့ စခန်းချရာ အရပ်ကိုရှာ၍ သူတို့ရှေ့က သွားလေ၏။ ၃၄ သူတို့သည် နေ့အချိန်၌ တပ်ချီ၍ သွားသောအခါ၊ ထာဝရဘုရား၏ မိုးတိမ်သည် သူတို့အပေါ်မှာ ရှိလေ၏။ ၃၅ သေတ္တာတော် သွားသောအခါ၊ မောရှေက၊ အိုထာဝရဘုရား၊ ထတော်မူပါ၊ ကိုယ်တော်၏ ရန်သူတို့သည် လွင့်ကြပါစေသော်။ ကိုယ်တော်ကို မုန်းသောသူတို့သည် ရှေ့တော်မှ ပြေးကြပါစေသော် ဟူ၍၎င်း၊ ၃၆ သေတ္တာတော် မသွားဘဲ ရပ်နေသောအခါ၊ အိုထာဝရဘုရား၊ ဣသရေလ အမျိုးသား အထောင်အသောင်း ရှိရာသို့ ပြန်လာတော်မူပါ ဟူ၍၎င်း လျှောက်ဆိုလေ့ရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.