တောလည်ရာကျမ်း
အခန်းကြီး ၁၂
မောရှေကို အကိုအာရုန်နှင့် အမမိရိအံက မနာလို
၁ မောရှေသည် ဣရှအမျိုးသား မိန်းမနှင့် စုံဘက်သည်ဖြစ်၍၊ ထိုမိန်းမကြောင့် မိရိအံနှင့် အာရုန်သည် မောရှေကို အပြစ်တင်လျက်၊
၂ အကယ်၍ ထာဝရဘုရားသည် မောရှေအားဖြင့်သာ စကားပြော
(a) [A]တော်မူသလော။ ငါတို့အားဖြင့်လည်း ပြောတော်မမူလော၊ ဟုဆိုကြ၏။ ထိုစကားကို ထာဝရဘုရား ကြားတော်မူ၏။
၃ မောရှေသည် မြေကြီးပေါ်မှာ ရှိနေသော သူအပေါင်းတို့ထက် သာ၍ နူးညံ့သိမ်မွေ့သော သဘောရှိ၏။
၄ ထာဝရဘုရား ကလည်း၊ သင်တို့ သုံးယောက်သည် ပရိသတ် စည်းဝေးရာ တဲတော်သို့ ထွက်သွားကြလော့၊ ဟုမောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ခြင်း မိန့်တော်မူ၍ သူတို့သည် ထွက်သွားကြ၏။
၅ ထာဝရဘုရားသည် မိုးတိမ်တိုင်ဖြင့် ဆင်းသက်၍၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ်လျက်၊ အာရုန်နှင့် မိရိအံကို ခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏၊
၆ ထာဝရဘုရား ကလည်း၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသော ရူပါရုံအားဖြင့် ကိုယ်ကိုပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။
၇ အိမ်တော် တစ်အိမ်လုံး၌ သစ္စာစောင့်သော ငါ့ကျွန် မောရှေသည် ထိုသို့မဟုတ်။
၈ သူ၌ ဗျာဒိတ်ပေးသောအခါ၊ နက်နဲသော စကားအားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကျ ထင်ရှားစွာ ဗျာဒိတ်ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဍာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ်ကြောင့် အပြစ်တင်ဝံ့သနည်း၊ ဟုမိန့်တော်မူလျက်၊
၉ အမျက်တော်ထွက်၍ ထာဝရဘုရား ကြွသွားတော်မူသဖြင့်၊
မိရိအံနူ၍ တပ်ပြင်မှာ နှင်ထုတ်ခံ
၁၀ မိုးတိမ်သည် တဲတော်အပေါ်မှ ကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုးပွင့်ကဲ့သို့ ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံ နူသည်ကို မြင်လျှင်၊ ၁၁ အိုအကျွန်ုပ်သခင်၊ အကျွန်ုပ်တို့သည် မိုက်သောအမှုကို ပြုမိ၍ ပြစ်မှားသော အပြစ်ကို အကျွန်ုပ်တို့ အပေါ်မှာ တင်တော်မမူပါနှင့်။ အကျွန်ုပ် တောင်းပန်ပါ၏။ ၁၂ ဖွားစပင် ကိုယ်အသား တဝက်ပျက်သော အသေကောင်ကဲ့သို့ သူသည် မဖြစ်ပါစေနှင့်၊ ဟုတောင်းပန်လျှင်၊ ၁၃ မောရှေက၊ အိုဘုရားသခင်၊ သူ၏အနာကို ပျောက်စေတော်မူပါ၊ အကျွန်ုပ် တောင်းပန်ပါ၏၊ ဟုထာဝရဘုရားအား အော်ဟစ်လေ၏။ ၁၄ ထာဝရဘုရားကလည်း၊ သူ၏အဘသည် သူ၏မျက်နှာကို တံထွေးနှင့် ထွေးရုံမျှသာ ပြုလျှင်၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည် မဟုတ်လော။ ယခုတွင် သူ့ကို နှင်ထုတ်၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေစေ။ ထိုနောက်မှ တပ်ထဲသို့ တဖန်ဝင်စေ၊ ဟုမောရှေအား မိန့်တော်မူသည်အတိုင်း၊ ၁၅ မိရိအံကို နှင်ထုတ်၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေရ၏။ မိရိအံ အနာမပျောက်မည် တိုင်အောင် လူများတို့သည် ခရီးမသွားဘဲ နေကြ၏။ ၁၆ ထိုနောက် ဟာဇရုတ်အရပ်မှ ပြောင်း၍ ပါရန်တော၌ တဲဆောက်ကြ၏။
_________________________
Footnotes
၂ (a)
דִּבֶּ֣ר dib·ber မြန်မာကျမ်းစာအုပ်၌ "ဗျာဒိတ်ပေး" ဟုရေးထားရာ၊ "စကားပြော" ဟုရေးသင့်သည်။